ရေ ရှိမရှိ ကွမ်းရွက်ဖြင့် စမ်းသပ်နည်း

မြန်မာ့ရိုးရာနည်းဖြင့် မြေကြီးအောက်တွင် ရေ ရှိမရှိ ကွမ်းရွက်ဖြင့် စမ်းသပ်နည်း

ရေအသက်-တမနက်၊ ဆိုတဲ့စကားကို လူတိုင်း ကြားဖူးကြပါလိမ့်မယ်။ရေသည် မရှိမဖြစ် အဓိကလိုအပ်ချက် ဖြစ်နေသောကြောင့် ရေကို အမျိုးမျိုး ရှာဖွေနေကြပါသည်။ တောတောင် မြေပြန့် နေရာမလပ်အောင်ပင် လူတို့သည် ရေကိုရရှိအောင် ကြိုးစားလျက်ရှိကြပါသည်။

ကျေးလက်ဒေသများ၊ မြို့ပြနေရာများတွင်လည်း ရိုးရာပညာ၊ ခေတ်မီစက်ကိရိယာများဖြင့် လက်ရိုက်တွင်းများ၊ အဝီစိတွင်းများ စသည်ဖြင့် စမ်းသပ်ရှာဖွေနေကြရာတွင်တချို့လည်း အောင်မြင်၍ တချို့လည်း မအောင်မြင်ဘဲ ရှိကြပါသည်။

ထိုသို့ အဖြစ်အပျက်များကို စာရေးသူကိုယ်တိုင် မြင်တွေ့ခဲ့ရသောကြောင့်လက်တွေ့အောင်မြင်သော ရေရှိရာနေရာ၊ ပေအနက် စသည်ဖြင့် တိကျစွာရေရှိ-မရှိ စမ်းသပ်သည့် မြန်မာ့ရိုးရာ နည်းပညာကို ဘဒ္ဒန္တစန္ဒောဘာသ၊ ဥက္ကဋ္ဌ၊ မြို့နယ်သံဃနာယကအဖွဲ့၊ မဟာသိမ်တော်ကျောင်း သာသနာပြုဆရာတော်ကြီး၏ခြေတော်ရင်းတွင် ပညာဆည်းပူးရင်း သရက်တောကျောင်းရေတွင်း၊ ပြည်သူ့ဆေးရုံ ရေတွင်း၊ လက်ခုပ်ပင် ကျေးရွာရေတွင်းစသည်တို့ကို တူးစဉ်က ကြားနာ မှတ်သားခဲ့ရသည်များကို ပညာဝေငှလိုက်ပါသည်။

မိတ်ဆွေ၊ သင် ရေတွင်း တူးတော့မည်ဆိုလျှင် ရေရှိ-မရှိ၊ အတောင်ဘယ်လောက် တူးရမလဲ၊ တိကျစွာ တူးနိုင်ဖို့အရေးအတွက် ပထမဦးစွာ— ကွမ်းရွက် ၃၆-ရွက်ကို အညှာမဖြတ်၊ အဖျားမဖြတ်၊အပေါက်အပြဲမပါတာကိုရေဆေးပြီး (၁)မိနစ်မျှ ရေစိမ်ထားပါ။ဒုတိယဆင့်တွင် မိမိတူးလိုသည့်မြေနေရာကိုဝါးခြမ်းပြားဖြင့် ရေအစိုဓာတ်တွေ့သည့်တိုင်အောင်ခြစ်ပါ။

အစိုပြန်လာပါက ကွမ်းရွက် (၃၆)ရွက်ကို ညီအောင်ထပ်၍တူးမယ့်မြေပေါ်တွင် အထပ်လိုက်မှောက်ချပြီး ၄င်းအပေါ်ကနေ သပိတ်ဖြစ်စေ၊ နှုတ်ခမ်းညီသော သံပုံးဖြစ်စေ၊ လေလုံသည့် သပိတ်၊ ရေပုံးရရာကို ယူပြီး လေမဝင်အောင်မှောက်ထားပါ။နံနက်မိုးလင်းသည်နှင့် ၄င်းကွမ်းရွက်ကို အထပ်လိုက် လှန်ပြီး တရွက်ချင်း ဖယ်ကြည့်လိုက်ပါ။

ရေကြော ရေရှိမယ့်နေရာသည်ဆယ်တောင်အနက်မှာဆိုလျှင်ဆယ်ရွက်မြောက် ကွမ်းရွက်၏ မျက်နှာပြင်မှာ ရေဥကလေးတွေ စိုနေပြီး (၉)ရွက်ကနေ အောက်ဆုံးအရွက်တို့မှာခြောက်သွေ့နေပါသည်။ရေသည် (၁၅)တောင်မှာ ရှိမည်ဆိုလျှင် (၁၅)ရွက်မြောက်ကွမ်းရွက်တွင်၄င်း၊ အတောင် (၂၀)မှာရှိမည်ဆိုလျှင် အရွက် (၂၀)မြောက်ကွမ်းရွက်တွင်၄င်း ရေစိုစွတ်ပြီးတွဲခိုနေသည်ကိုတွေ့ရပါမည်။

ရေ ရှာ၍တိကျပြီး ခေတ်မီကိရိယာများမလိုဘဲအလွယ်တကူ ရမည်ဖြစ်ပါကြောင်း ရေးသားရင်း ဆရာတော်အား ဦးတိုက်လိုက်ပါသည်ခင်ဗျား။

ခရက်ဒစ် …ဒီလှိုင်း(သပိတ်ကျင်း)

Likes:
0 0
Views:
1508
Article Categories:
KNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *