ဉာဏ်ပညာကြီးမားလှသော ဆော်လမွန် ဘုရင်ကြီးအကြောင်း

မြန်မာလူမျိုးတို့သည်ပညာရှိသောသူကို မဟောသဓါနှင့်နှိုင်းခိုင်းသကဲ့သို့ ဥရောပနိုင်ငံသားတို့သည်လည်း ပညာ ဉာာဏ်ကြီးကျယ်သူကို ဆော်လမွန်ဘုရင်နှင့်နှိုင်းခိုင်းကြ၏။ ဆော်လမွန် (ရှောလမုန်)ဘုရင်ကားရှေးဟောင်းအဇ္ဇလီယယ် (ဣသရေလ)ပြည်(ယခုအစ္စရေးနိုင်ငံ)ကို အုပ်စိုးသောဘုရင်ဖြစ်သည်။

သူ၏ ဖခင်မှာအရှေ့အလယ်ပိုင်းတွင် အစ္စရေးလူမျိုးတို့၏ ပထမဦးဆုံးတိုင်းပြည်ဖြစ်သည့်ဣသရေလပြည်ကိုထူထောင်ခဲ့သည့်ပထမဦးဆုံး ဘုရင် King Saul နောက် ဒုတိယဘုရင် ဒေးဗစ် (ဒါဝိဒ်) ဖြစ်သည်ဟုဂျူးတို့၏ဓမ္မဟောင်းကျမ်း၌ပါရှိသည်။

ဘုရင်ကြီးဒေးဗစ်(KingDavid)တွင်ထင်ရှားသောဇနီးရှစ်ဦးရှိပြီးအမည်များမှာMichal_Ahinoam_Abigail_Maachah_Haggith_Abital_Eglah_Bathsheba တို့ဖြစ်၏။ သားသမီး (၁၈) ဦး ရှိပြီး ဆော်လမွန်သည် (၁၀)ယောက် မြောက်သား ဖြစ်သည်။

သူ့ကိုခရစ်တော်မပေါ်မှီ နှစ်ပေါင်း ၉၈၆ ခုနှစ်က ဂျေယုစလင်မြို့တွင်မွေးဖွားခဲ့သည်။ သူ့ကိုမွေးဖွားသည့်အချိန်တွင် အလွန်ထူးခြားဆန်း ကြယ်သော နိမိတ်များပေါ်ခဲ့သည်ဟု ကျမ်းစာက ဖော်ပြထားသည်။

ဆော်လမွန်ကလေးအား မွေးဖွားခြင်းကို သမ္မာကျမ်းစာ၏ ဓမ္မရာဇဝင် ဒုတိယစောင် (12:24_25) တွင် အောက်ပါအတိုင်းဖော်ပြပါရှိသည်။

” ရှောလမုန်မွေးဖွားခြင်း”

ဒါဝိဒ်သည် ဇနီးဖြစ်သူ (Bath-sheba )ဗာသရှေဘကို နှစ်သိမ့်စေသဖြင့်၊ သူ့ထံသို့ဝင်၍ ဆက်ဆံလေ၏။ သူသည်လည်း သားယောက်ျားကို ဖွားမြင်၍ ရှောလမုန်အမည်ဖြင့် အဘမှည့်လေ၏။ ထာဝရဘုရားသည် ထိုသူငယ်ကိုချစ်၍ ကျေးဇူးပြုတော်မူသဖြင့်၊ ပရောဖက်နာသန်ကို စေခိုင်း၍ ယေဒိဒိအမည်ဖြင့် မှည့်တော်မူ၏။

ဆော်လမွန်ဘုရင်ကြီး အကြောင်းကို ခရစ်ယာန်သမ္မာ ကျမ်းစာတွင်ပါဝင်သော ဓမ္မဟောင်းကျမ်းတွင် ဖေါ်ပြထားသည့် အပြင်၊ သူစီကုံးရေးသားခဲ့သော သုတ္တံ(နယပုံပြင်)ကျမ်း၊ ဒေသ နာ (အာစရိယောဝါဒ)ကျမ်းနှင့် ရှောလမုန်သီချင်း (ဂီတမေဒဏီ ကျမ်း)များကို ဂျူးဘာသာဝင်တို့၏ ဓမ္မဟောင်းကျမ်းတွင်ပါ တွေ့ရှိနိုင်သည်။

ဆော်လမွန်မှာ ခမည်းတော်ဒေးဗစ် (ဒါဝိဒ်) နတ်ရွာစံ၍ သူနန်းတက်သော အခါ အသက်(၁၂)နှစ်အရွယ်ရောက်ခါစမျှသာရှိသေးသည်။ ၁၀ယောက်မြောက် သားဖြစ်သော်လည်း နန်းရသည့်အကြောင်းကား ဘုရင်ကြီး ဒေးဗစ် (King David) လွန်ခါနီး အချိန်တွင် ယဇ်ပရောဟိတ် ဇာဒုတ် lပရောဖက် နာသန် l ယောယဒသား ဗေနာယ တို့ကို ခေါ်၍ သားဖြစ်သူ ဆော်လမွန်ကို ထီးနန်းအရာပေးရန်မှာကြားခဲ့သောကြောင့်ပင် ဖြစ်သည်။

ငယ်ရွယ်သော်လည်း သူ၏ပညာ ဉာဏ်ကား ကြီးကျယ်လှ၏။ အမှုအခင်းများကို စီရင်ရာတွင် မဟောသဓါကဲ့သို့ပင် တရားနည်းလမ်းကျ၍ အမှန်ရောက် အောင် စီရင်ဆုံးဖြတ်တတ်သဖြင့် အသက်ပင်ငယ်သော်လည်း တိုင်းသူပြည်သားများ၏လေးစားကြည်ညိုမှု့ကို ရရှိခဲ့လေသည်။ ထို့ပြင် သူ ၏ ဂုဏ်သတင်းမှာ ဣသရေလ ပြည်တင်မကပဲ အခြားသော တိုင်း နိုင်ငံများဆီမှာပါထင်ရှားကျော်စောလေသည်။

ဆော်လမွန်ဘုရင်၏ တိုင်းသူပြည်သားများကသာ မက၊ နိုင်ငံခြားမှဘုရင်များပင် သူ၏ပညာဉာာဏ် ကြီးကျယ် ကြောင်းကိုသိကြသဖြင့် သူ၏ အကြံဉာဏ်နှင့် အဆုံးအဖြတ် ကိုယူရန် လာကြရ၏။

ထိုခေတ်အခါက အရှေ့အလယ်ပိုင်းရှိ အင်အားကြီးမားလှသော အာရေဗျပြည်မှ ရှီးဗါးဘုရင်မသည် ဆော်လမွန်ဘုရင်အား ပြဿနာများ မေးရန် လက်ဆောင်ပဏ္ဏာ များယူဆောင်၍ အခြွေ အရံများစွာနှင့် မိုင်ပေါင်း ၁၅ဝဝ ရှိသော ခရီးဖြင့် သူ့ထံလာလေသည်။

ဆော်လမွန်ဘုရင်က ဘုရင်မ၏ ပြဿနာအားလုံးကို ကျေနပ်လောက်အောင် ဖြေနိုင် သောအခါ ဘုရင်မမှာ များစွာအံ့ဩလေ၏။ ထို့ကြောင့် သူမပိုင်ဆိုင်သော ရှေးဟောင်း အီဂျစ် ဆေးဝါးမန္တာန် ဂါထာမန္တယား ကျမ်းစာအုပ်များ နှင့် အာရေဗျလူမျိုးများကို အမိန့်ပေးစေခိုင်းနိုင်သော သူမ၏အခွင့်အာဏာနှင့်ညီမျှသော သူမ၏ လက်စွပ်ကိုပေးအပ်ခဲ့လေသည် ။ ထိုလက်စွပ်မှာ ရှီဗားလက်စွပ်ဟူ၍ ကျော်ကြားလေသည်။

ဆော်လမွန်ဘုရင်ကား လှပခန်းနားမှုနှင့် စည်းစိမ်ခံစားမှု တို့ကို နှစ်သက်မြတ်နိုးသူဖြစ်သည်။ သူ၏ ကြီးကျယ်သော ဉာဏ်ပညာကြောင့် အပြည်ပြည်မှ မင်းညီမင်းသားတို့က မိတ်ဖွဲ့ ကာ၊ လက်ဆောင်ပဏ္ဏာများပို့ကြရာ၊ ထူးထွေဆန်းပြားသော ပစ္စည်းအမျိုးမျိုးနှင့် သမီးကညာ များကို လက်ခံရရှိလေသည်။

ထို့ပြင် ဘုရင်ကြီးသည် ဖီနီရှန်များနှင့် ပူးပေါင်း၍ အရှေ့အလယ်ပိုင်း၊ဥရောပနှင့် အာရှမိုင်းနားရှိ တိုင်းနိုင်ငံများနှင့် ကုန်သွယ် ခြင်းကိုပြု လုပ်ရာ လွန်စွာကြွယ်ဝချမ်းသာခြင်းသို့ ရောက်ခဲ့လေ၏။ ဆော်လမွန်ဘုရင်သည် အဇ္ဇရီယယ်ပြည်မှ အလွန်ခရီးကွာ ဝေးသောဒေသများနှင့် ပထမဆုံးရောင်းဝယ် ဆက်ဆံမှုကို ပြုသူ ဖြစ်လေသည်။

တရုတ်သို့သွားသော ပထမဆုံး ပိုးလမ်းမကို ဦးစွာလမ်းဖောက်ခဲ့သူဖြစ်လေသည် ။ ဆော်လမွန်ဘုရင်ကြီး၏ လက်ထက်တွင် အဇ္ဇရီးယယ် ပြည်မှာ လွန်စွာချမ်းသာကြွယ်ဝ၍၊ စည်းစိမ်ဥစ္စာခံစားစံစားမှုအမျိုးမျိုး နှင့်လည်း ပြည့်စုံခဲ့သည့်အပြင် သူနန်းစိုက်ရာ ဂျေရူဆလမ်မြို့မှာ လည်း ကမ္ဘာ့အချက်အချာအကျဆုံးနှင့် အလှပဆုံးအစည်ကားဆုံးမြို့တော်တစ်ခုဖြစ်ခဲ့လေသည် ။

ဆော်လမွန်ဘုရင်သည် သူ၏ကြီးမားလှသော ဉာဏ်ပညာကို အသုံးပြုပြီး အမျိုးမျိုး အထွေထွေသောပညာရပ်များကိုလေ့လာလိုက်စားသင် ယူခဲ့လေသည် ။ အတိုင်းတိုင်းအနယ်နယ်ရှိပညာရှိများထံမှနည်းနာများခံယူပြီးအမြဲမပြတ် ပညာရှိဖွေဆည်းပူးခြင်းအမှုကိုပြုခဲ့သည်။

ထို့ကြောင့် ထိုခေတ်အခါက ဆော်လမွန်ဘုရင်သည် နတ်ဘုရားတစ်ပါးကဲ့သို့ အလွန်အစွမ်းထက်သော မှော်၊ ပဉ္စလက်၊ ဂါထာမန္တရား နှင့် ယန္တယားဗျူဟာ အတတ်များကို တဖက်ကမ်းခတ်တတ်မြောက်သည်ဟု ကျမ်းစာများ၌ရေးသားမှတ်တမ်းတင်ထားကြသည်။သူ့လက် ထက်တွင် သူ၏ ဘုန်းတန်ခိုးနှင့် အာဏာစက်အရှိန်ကြောင့်သေးငယ်ပြီးအလွန်ကြွယ်ဝချမ်းသာသော အစ္စရေးပြည်ငယ်လေးကိုမည်သည့် အင်အားကြီး လက်နက်နိုင်ငံမှကျူးကျော်စော်ကားဝံ့ခြင်းမရှိခဲ့ပေ။

ဆော်လမွန်ဘုရင်လက်ထက်တွင် စစ်မက်များ နည်းပါး လေရာ၊ သူသည်ဂျေရူဆလမ်းမြို့တော်ကြီး၌ဘုရားတန်ဆောင်းကြီးတစ်ခုကိုဆောက် လုပ်လေသည်။ ထိုတန်ဆောင်းတော်ကြီး (ဝါ) ဗိမာန်တော်ကားလွန်စွာခန်းနားလှ၍၊ လက်ဘနွန်မှသစ်ကောင်းများဖြင့် ဆောက်လုပ်ထား၏။ ရွှေ၊ ငွေ၊ ဆင်စွယ်တို့ ဖြင့်မွမ်းမံခြယ်လှယ်ထားသဖြင့်တဖိတ်ဖိတ်တောက်ပနေ၏။ ဆော်လမွန်သည် မိမိ၏ နန်းတော်ကြီးကို လည်းဤ သို့ပင်ခမ်း နားလှပအောင်ဆောက်လုပ်၍နေထိုင်ခဲ့လေသည်။

ဆော်လမွန်ဘုရင်သည် ဉာာဏ်ပညာကြီးမားမှုနှင့် ချမ်းသာ ကြွယ်ဝမှုကြောင့် ထင်ရှားကျော်ကြားခဲ့သော်လည်း အနှစ် ၄ဝ ခန့်မျှရှည်လျား သော နန်းသက်တွင် တစ်စတစ်စ အာဏာကို ပြင်းထန်စွာ သုံးစွဲလာခြင်း၊ လူအများလက်ခံယုံကြည်သော ဘာသာအယူဝါဒကိုးကွယ်ရေးတွင် ပေါ့ဆလာခြင်း၊ဆေးဝါးမန္တာန်၊နှင့် မှော်ပညာရပ်များကိုအလွန်အကျွံလေ့လာလိုက်စား လာခြင်းတို့ကြောင့် ပြည်သူလူထုမှာမကျေနပ်ဖြစ်လာ လေသည်။

ထို့ပြင် ဆော်လမွန်ဘုရင်ကြီးသည် ဤသို့ စည်းစိမ် ချမ်းသာကြီးစွာဖြင့် နေခြင်းကို အခြားပြည်မှ မင်းများကလည်းမလိုလားမရှုစိမ့်ဖြစ် လာကြလေ၏၊ ထို့ကြောင့် ဆော်လမွန် နတ်ရွာမစံမီနှစ်များတွင် အဇ္ဇရီယယ်ပြည် အခြေအနေမှာ လှုပ်ရှားလာ၍၊သူသေလွန်ပြီးသူ၏သား တော်လက်ထက်တွင်ကား၊ ဣသရေလပြည်မှာ နှစ်ပိုင်းကွဲသွားလေတော့သည်။

ထို့ပြင် အင်အားကြီးမားလှသော ရိုမန်များ၏ ကျူးကျော်ခြင်းကိုခံခဲ့ရကာ အစ္စရေးလူမျိုးအများအပြားမှာအီဂျစ်သို့ ကျွန်အဖြစ်ပို့ဆောင် ခြင်းခံခဲ့ရလေသည်။ ဆော်လမွန်ဘုရင်ကြီးသည် ဘီစီ ၉၈၆ ခုနှစ်တွင်ဖွားမြင်ခဲ့၍၊ ဘီစီ ၉၃၃ ခုနှစ်တွင်နတ်ရွာစံသည်ဟုခန့်မှန်းကြသည်။ သို့ရာတွင် သူ၏ သေဆုံးခြင်းနှင့်ပက်သက်၍ အမျိုးမျိုးဝိဝါဒကွဲပြားစရာ များရှိခဲ့သည် ။

ဆော်လမွန်ဘုရင် သည် သူ့အသက် ၅၀ ကျော်ခန့်တွင် အလွန်ရှေးကျသော ဆေးကျမ်းတခုကို လေ့လာပြီး ပေါက်မြောက် အောင်မြင်သွားကာ သူ့၏ခန္ဓာကိုယ်ကို ကမ္ဘာတည်သ၍ မပုပ်မသိုးအောင် စီမံပြီး မိမိကိုယ်ကို သတ်သေခဲ့သည် ဟူ၍၎င်း ၊ ကောင်းကင်ဘုံမှ အိန်ဂျယ်များက အရှင်လတ်လတ် သူ့ကို ကောင်းကင်ဘုံသို့ခေါ်ဆောင်သွားသည်ဟူ၍၎င်း ဒဏ္ဍာရီသဖွယ်ပြောဆိုရေးသားခဲ့ကြလေသည် ။

ဆော်လမွန်ဘုရင်ကြီး လေ့လာလိုက်စားခဲ့ပြီး သူထားရစ်ခဲ့သောနည်းလမ်းများ၊ ကျမ်းစာများကို အခြေခံပြီး ဂါထာ၊မန္တာန်နှင့်ဆေးဝါး အတတ်ပညာများကို လေ့လာလိုက်စားကြသော ဆန်းဂိုဏ်းများနှင့် အသင်းများလည်း ကမ္ဘာပေါ်တွင် ရာစုနှစ်ပေါင်းများစွာအလျိုလျို ပေါ်ပေါက်ခဲ့ရာ ယနေ့တိုင်ရှိနေကြသေးသည်။

ထို့အပြင် သူထားရစ်ခဲ့သော ရတနာများနှင့် ကျမ်းစာတိုက်မှာ ယနေ့ထက်ထိ မပျက်စီးသေးပဲသူ၏ရုပ်အလောင်းနှင့်အတူဆော်လမွန် ရတနာသိုက်အဖြစ် တည်ရှိနေသေးသည်ဟု ရှေးဟောင်းသမိုင်းပညာရှင်များနှင့်ဆန်းဂိုဏ်းများကယုံကြည်ကြလေသည် ။ ။

ကိုးကား။ မြန်မာ့စွယ်စုံကျမ်း

ဆော်လမွန်ဘုရင် – မောင်သုခ

Likes:
0 0
Views:
4154
Article Categories:
KNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *