ထူးဆန်းသော ကမ္ဘာကျော် ဂန္ဓဝင်စာရေးဆရာကြီး (သို့) လီယိုတော်စတွိုင်း

ဘာသာစကားအမျိုးမျိုးဖြင့် ရေးသားထုတ်ဝေထားသည့် ကမ္ဘာကျော်ဝတ္ထု အများအပြားရှိသည့်အနက် စစ်နှင့်ငြိမ်းချမ်းရေး ဝတ္ထုကိုလူအများ သိဖူးဖတ်ဖူးကြသည်။ ။ စစ်နှင့်ငြိမ်းချမ်းရေးဟူသည့်ကမ္ဘာကျော်ဝထ္ထုစာအုပ်ကိုရေးသားခဲ့သူသည်လီယိုတော်စတွိုင်းဖြစ်သည်။တော်စတွိုင်း သည် စာရေးသူ သက်သက်သာမဟုတ်ဘဲ ၁၉ ရာစု ရုရှနိုင်ငံ၏ မြေပိုင်ရှင်ပဒေသရာဇ်များကိုဆန့်ကျင်သောနင်းပြားတစ်ဦးလည်းဖြစ်၏။

ရုရှစာ‌ပေသမိုင်းတွင် အထင်ရှားဆုံးဖြစ်‌သောစာ‌ရေးဆရာကြီးကောင့်လီယိုနီကိုလား‌အေဗစ်တော်စတွိုင်း(ရုရှအသံထွက်အားဖြင့်လျက် နယိကပ်လာ‌ယေ ဗျစ် တာ့လစတွိုင်) သည်ရုရှနိုင်ငံတူးလာနယ်ယာစယာပိုလီအန်နာ( Yasaya Polyana ) ကျေးရွာတွင်ခရစ် ၁၈၂၈ ခုနှစ်၌ ပီတာဧကရာဇ်ဘုရင် လက်ထက်မှစ၍ထင်ရှား‌သောမှူးမတ်မျိုးရိုးမှ မွေးဖွားခဲ့၏။ သူ့မိဘများသည်လယ်မြေအများအပြားပိုင်ဆိုင်ကြွယ်ဝချမ်း သာသောဆွေကြီးမျိုးကြီးများ ဖြစ်ကြပြီးကျေးကျွန်အများအပြားလည်းရှိသည်။

တော်စတွိုင်းသည်မွေးချင်း ၅ ယောက်မှာ ၄ ယောက်မြောက်ဖြစ်သည်။ မိခင်ဖြစ်သူသည်တော်စတွိုင်း ၂ နှစ်သားအရွယ်ကပင်ကွယ်လွန် သွားခဲ့ပြီးဖခင်ကလည်းတော်စတွိုင်း ၉ နှစ်သားတွင်ကွယ်လွန်သွား၍ဆွေမျိုးများကတော်စတွိုင်းကိုမွေးစားကြည့်ရှုစောင့်ရှောက်ထား ခဲ့ကြသည်။ တော်စတွိုင်းသည် စည်းစိမ်ဥစ္စာတို့ကိုစွန့်လွှတ်၍သူဆင်းရဲဘဝ၌ ‌နေထိုင်ကာအဓိဋ္ဌာန်ပါရမီကိုတည်‌ဆောက်‌သောဝတ္ထု‌ရေး ဆရာ၊ စာရေးဆရာ၊ ယထာဘူတပညာရှင်အဖြစ်ဖြင့် ကျော်‌စော၏။

ငယ်စဉ်ကပင်လျှင် မိခင်နှင့်ဖခင်တို့ကွယ်လွန်ခဲ့ငြား‌သော်လည်းကြွယ်ဝ‌သောမိဘအ‌မွေအနှစ်ဖြင့် ‌ဆွေမျိုးများအလယ် တွင်မ‌တောင့်မတ မ‌ကြောင့်မကြ ကြီးပြင်းလာခဲ့သည်။ တဆယ့်တစ်နှစ်သားအရွယ်ခန့်တွင်အစ်ကိုများနှင့်အတူကဇန်းမြို့တွင်ပညာသင်သည်။ ၁၈၄၄ ခုနှစ် တွင် ကဇန်းမြို့တက္ကသိုလ်၌အထက်တန်းပညာရပ်များကိုဆက်လက်သင်ယူသည်။

ထိုခေတ်ကရုရှတို့၏ပေါင်းသင်းဆက်ဆံ‌ရေးတွင်ကဇန်း မြို့မှာအထက်တန်းကျ‌လေရကားတော်စတွိုင်သည်ဉာဏ်ပညာ ထက်မြက်‌သော် လည်းယင်းအထက်တန်း‌ပေါင်းသင်းဆက်ဆံရေးတို့၌ အ‌ပျော်အပါးဖြင့်အချိန်ကုန်သည်ကများ‌လေသည်။

တော်စတွိုင်းသည် ရုပ်ရည် ပြေပြစ်သူတစ်ယောက်မဟုတ်ပေ။ သူ၏ပုံသဏ္ဍာန် မမှန်သော သွင်ပြင်ကြောင့် အရုပ်ဆိုးအကျည်းတန်သူ တစ်ဦး ဖြစ်လေသည်။ ငယ်စဉ်ကပင်အထီးကျန်သောကလေးတစ်ဦးဖြစ်သဖြင့် အိမ်အပြင်မှာသာပျော်မွေ့လေသည်။သူ့ဖခင်၏လယ်ကွင်းများထဲတွင် ဆော့ကစားကာသူ့ငယ်စဉ်ဘဝကိုကုန်လွန်ခဲ့သည်။တော်စတွိုင်းအသက် ၁၂နှစ်တွင်မော်စကိုမှသူ၏အဒေါ်ဖြစ်သူကလာရောက် ခေါ်ယူသဖြင့် မော်စကိုမြို့တော်ကြီးတွင် ၃ နှစ်တာမျှသက်တောင့်သက်သာဘဝဖြင့်နေထိုင်ခဲ့လေသည်။

အသက် ၁၅ နှစ်တွင်မော်စကိုမြို့ရှိကာဇန်တက္ကသိုလ် ( University of Kazan ) သို့ဝင်ခွင့်ရခဲ့သည်။လေးနှစ်တာမျှ ဥပဒေနှင့်အရှေ့တိုင်း ဘာသာရပ်များကိုပညာသင်ကြားခဲ့သော်လည်း ဘွဲ့ ၊ ဒီပလိုမာ ၊ ဒီဂရီတစ်ခုမှမရရှိခဲ့ပေ။ ၁၈၄၇-ခုနှစ်တွင်တက္ကသိုလ်မှထွက်သောအခါ တော်စတွိုင်းသည် ကောင်းစွာကျန်းမာခြင်းမရှိဘဲမိမိရွာသို့ပြန်လာရလေသည်။

ထိုအခါ မိမိပိုင် လယ်ယာ‌ချောင်း‌မြောင်း၌လုပ်ကိုင်‌နေကြ‌သော သီးစားတို့သည်ဆင်းရဲလွန်းလှ၍ မ‌ကျေမနပ်ဖြစ်ကာ ‌တော်လှန်ဖီ ဆန်ကြ သည်။ ‌တော်စတွိုင်းသည်ယင်းမ‌ကျေနပ်မှုတို့ပ‌ပျောက်‌အောင်ကြိုးစား‌သော်လည်း ‌တောင်သူလယ်သမား၏ ဘဝကိုလက်‌တွေ့နားမလည်ဘဲ စိတ်ကူးသာလျှင်ယဉ်ခဲ့သဖြင့်မ‌အောင်မြင်ခဲ့‌ချေ။ ထိုအခါစိတ်အပျက်ကြီးပျက်ကာ ဖဲနှင့် အရက်တို့၌သာ ‌မွေ့‌လျော်ခဲ့‌ပြီးနောက်ကရိုင်မီး ယန်း ( Crimean ) စစ်ပွဲဖြစ်ပွားနေချိန်ဖြစ်သဖြင့်စစ်တပ်သို့ဝင်ခဲ့သည်။

စီဘက်စတူပို တပ်ရင်းတွင်တာဝန်များမအားလပ်သည့် ကြားကပင်သူ၏ ပထမဦးဆုံး စာအုပ်ကိုရေးသားခဲ့သည်။ တော်စတွိုင်း၏ ငယ်စဉ်ဘဝအကြောင်းပါဝင်သောထိုစာအုပ်သည်လူထုကြားတွင်အောင်မြင်ကျော်ကြားခဲ့လေသည်။ ထို့နောက်စီဘက်စတူမြို့ မှ ပုံပြင်များ ( Tales from Sebastopol ) စာအုပ်ကို ရေးသား ထုတ်ဝေခဲ့သည်။

ခရိုင်မီးယန်း စစ်ပွဲအတွင်းသာမန်စစ်သားလေးတစ်ယောက်၏ သူရဲကောင်းဆန်ပုံကိုရေးသားဖော်ပြထားသည့်ထိုစာအုပ်ကိုရုရှ အင်ပါယာ ဘုရင်ကိုယ်တိုင်ကနှစ်သက်လွန်းလှ၍ တော်စတွိုင်းအား စစ်မြေပြင်မှကင်းလွတ်ခွင့်ပေးလိုက်လေသည်။ ၁၈၅၄ တွင်တော်စတွိုင်းသည် စစ်တပ်မှထွက်ပြီးမော်စကိုသို့ ပြန်လာခဲ့သည်။ စာရေးဆရာတစ်ယောက် ဘဝဖြင့် အောင်မြင်သော်လည်း သူသည် မြို့ကြီး ပြကြီးတွင် နေထိုင်ရန် မနှစ်သက်လှပေ။

ဂျာမဏီ၊ ဆွစ်ဇာလန် ၊ ပြင်သစ် ၊ အီတလီ ၊ အင်္ဂလန် နိုင်ငံများသို့ လှည့်ပတ် သွားရောက် နေထိုင်ပြီးလူနေမှုအဖွဲ့အစည်း၊ လူမှုဘဝကို လေ့လာခဲ့လေသည်။ တော်စတွိုင်းသည် ၁၈၆ဝ တွင် ပိုလီအန်နာ သို့ ပြန်လာခဲ့သည်။ အိမ်သို့ ပြန်ရောက်ရောက်ချင်းတော်စတွိုင်းပထမဦး ဆုံးလုပ်သည့် အလုပ်မှာ သူ့ဖခင် ပိုင်ဆိုင်သော လယ်မြေများရှိ လယ်ကျွန်များကို လွတ်မြောက်ခွင့်ပေးခြင်းပင် ဖြစ်သည်။

စိုက်ပျိုးစားသောက်ရန် လယ်ကျွန်များကို သူ့ဖခင်ပိုင် လယ်မြေများကို ခွဲဝေပေးပြီး ထိုလယ်ကျွန်များ၏ကလေးများအတွက် စာသင်ကျောင်း ဆောက်လုပ်တည်ထောင်ပေးခဲ့သည်။ ထိုအချိန်က မြေပိုင်ရှင်ပဒေဿရာဇ်များနှင့် ဆန့်ကျင်သော လုပ်ရပ်ပင် ဖြစ်သည်။ တော်စတွိုင်းသည် အသက် ၃၃ နှစ်တွင် ပိုလီအန်နာမှ သူ့ လယ်မြေများကို စွန့်ခွာလာခဲ့ပြီး တစ်နှစ် အကြာတွင်မိသားစုချင်း ရင်းနှီးသူဖြစ်သောဆိုညာအန်ဒရေ ဗီနာဘားရ်စ် ( Sonya Andreyevna Behrs ) နှင့်လက်ထပ် ခဲ့သည်။

ရင်သွေး ၁၃ ဦးထွန်းကားခဲ့ပြီး အိမ်ထောင်သက်၁၆ နှစ်ကာလအတွင်းပျော်ရွှင်ချမ်းမြေ့ လွန်းလှကာဇနီး၊သားသမီးများကိုအလွန်ချစ် မြတ်နိုး လှလေသည်။ ထိုအချိန်ကာလအတွင်း သူ့ဘဝသည်အပျော်ဆုံး၊ အအေးချမ်းဆုံး ဖြစ်ပြီးထိုကာလတွင်သူ၏အကျော်ကြားဆုံးစာအုပ် နှစ်အုပ်ဖြစ်သောစစ်နှင့်ငြိမ်းချမ်းရေး ( War and Peace ) နှင့်အန်နာကယ်ရန်နီနာ ( Anna Karenina ) တို့ကိုရေးသားထုတ်ဝေခဲ့သည်။

စစ်နှင့်ငြိမ်းချမ်းရေး-ဟူသော ဝတ္ထုတွင် ရုရှနိုင်ငံကို ပြင်သစ်ဘုရင် နပိုလီယန်က ကျူးကျော်တိုက်ခိုက်သည့် ခေတ်နှင့်ယှဉ်၍ ရုရှအမျိုးသား အိမ်ထောင်စုနှစ်ခုတို့ ဘဝအခြေအနေကို လူ့သမိုင်းတရပ်အနေဖြင့်တင်ပြသွားရာအဖွဲ့အနွဲ့နှင့်တကွသရုပ်ဖော်ခြင်း၌ များစွာကောင်းမွန်၍ စာဖတ်သူတို့မှာ ထိုခေတ်က ကြုံတွေ့ရသော လူ့လောက၏ဒုက္ခသုခတို့ကို မိမိတို့ကိုယ်တိုင် ကြုံတွေ့ခံစားနေရသည်ဟုပင် ထင်မှတ်ရပေ သည်။

ဤအကြောင်းကြောင့်လည်း ယင်းဝတ္ထုမှာကမ္ဘာကျော်ဖြစ်ခဲ့သည်။ ယင်းဝတ္ထုနှင့်မတိမ်းမယိမ်း ကျော်ကြားသေား-အန်နာကရနီနား-ဝတ္ထုမှာ ရုရှနိုင်ငံတွင် ၁၈၇၆-ခုနှစ်တဝိုက်က ကြုံတွေ့ရသော စိန့်ပီတာစဗတ်မြို့နေ လူတန်းစားဘဝနှင့်တောနေလူတန်းစားဘဝတို့ကို သရုပ်ဖော် သော ဝတ္ထုဖြစ်သည်။

၁၉၇၈ တွင်တော်စတွိုင်း၏ရင်သွေးနှစ်ဦးကွယ်လွန်သွားကြရာ သူသည် အလွန် ဝမ်းနည်းမပျော်ရွှင်သော အထီးကျန်သော လူတစ်ဦး အဖြစ်သို့ရောက်ခဲ့လေသည်။ ရင်သွေးနှစ်ဦးအတွက်ဝမ်းနည်းပူဆွေးမှုများကိုပြေပျောက်နိုင်ရန် ဘာသာရေးကိုလေ့လာလိုက် စားခဲ့ လေသည်။ ဂရိအော်သိုဒေါ့ဇ် ( Greek Orthodox ) ဘုရားကျောင်း၏အလွန်တက်ကြွသောနောက်လိုက်တစ်ဦးဖြစ်ခဲ့လေသည်။

ထိုအခါတွင် အော်သိုဒေါ့ဇ် ၏သင်ပြမှုများတွင် ကတိမတည်မှုများ နှင့်မတရားမမျှတမှုများကိုတွေ့ရလေသောအခါ သူ၏ ကိုယ်ပိုင် အတွေးအခေါ်ကို အော်သိုဒေါ့ဇ် ၏အတွေးအခေါ်နှင့် ပေါင်းစပ် ရောနှောကာကွန်ဖက်ရှင် (The Confession) ဆိုသည့် စာအုပ်ကို ရေးသားခဲ့လေသည်။

ထိုစာအုပ်တွင် သူ၏ ခိုင်မာသော ဘာသာရေး ယုံကြည်ချက် ကိုတွေ့ရသည်။ ထိုစာအုပ်တွင် ရိုးသားသော တောင်သူလယ်သမား တစ်ဦး၏ အမှန်တရားနှင့် မွန်မြတ်ခြင်းကိုဖော်ပြထားသည်။ ၁၈၈၈ ခုနှစ် အသက် ၅၂ နှစ်တွင် စည်းစိမ်ဥစ္စာ ဟူသမျှတို့ကို စွန့်လွှတ်၍ ဆင်းရဲသူ ဆင်းရဲ သား တို့အား လှူဒါန်း‌တော့မည်ဟု ဆုံးဖြတ်ပြီးလျှင် သားမယားတို့ နှင့်တိုင်ပင်ရာ သူ၏အိမ်‌ထောင်သား အားလုံးက ဥစ္စာပစ္စည်း တို့ကို သူ၏ ဇနီးသို့ လွှဲ‌ပြောင်း‌ပေးပါရန် များစွာ‌တောင်းပန် ‌ပြောဆိုခဲ့ရသည်။

သို့နှင့်ပင် တော်စတွိုင်သည် မိမိကိုယ်တိုင် ပစ္စည်းတပြားတချပ်မျှ မယူဘဲ ဇနီးသို့ပေးအပ်ပြီးလျှင် လယ်ယာထွန်ခြင်း၊ ဖိနပ်ချုပ်ခြင်းစသော ကိစ္စတို့၌သာမန်တောင်သူလယ်သမား တို့နှင့်အတူ လုပ်ကိုင်စားသောက် လေသည်။

ထိုအချိန်တွင်ပင်သူ၏ စာအုပ်အသစ်ဖြစ်သော ပြန်လည်ရှင် သန်ခြင်း (The Resurrection ) ကိုထုတ်ဝေခဲ့လေသည်။ထိုစာအုပ်သည် ဘုရားကျောင်းတွင်သူတော်ကောင်း အယောင်ဆောင်ထားကြသောလူချမ်းသာများကို ပြင်းထန်စွာ ရှုတ်ချထားပြီးထိုသူတို့တွင်မေတ္တာတရား ကင်းမဲ့ပုံ ကိုဖော်ပြထားလေသည်။ ၁၉၀၁ တွင် ဂရိအော်သိုဒေါ့ဇ်ဘုရားကျောင်းကတော်စတွိုင်းအားအပြစ်ပေးသည့်အနေဖြင့်ဘုရားကျောင်း အသင်းဝင်အဖြစ်မှ ထုတ်ပယ်ခဲ့သည်။ သို့သော်ထိုလုပ်ရပ်ကြောင့်ပင်လီယိုတော်စတွိုင်းအားပို၍အောင်မြင်ကျော်ကြားစေလေသည်။

စာရေးခြင်းမှ ဝင်ငွေကိုပင် မယူသည့်အပြင် သူရေးသောစာအုပ်များမှရအပ်သည့် မူပိုင်အခွင့်အရေးတို့ကို ပင်လျှင် စွန့်လွှတ်ခဲ့လေသည်။ ဤအခြေအနေတွင် တော်စတွိုင်းသည် သခရုဇာဆိုနာတာ-ဝတ္ထုကို ၁၈၈၉-ခုနှစ်၌ ရေးသားလေသည်။ ယင်းဝတ္ထုတွင်အချို့သောခရစ်ယာန် နှင့် အရှေ့တိုင်းရှိ အခြားအယူဝါဒီတို့ကဆိုဆုံးမသောဗြဟ္မစရိယကျင့်စဉ်ကိုအထူးအလေးဂရုပြု၍အိမ်ထောင်သားမွေးခြင်းဟူသော လောကီ သား တို့၏ဓလေ့ကိုလုံးဝပယ်သင့်ကြောင်းကိုဖော်ပြလေသည်။

ဤသို့ သူချမှတ်ခဲ့‌သော ကျင့်စဉ်ကို ရုရှနိုင်ငံနှင့်ကမ္ဘာ‌ပေါ်ရှိအခြားနိုင်ငံတို့က နှစ်‌ပေါင်းများစွာ ‌ဝေဖန်‌ဆွေး‌နွေးခဲ့ကြ‌ပေသည်။ ‌နောင်အခါ‌ သော ‌တော်စတွိုင်သည် သူ၏အယူဝါဒများကို ပျံ့နှံ့‌စေရန်စာအုပ်များကိုရေးသားထုတ်‌ဝေခဲ့သည်။ သူ၏ဝါဒတစ်ရပ်မှာ လောကီသားတို့ တစ်ဦးနှင့်တစ်ဦး ‌မေတ္တာထား၍ နားလည်မှုရှိကြပါမှ လူမှု‌ရေးရာပြဿနာများသည်‌ကောင်းစွာပြေလည်လိမ့်မည်ဟူ၍ဖြစ်သည်။ မြန်မာအယူ၌ ဗြဟ္မစိုရ်တရား လက်ကိုင်ထား ရသည်ဟူ‌သော သ‌ဘောမျိုး ဖြစ်‌လေသည်။

သို့‌သော် သူ၏အခြား‌သောအယူဝါဒနှင့် ကျင့်စဉ်တို့မှာ ထို ‌ခေတ်၏ဉာဏ်အမြင်၌ များစွာပြင်းထန်၍ ကျပ်တည်းလှ‌ချေရကား‌ရှေးရိုးဂရိတို့၏ ခရစ်ယန်ဂိုဏ်းတို့က တော်စတွိုင်းကိုသာသနာ‌ရေးအရ ကြဉ်‌လေသည်။ ၁၉၁၀ ပြည့် နှစ်၌ တော်စတွိုင်းသည် မိမိ၏ဇနီးအိမ်မှ ‌ခြေဦးတည့်ရာ သို့ သွားမည်ဟုထွက်ခွာလာရာအက်စတာပိုဗိုဟူ‌သော မီးရထား ဘူတာရုံ အ‌ရောက်တွင်အားပြတ်၍‌သေဆုံး‌လေသည်။

လီယိုတော်စတွိုင်းသည် ခြိုးခြံသော သူဆင်းရဲ ကဲ့သို့သော ဘဝဖြင့်ပင် ၁၉၁ဝ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်တွင် အသက် ၈၂ နှစ်အရွယ်တွင် အဆုတ်အအေးမိသော နမိုးနီးယားရောဂါ ( pneumonia ) ဖြင့်ကွယ်လွန်ခဲ့လေသည်။ သူ၏ ဈာပန၌ ခရစ်ယာန်ထုံးစံအရ ဖုတ်ကြဉ်းသြင်္ဂိုဟ် ခြင်းကိုမပြုရ လေ။ သို့‌သော် ‌တော်စတွိုင်းသည် ကမ္ဘာ‌ကျော်ရုရှားစာ‌ရေးဆရာကြီးအဖြစ်နှင့် ‌နှောင်းလူတို့၏အ‌လေးပြုခြင်းကိုခံယူလျက်ရှိ‌ ပြီး သူရေးသားခဲ့သော စာပေများသည်လည်း ကမ္ဘာတစ်ဝှမ်းမှလူသားတို့၏ နှလုံးကို လှုပ်ခတ်နိုင်ဆဲပင် ဖြစ်လေသည်။

ကိုးကား

မြန်မာ့စွယ်စုံကျမ်း အတွဲ (၅)

ဦးမြင့်စော (သမိုင်းပါမောက္ခ၊ ပုသိမ်တက္ကသိုလ်)၊

Likes:
0 0
Views:
1403
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *