မလိမ်ညာတတ်တဲ့သူ (သို့) အမေရိကန်တို့ ရဲ့ အသည်းနှလုံးထဲကသူ

တခါက အသက် ၆-နှစ်အရွယ်ရှိ လူကလေးတယောက်ရှိသည်။ တခုသောသူ့မွေးနေ့တွင်သူ့ဖခင်က သူ့ကို ပုဆိန်ကလေးတလက် လက်ဆောင်ပေးသည်။ လူကလေးမှာပုဆိန်ကိုတခါမှမပိုင်ဆိုင်ဖူးသဖြင့် အလွန်ကျေနပ်ဝမ်းသာသွားသည်။ ထိုနေ့တွင်ကျောင်းသွား သောအခါ ကျောင်းစာထဲ၌ စိတ်ပါဝင်စားခြင်းမရှိလှဘဲပုဆိန်အသစ်ကလေးဆီသို့သာ စိတ်ကရောက်နေသည်။

ကျောင်းဆင်းသည်နှင့် အိမ်သို့ တန်းပြန်လာခဲ့သည်။ ပုဆိန်အသစ်လေးကို ထုတ်ကြည့်ရင်း ပျော်ရွှင်နေမိသည်။ ပြီးသူ့ဘာသာတကိုယ်တည်း ရေရွတ်သည်။

ကြည့်စမ်း၊ အသွားက ထက်နေတာပဲ။ လက်ကိုင်ရိုးကလဲ ကိုင်ရတာ အဆင်ပြေတယ်။ ဒီပုဆိန်လေးဟာဘယ်အရာကိုမဆိုတိခနဲနေအောင် ဖြတ်တောက်နိုင်မှာပဲ။ ငါ တခုခုကိုစမ်းပြီး ဖြတ်ကြည့်ဦးမှ။

သည်လိုနဲ့လူကလေးသည် သူ့အိမ်အနောက်ဘက်ရှိခြံလေးထဲသို့ ခုန်ပေါက်ပြေးဆင်းသွားသည်။ ထို့နောက်ခြံထဲကအသေးငယ်ဆုံး သစ်ပင် တပင်ကိုရှာပြီးသူ့ပုဆိန်သစ်လေးနှင့်အားရပါးရခုတ်လေတော့သည်။ များမကြာခင်သစ်ပင်လေးမှာသူခုတ်သည့်နေရာမှစ၍ အခေါက်များ၊ အသားများပဲ့ထွက်ကုန်သည်။ သစ်ပင်ခြေရင်း ပတ်ပတ်လည်၌အခေါက်များ၊ သစ်စများ ပြန့်ကျဲနေပေတော့သည်။

သူသည် ယခုလို မိမိ ခုတ်ထစ်နေသည့်အတွက်သစ်ပင်လေးကိုအသေသတ်နေသလို ဖြစ်နေကြောင်းကိုမူ သတိမပြုမိခဲ့ချေ။ သည့်နောက် သူသည် မောပန်းလာ၍ ပုဆိန်ကလေးအားစမ်းသပ်မှုကိုရပ်နားလိုက်ပြီးအိမ်ထဲပြန်ဝင်ကာညစာစားသည်။

ညစာစားပြီးနောက် ဖခင်နှင့်အတူ ခြံထဲဆင်းကာ သူ တနေ့တာ ကျောင်းမှာ ဘာတွေဖြစ်ပျက်ခဲ့သည်ကို သူ့ဖခင်အား ပြန်လည်ပြောပြသည်။ သားအဖနှစ်ဦး စကားစမြည်ပြောရင်းခြံထဲဟိုဟိုသည်သည် လျှောက်ကြည့်ရင်း ညနေခင်းကလူကလေးအစမ်းခုတ်ကြည့်ခဲ့သော သစ်ပင်ငယ်နားရောက်သွားကြသည်။ သည်အခြင်းအရာကိုမြင်တော့ဖခင်မှာအလွန်အမင်းဒေါသထွက်သွားသည်။

ဒါ ဘယ်သူလုပ်တာလဲ-ဟု ကျယ်လောင်စွာ အော်ဟစ်မေးလေသည်။လူကလေးသည် သူ့ဖခင်နောက်ကွယ်နားမှာ ခပ်ရို့ရို့ကလေးနှင့် တုန်တုန်ယင်ယင် ဖြစ်နေရှာပေသည်။ သူ့ဖခင်က လူကလေးဘက်သို့ လှည့်၍ မေးသည်။ဒါ ဘယ်သူလုပ်တယ်ဆိုတာ သား သိလား။ ငါသားလုပ်မယ်လို့ အဖေမထင်ဘူး။ ဟုတ်တယ်မလား သား..ဘယ်သူတွေလုပ်သွားတာလဲ အဖေ့ကိုပြော..

လူကလေးက အသံတိုးတိုးကလေးနှင့်ညင်ညင်သာသာ ပြောသည်။အဖေ့ကိုသားလိမ်မပြောချင်ပါဘူး။အဖေမွေးနေ့လက် ဆောင်အဖြစ်ပေးတဲ့ ပုဆိန်ကလေးကိုသားစမ်းကြည့်တဲ့အနေနဲ့ သစ်ပင်ကိုခုတ်ကြည့်ထားတာပါ။

လူကလေး၏ဖခင်သည် လူကလေးကို အပြစ်ဒဏ် ပေးလိမ့်မည်ဟု ထင်ကြပေလိမ့်မည်။သို့သော် ဖခင်သည် လူကလေးကို အပြစ်ဒဏ်မပေးခဲ့ပါ။ သားကို လက်နှစ်ဖက်နှင့် မ,ချီလိုက်ကာ ကြင်နာစွာ နမ်းလိုက်သည်။ ပြီး ဝမ်းသာအားရ ဆိုသည်။

သားအဖေ့ကို မလိမ်ညာဘဲအမှန်အတိုင်းပြောလို့ အဖေဝမ်းသာတယ်သား။ အဖေ့အနေနဲ့ သား လိမ်ညာစကား တခွန်း ဆိုတာကို ကြားရမှာထက် အဖေ့ရဲ့ဟောဒီခြံထဲကသစ်ပင်တွေအားလုံး ဆုံးရှုံးသွားတာက ပိုကောင်းပါဦးမယ်သား။

သည်လိုနဲ့လူကလေးသည် ရရင့်ပြီးရိုးသားမြင့်မြတ်သော လူကောင်းလူတော်တယောက် အဖြစ် ကြီးပြင်းလာခဲ့သည်။ လူတိုင်းက သူ့ကို အမြဲပင်ယုံကြည်စိတ်ချကြသည်။သူသည်စစ်တပ်ထဲတွင် ဗိုလ်ချုပ်ကြီးတဦးဖြစ်လာရုံမျှမကသူ့တိုင်းပြည်၏ အကြီးမြတ်ဆုံးသော လူသားတဦးဖြစ်သည့် သမ္မတ ရာထူးကိုပင် ရရှိခဲ့သည်။

သူသည် စစ်တိုက်ကျွမ်းကျင်မှုတွင်လည်း ပထမ၊ ငြိမ်းချမ်းရေး ရယူရာတွင်လည်း ပထမ၊ သူ့တိုင်းပြည်ရှိ ပြည်သူလူထုများ၏ ရင်ထဲ နှလုံးသားထဲတွင်လည်း ပထမသမ္မတအဖြစ်နှင့် သမိုင်းတနေရာတွင် မော်ကွန်းတင်ခြင်း ခံရသည်။

သူကား အမေရိကန်သမ္မတ ဂျော့ချ်ဝါရှင်တန် (၁၇၃၂-၁၇၉၉) ပင် ဖြစ်ပေသည်။

Likes:
0 0
Views:
3056
Article Categories:
KNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *