ဆရာအောင်သင်း ပြောခဲ့သမျှ တသသ

အိမ်ထောင်ပြုခြင်း

ယောင်္ကျားတစ်ယောက် အိမ်ထောင်ပြုလိုက်ခြင်းဟာ လုပ်ဆောင်ဖွယ် ကိစ္စတော်တော်များများထဲကအရေးကြီးတဲ့ ကိစ္စတစ်ခုကိုပြု လိုက်တာပဲ။(မြန်မာတို့ရ့ဲ လူ့အဖွဲ့စည်း ပြဠာန်းချက်အရ) မိန်းမတစ်ယောက် အိမ်ထောင်ပြုလိုက်တာဟာအရေးအကြီးဆုံး ကိစ္စတစ်ခုကို ဆောင်ရွက်လိုက်ရတာဖြစ်နေတယ်။

အသိပညာနှင့် ထိန်းကွပ်သောအလှ

မိန်းကလေးတစ်ယောက်ဟာ မွေးသည်ကစပြီး သေသည်အထိသုံးစွဲသွားနိုင်တာဟာ ရုပ်ရည်မဟုတ်ဘူး။ အသိပညာသာလျှင်ဖြစ်တယ်ဆို တာကိုလည်းသိတယ်။ လှပတဲ့ရုပ်ရည်ကိုပညာနဲ့ ကွပ်ပေးလိုက်တဲ့အခါမှာအလှဟာပိုပြီးတောက်ပြောင်လာတယ် ဆိုတာကိုလည်းသိတယ်။

ဒါကြောင့် အပေါင်းအသင်း ပတ်ဝန်းကျင်ကစပြီးသတိကြီးစွာနဲ့ဆင်ခြင်နေထိုင်တယ်။ အဲဒီမိန်းကလေးမျိုးဟာ ရှားတာတော့အမှန်ပဲ။ ဒါပေမဲ့ပတ်ဝန်းကျင်ကကိုပဲ ပြန်ပြီးလေးစားရိုသေခြင်း၊ချစ်ခင်ခြင်းခံရတာကတော့အဲဒီမိန်းကလေးမျိုးတွေသာလျှင်ဖြစ်ပါတယ်။

လူ့ဘဝတွင် အရာရောက်လှသောအရာ

ပြန်ပြီးတစိမ့်စိမ့် စဉ်းစားကြည့်လိုက်တော့လူ့ဘဝတွင်ဘယ်သူကမှ တရားဝင်အခွင့်အရေးမပါဘဲလျှက် အရာရောက်နေသည်မှာ အချစ်ဆိုသောကိစ္စပင်ဖြစ်သည်။

အချစ်နှင့်မျက်စိ

အချစ်မှာ မျက်စိမရှိဘူးနော်၊ မှန်တယ်။ ဒါပေမယ့် ဦးနှောက်မှာတော့ဖြင့် မျက်စိရှိရလိမ့်မယ်။

အချစ်ကို အချိုသတ်ထားပါ

ပညာသင်နေတဲ့အခါမှာ အိမ်ထောင်ကျမသွားအောင် အချစ်ကို အချိုသတ်ထားပါ။

ဒေါင်းမြီးတွေရဲ့အလှ

ဒေါင်းမြီးရဲ့အလှဟာ ဒေါင်းတွေရဲ့အသက်ကို အန္တရာယ်ပြုနေတယ် ၊ ဒေါင်းသားကိုစားချင်တာထက် ဒေါင်းမြီးကိုလိုချင် ကြလို့ဒေါင်းတွေ ကိုသတ်နေကြတာ မဟုတ်လား။ မိန်းကလေးတွေမှာလည်း လှရင် အဲဒီအလှဟာ အန္တရာယ်တစ်ခုလို ဖြစ်လာတက်တယ်။

ငယ်ငယ်မှာ စန်းပွင့်လွန်းရင်

လှရင် စန်းပွင့်စမြဲပေါ့ ။ ဒါပေမယ့် ငယ်ငယ်မှာ‘စန်းပွင့်’ လွန်းရင် ဘဝမှာ လာဘ်တိတ်သွားတက်တာကို သတိပြုသင့်တယ်။

အမှားနဲ့ ခဲဖျက်

မှားတာတော့ရှိကြစမြဲပေါ့ ၊ လူတိုင်းမှားတတ်ကြလို့လည်း ခဲတံတွေမှာ ခဲဖျက်တပ်ထားရတာပေါ့ ၊ ဒါပေမယ့် တချို့ အမှားတွေက ခဲဖျက်နဲ့ဖျက်လို့မရဘူးနော်။

အချိန်ဖြုန်းတီးမှု

အထူးသဖြင့် (ကျွန်တော်တို့လူငယ်များ) ရက်ရက်ရောရော ဖြုန်းတီနေသည့် အရာမှာ အချိန်ဖြစ်သည်။ လူငယ်တိုင်းသည် အချိန်ကို ဘယ် လောက်ပင် သုံးသုံး ထာဝရ မကုန်ခန်းနိုင်သော အရာကြီးဟု အမှတ်မထင် အောက်မေ့ နေတက်ကြပါသည်။စင်စစ် အားဖြင့် အချိန်ဆို သည်မှာ ဘယ်တော့မှ ပြန်မရနိုင်အောင် ဆုံးရှုံးတက်သည့် အရာ ဖြစ်ကြောင်း နိုးနိုးကြားကြား သတိပြုသင့်ပါသည်။ လူငယ်များသာမက နိုင်ငံဝန်ထမ်း အချို့ပင်လျှင် နိုင်ငံတော် ပိုင် အချိန်များကို ဖြုန်းတီးနေတက်ကြပါသည်။

လောကဓံ

လူဆင်းရဲပေမယ့် စိတ်မဆင်းရဲစေနဲ့။ စီးပွားကျပေမယ့် စိတ်မကျစေနဲ့၊ ချမ်းသာခြင်း ဟာ သင်္ခါရပဲလို့ ပြောကြတယ်။ ဆင်းရဲခြင်းဆိုတာလည်း သင်္ခါရပဲဆိုတာ မြဲမြဲမှတ်ထား။ နင်တို့ လင်မယား အမြဲနွမ်းပါးနေမှာ မဟုတ်ဘူး။ပိုင်ရှင်မရှိတဲ့ခွေးလေခွေးလွင့်တောင်မှသူ့ဘဝမှာ နေ့ကောင်း ရက်သာ ရက်ရာဇာဆိုတာ ရှိစမြဲပဲ။ ဘာမှအားမငယ်နဲ့အခိုက်အတန့်လို့သဘောထားပြီးကြိုးစားကြ ၊ လင်မယားချင်း စကားမများအောင် နေကြ။

ကြီးပွားမှုနှင့်ဗေဒင်

ကိုယ်ဖတ်ဖူးတဲ့ အတ္ထုပ္ပတ္တိတွေကို မှတ်မိသလောက်ပြန်ပြီး စဉ်းစားကြည့်လိုက်တော့ ဗေဒင်လက္ခဏာကဟောလိုက်တဲ့အတိုင်းဆောင်ရွက်လို့ ကြီးပွားလာခဲ့ရတယ်ဆိုတာမျိုး တစ်ခါမျှမတွေ့ဖူးပါဘူး။ စိတ်ဆန္ဒပြင်းပြလွန်းလို့ အောင်မြင်ကြီးပွားသွားတယ်ဆိုတာမျိုးကိုပဲ တွေ့ရတတ် လေ့ရှိပါတယ်။

အပေါင်းအသင်းပတ်ဝန်းကျင်

လူဆိုတာ ပတ်ဝန်းကျင်တစ်ခုထဲမှာတော့ အမြဲရောက်နေရတာမဟုတ်လား။ ဒီတော့ . . .

(၁) “ အပေါင်းအသင်း ပတ်ဝန်းကျင်ဟာသိပ်အရေးကြီးတယ် ” ဆိုတာကို ခိုင်ခိုင်မာမာ လက်ခံထားသင့်ပါတယ်။

(၂) မိမိပတ်ဝန်းကျင်ကို မကြာခဏ နိုးနိုးကြားကြားစစ်ဆေးနေသင့်တယ်။

(၃) မကောင်းတဲ့ ပတ်ဝန်းကျင်ကို စွဲလမ်းတွယ်တာနေမိပြီဆိုရင် . . . “ ငါဘ၀ နစ်မွန်းဖို့သေချာနေပြီ ” ရယ်လို့ ရဲရဲဝံ့ဝံ့ ခိုင်ခိုင်မာမာ သတ်မှတ်သင့်ပါတယ်။

(၄) မကောင်းတဲ့အစွဲ၊ မကောင်းတဲ့ ပတ်ဝန်းကျင်ကို ကောင်းတဲ့အစွဲ၊ ကောင်းတဲ့ပတ်ဝန်းကျင်နဲ့အစားထိုးပြီး ဖြတ်ဖို့ နိုးနိုးကြားကြား ကြိုးစားသင့်ပါတယ်။

လူမိုက်နှင့် လူလိမ္မာ

လူလိမ္မာတို့သည် တစ်ပါးသူ၏ အမှားမှ သင်ခန်းစာကို ယူတတ်၏ ။

လူမိုက်တို့ကား ကိုယ်တိုင်မှားမှ သင်ခန်းစာကိုရကြ၏ ။

ပို၍ မိုက်မဲသောသူတို့ကား ကိုယ်တိုင် မှားပါလျက် နှင့်ပင် သင်ခန်းစာ မယူတတ်ကြကုန် ။

အားလပ်ချိန်၏ အန္တရာယ်

အားလပ်ချိန်များသည် လူငယ်များအား ပျက်စီးခြင်းတွင်းဝသို့ပို့ပေးရန် အသင့်စောင့်ဆိုင်းနေသောကူးတို့ဆိပ်ကြီးများသဖွယ် ဖြစ်နေတက်သည်။

တိုင်းပြည်ကို မြှင့်လိုလျှင်

လူကတိရစ္ဆာန်ထက်သာသည်ဟုဆိုနိုင်သည်။ သို့သော် တိရစ္ဆာန်က လူထက်သာသောနေရာပေါင်းများစွာ ရှိသည်။ေခွးတစ်ကောင်းသည် သူ့သခင်၏အနံ့ကို ခွဲခြားသိနိုင်သည်။ ဆင်သည်လူထက်အားကြီးသည် လူသည် ငါးလောက် ရေမကူးနိုင် သမင်းပြေးသလောက်မပြေးနိုင်။ သို့သော် လူကဉာဏ်ပညာကြီးသည်။ ထို့ကြောင့် မိမိထက် အင်အားကြီးသော ဆင်ကိုချွန်းပေါက်ပြီး သစ်ဆွဲခိုင်းသည်။သမင်ကိုလေးမြားဖြင့် ပစ်ခတ်စားသောက်သည်။ ဤသို့အားဖြင့် လူသည်ဉာဏ်ပညာကိုလက်နက်ပြပြီးတိရစ္ဆာန်များကိုလွှမ်းမိုးနိုင်ခဲ့သည်။

လူကပညာကြီးသောကြောင့် တိရစ္ဆာန်များကို လွှမ်းမိုးနိုင်ခဲ့သည်ဆိုပါလျှင် လူအချင်းချင်းတွင်လည်း ပညာကြီးသူက ပညာနည်းသူကို လွှမ်းမိုးနိုင်မည်သာသဘာဝပင်ဖြစ်သည်။ ထို့အတူ ပညာကြီးသောလူမျိုးက ပညာနည်းသောလူမျိုးကို လွှမ်းမိုးနိုင်ပေလိမ့်မည်။ ထို့ကြောင့် မိမိတိုင်းပြည်နှင့်လူမျိုးကို မြှင့်တင်လိုသည်ဆိုပါလျှင် မိမိ တိုင်းပြည်နှင့်လူမျိုးကို စောင့်ရှောက်လိုသည်ဆိုပါလျှင် ပညာမြင့်အောင် ကြိုးစားကြပေလိမ့်မည်။

အရည်အချင်း နှစ်ရပ်

ကျွန်တော်သာ လူငယ်တွေကိုလေ့လာသင်ကြားပေးရမယ်ဆိုရင် လူငယ်တွေကို အရည်အချင်းနှစ်ရပ်နဲ့ပဲပြည့်စုံအောင် သင်ကြားပေးပါ့မယ်။  အဲဒါတွေက

(၁) သတ္တိကောင်းအောင်

(၂) ကိုယ်ပိုင်ဉာဏ် သုံးတတ်အောင်

(၁) အနေနဲ့ သတ္တိကောင်းအောင်ဆိုတာက လက်သီးချင်း ထိုးဝံ့အောင်၊ ရိုက်ဝံ့နှက်ဝံ့အောင်၊ သတ်ရဲသေရဲအောင်ဆိုတဲ့ ကာယဆိုင်ရာ သတ္တိမျိုးကို ဆိုလိုတာမဟုတ်ပါဘူး။ မမှန်တာကို မလုပ်ဘူး၊ မတော်လောဘမရှိစေရဘူး၊ စည်းစိမ်ချမ်းသာကို မတ်မောပြီး မတော်တာကို မလုပ်ဘူး၊ လျှာပေါ်မှာ မြက်ပင်ပေါက်ချင် ပေါက်ပါစေတော့ မဟုတ် မတရားတဲ့နည်းနဲ့ ထမင်းရှာမစားဘူးဆိုတဲ့ စာရိတ္တသတ္တိမျိုး ကိုဆိုလိုတာပါ။

(၂) အနေနဲ့ ကိုယ်ပိုင်ဉာဏ်သုံးတက်အောင် လေ့ကျင့်ပေးမယ်ဆိုတာက ကိုယ်ပိုင်ဉာဏ်န့ဲ အမှားအမှန်ကိုချင့်ချိန်တက်အောင် လေ့ကျင့်ပေးလိုက်ခြင်းပါပဲ။  ကိုယ်ပိုင်ဉာဏ်သုံးတဲ့ အလေ့မဖွံ့ဖြိုးရင် လူငယ်တွေမှာအန္တရာယ်ကြီးတတ်ပါတယ်။

သူ့ကျွန်ဖြစ်ရခြင်း၏အကြောင်း

သူ့ကျွန်ဖြစ်ခဲ့တဲ့ ကိစ္စ ဘာကြောင့်ဖြစ်ခဲ့ရသလဲ။ သုံးကြိမ် အင်္ဂလိပ်နဲ့စစ်တိုက်တာ သုံးကြိမ်စလုံး ရှုံးတယ်။ ဘာဖြစ်လို့ရှုံးလဲ။ ပညာမတတ်လို့ ရှုံးတာ။ ဒါပဲ။ဗန္ဓုလလောက် မျိုးချစ်စိတ် ရှိဦးမလား။ဗန္ဓုလထက်ဘယ်သူ သတ္တိကောင်းဦးမလဲ။

ဟိုက “ထုန်း” ဆို(ပစ်လိုက်တော့)သေရော။ ကိုယ်ကမှ ပြန်မ “ထုန်း”နိင်ဘဲ။ ခံရတာပေါ့။

ဘာမှမဖြစ်နိုင်တဲ့သူ

သတ္တိမရှိတဲ့သူဟာ ဘာမှမလုပ်ဝံ့ဘူး။ ဘာမှမလုပ်ဝံ့ရင်ဘာမှမဖြစ်နိုင်တော့ဘူး။ ဒါကြောင့် သတ္တိဆိုတာဟာ အရာရာတိုင်းရဲ့ အကြောင်း ခံကြီးဖြစ်တယ် ဆိုတာကို သေချာသဘောပေါက်ထား သင့်ကြပါတယ်။ သတ္တိနဲ့ပတ်သက်ပြီး စပိန်လူမျိုးစာရေးဆရာကြီး “ဆာဗင်တီး” ပြောဖူးတာကို သတိရလိုက်မိ ပြန်တယ်။

သူပြောတာက. . .စည်းစိမ်၊ ဥစ္စာ ဆုံးရှုံးလျှင် များစွာဆုံးရှုံး၏။ ခင်ပွန်းကောင်းတစ်ယောက် ဆုံးရှုံးလျှင် ပို၍ဆုံးရှုံး၏။ သတ္တိဆုံးရှုံးလျှင်ကား အားလုံးကုန်ပါလေပြီတဲ့။

စိတ်အလို မလိုက်မှားမှု

အမေရိကန်ခရစ်ယာန် ဘုန်းတော်ကြီး ” အာရ်ဒီ၊ ဟစ်ချ်ကော့” ပြောဖူးတဲ့စကားလေးဟာ  တယ်ပြီးမှတ်သားဖို့ ကောင်းတယ်။
“အောင်မြင်မှုဟူသမျှ၏ သော့ချက်ကား စိတ်အလိုကို မလိုက်မှား  မှုပေတည်း။ သင့်ကိုယ်သင်သာလျှင် ထိန်းသိမ်းနိုင်စွမ်းရှိပါစေ၊ သင်သည် ပညာတက် တစ်ယောက် ပေတည်း။ ထိုအချက်ကင်းမဲ့နေပါလျှင် အခြားဘာတွေကိုပဲ တတ်နေနေ အချည်းအနှီးသာတည်း” တဲ့။

စိတ်ပျက်ပေမယ့် လက်မပျက်ပါနဲ့

စိတ်ပျက်ပေမယ့် လက်တော့မပျက်လိုက်ပါနဲ့ ၊ “စိတ်ပျက်လက်ပျက်” ဆိုတာမျိုးမလုပ်လိုက်ပါနဲ့ ၊ ဆိုလိုတာက လေ့ကျင့်ကြိုးပမ်းနေမှုကို လျှော့မပစ်လိုက်ပါနဲ့။

ဆုမတောင်းနဲ့ ဆုပန်ပါ

ယောင်္ကျားကောင်းတို့မည်သည် ဆုမတောင်းရဘူး၊ ဆုပန်ရတယ်။ မင်းတို့ယုံကြည် ကိုးကွယ်ရာ ဘုရားရှေ့မှာ တရိုတသေ၊ အလေးအနက် ပူဇော်ကန်တော့ပြီး “တပည့်တော်ဟာ မိဘထက် တစ်ဆင့်မြင့်တဲ့မျိုးဆက်သစ်ကို ထူထောင်နိုင်တဲ့ ယောင်္ကျားကောင်း (မိန်းမမြတ်) ဖြစ်အောင် ဒီကနေ့ကစပြီး မဖြစ်မနေအသက်ပဲသေသေ ကြိုးပမ်းပါတော့မည် လို့ အရှင်ဘုရားရှေ့ မှာကတိပြုဆုပန်ပါတယ်ဘုရား”
လို့သစ္စာပြုဝံ့သလား။ သစ္စာပြုဝံ့တယ်ဆိုတဲ့ အတိုင်းအတာကြီးထိ မဟုတ်ရင်တောင်မှ အလေးအနက် နှုတ်ကမြွက်ပြီးဆုပန်ဝံ့သလား။ အဲဒီ ပြဒါးတိုင်နဲ့မင်းရ ဲ့ ဆန္ဒပြင်းအားကို တိုင်းတာကြည့်ပေတော့ကွာ။

လူရာဝင်ချင်ရင် အသုံးကျအောင်လုပ်

ပညာတတ်ချင် တတ်မယ်၊ ဘွဲ့ရချင်ရမယ်၊ အသုံးမကျရင် လူရာမဝင်ဘူး။ ပတ်ဝန်းကျင်အတွက် မင်းဟာ အမြဲတမ်း အသုံးဝင်နေအောင် လုပ်ပါ။ တချို့ဆိုရင် ပညာမတတ်ဘူး၊ ဒါပေမယ့် ရပ်ကွက်ထဲမှာ သူ့နည်းနဲ့သူ အသုံးဝင်အောင်လုပ်တယ်။ အဲဒါကြောင့် လူရာဝင်တယ်ဆိုတာ ကိုယ့်ကိုယ်ကို အသုံးဝင်အောင် လုပ်တာ။ ဘာမှ အသုံးမဝင်ရင် အသုံးမကျတဲ့ကောင် ဖြစ်သွားမှာပေါ့။

သိက္ခာနှင့် လိပ်ပြာ

အများမိုးခါးရေသောက်၊ ကိုယ် သောက်တဲ့ ၊ အူမ တောင့်မှ သီလစောင့်နိုင်မည် တဲ့ ၊ ဤစကားပုံများကို မည်သို့ သုံးစွဲနေကြသနည်း။
မဟုတ်တာလုပ်သည့် ကိစ္စအတွက် ကိုယ့်ဘာသာလိပ်ပြာလုံအောင် အသုံးချနေသည်ကိုသာ တွေ့ကြရမည် ဖြစ်ပါသည်။ မဟုတ်တာလုပ်မိလျှင် လိပ်ပြာငယ်ကြရပါမည်။ လိပ်ပြာမလုံ ဖြစ်ရပါလိမ့်မည်။

လိပ်ပြာလုံအောင် ထိုစကားပုံများနှင့် လိပ်ပြာခြုံထားလိုက်ခြင်းသာ ဖြစ်နေပါလိမ့်မည်။ မကောင်းတာ လုပ်နေသည်ကိုပင်လျှင် လိပ်ပြာလုံသွားပြီဆိုတော့ စာရိတ္တပျက်ခြင်းတွင် ဆုံးခန်းတိုင်သွားပြီဟု ဆိုကြရ ပါတော့မည်။

ပြသဒါး နှင့် ရက်ရာဇာ

ကိုယ်ရပိုင်ခွင့်မဟုတ်တဲ့ မရထိုက်တဲ့အခွင့်အရေး ၊ မရထိုက်တဲ့ငွေကြေးကို ယူကိုမယူန့။ဲ (အဲဒါ ပြသဒါး ပဲ)။ ပြသဒါး ပိုက်ဆံကို မရှာနဲ့။ ရက်ရာဇာ ပိုက်ဆံကိုရှာပါ။ ရသင့်ရထိုက်တဲ့ ရက်ရာဇာပိုက်ဆံကိုရမှ မောင်ရင်လည်း ရာဇာဖြစ်နိုင်မှာပေါ့။ နို့မဟုတ်ရင် ဘဝလည်း ပြသဒါး ဘဝကြီးဖြစ်သွားမှာပေါ့။

နည်းနည်းဖတ်၊ များများစဉ်းစား

အများကြီးဖတ်ပြီး နည်းနည်းမှမစဉ်းစားရင် ဗဟုသုတများတဲ့ လူညံ့တစ်ယောက်ပဲဖြစ်နေမှာပေါ့။ အများကြီးစဉ်းစားပြီး ရေးထားတဲ့ စာအုပ်ကောင်းနည်းနည်းလောက်ကိုဖတ်ပြီး ကိုယ်တိုင်ကများများစဉ်းစားနိုင်ရင် ပိုကောင်းတယ်ဗျ။

ရှက်စရာကို ရှက်တတ်ရမှာပဲ

သမိုင်းကို ပြန်ပြီး လေ့လာလို့ ရှက်စရာတွေ့ရင်၊ ကိုယ့်လူမျိုး ညံ့ခဲ့တာတွေ ပြန်တွေ့ရင် ရှက်ကို ရှက်ရမှာပဲ။ ရှက်စရာကို ရှက်ရမှန်းကို မသိတာက ပိုပြီးရှက်စရာ ကောင်းတယ်၊ အဲဒီလို ညံ့တဲ့အဖြစ်မျိုးကို နောက်ထပ်မရောက်ရအောင် တစ်မျိုးသားလုံး တက်ညီလက်ညီကြိုးစားကြရမှာပဲ မဟုတ်လား။

သေရမှာထက် ကြောက်တဲ့ ကိစ္စ

အချို့ကိစ္စများကို ခဏလောက်ကလေး ကြောင်းကျိုးဆက်စပ်ပြီး စဉ်းစားလိုက်မည်ဆိုလျှင် ယုတ္တိရှိကြောင်း၊ ယုတ္တိမရှိကြောင်း သိလိုက်နိုင် ပါသည်။ (သို့သော် မစဉ်းစားချင်ကြပါ။) ထို့ကြောင့် အချို့သောပညာရှိကြီးများက လူတွေအကြောက်ဆုံးသော အရာမှာစဉ်းစားခြင်း ဖြစ်သည် ဟု ဆိုခ့ြဲကခြင်း ဖြစ်ပါသည်။ ကမ္ဘာကျော်ဒဿနပညာရှင်ကြီး ဘာထရန်ရပ်ဆယ်လ်က လူအားလုံးလောက်နီးနီးမှာ စဉ်းစားရမည် ကို သေရမှာထက်ပိုကြောက်ကြသည်။ ထို့ကြောင့် မစဉ်းစားဘဲ သေကုန်ကြခြင်း ဖြစ်သည် ဟုရက်ရက်စက်စက်ပြောခ့ြဲခင်းမှာ မလွန်လှဟု အောက်မေ့မိပါသည်။

(ဆရာအောင်သင်း၏ အတွေးစကားများ စာအုပ်မှ ထုတ်နှုတ်ထားခြင်း ဖြစ်ပါသည်)

Likes:
0 0
Views:
1480
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *