ဗိုလ်ချုပ်အောင်ဆန်း၏ လူသိနည်းသောဖြစ်ရပ်(၁၀) ခု

(၁) ဗိုလ်ချုပ်အောင်ဆန်း တက္ကသိုလ်မှ ဘွဲ့ရ/မရ ငြင်းခုံမှုများ

၂၀၁၅ ခု ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် နှစ် ၁၀၀ပြည့်ခဲ့သည့်လွတ်လပ်ရေးဗိသုကာ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင် ဆန်းသည် တက္ကသိုလ်မှ ဘွဲ့ရ/မရနှင့်ပတ်သက်ပြီးငြင်းခုံမှုများဖြစ်ပေါ်လျက်ရှိသည်။ ယင်းကိစ္စနှင့် ပတ်သက်ပြီး ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ရေးသားခဲ့သော စာတွင်လည်း “ရန်ကုန်တက္ကသိုလ်တွင် ၆ နှစ်ခွဲနေခဲ့၍ နိုင်ငံရေး စိတ်သန်မှုကြောင့် ကျောင်းစာများ မလေ့ကျက်သဖြင့် ဘီအေအတန်းအထိ အောင်ရုံသာ အောင်ခဲ့သည်”ဟု အတိအလင်း ဖော်ပြထားသည်။

“အောင်ဆန်းသည် အချိန်ပြည့် ကျောင်းသားနိုင်ငံရေး လုပ်နေသည့်ကြားမှ ၁၉၃၇ ခုနှစ် မတ်လတွင်ကျင်းပသောဘီအေစာမေးပွဲကို အင်္ဂလိပ် စာပ ခေတ်သစ် ရာဇဝင်၊ နိုင်ငံရေး ဘာသာဗေဒများဖြင့် ချောမောစွာ အောင်မြင်သည်။၁၉၃၇-၃၈ ခုနှစ်တွင်အောင်ဆန်းသည်ကျောင်းသား နိုင်ငံရေးသာမက တိုင်းပြည်လွတ်လပ်ရေးအတွက်ပါဆောင်ရွက်နေရကာ ဥပဒေပထမနှစ်စာမေးပွဲရှုံးလေသည်။

သူ၏ပထမဦးဆုံးနှင့် နောက်ဆုံးရှုံးခြင်းပေတည်း။ အောင်ဆန်းကားအောင်ထားသော ဘီအေဘွဲ့ကိုပင်ဘွဲ့နှင်းသဘင်၌တက်မယူပေ။ (ဗိုလ်ချုပ်အစ်ကိုဖြစ်သူ ဦးအောင်သန်းရေးသားခဲ့သည့်တက္ကသိုလ်ကျောင်းသားဘ၀အောင်ဆန်းမှတ်တမ်းများမှ)ထို့ကြောင့် ဗိုလ်ချုပ် အောင်ဆန်းသည် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိရန် တက္ကသိုလ်ကျောင်းပညာရေးအားစွန့်ခွာ၍ကျောင်းထွက်ပြီး နိုင်ငံရေးလုပ်သည်ဆို သော ပြောဆိုချက်၊ရေးသားချက်များသည် မှားယွင်းကြောင်းတွေ့ရှိရသည်။

(၂) ဗိုလ်ချုပ်လူ တကယ် သတ်/မသတ်

ဖက်ဆစ်တော်လှန်ရေး၊ နယ်ချဲ့ဆန့်ကျင်ရေး ကာလအတွင်း မြန်မာ့တပ်မတော်ကို တည်ထောင်ခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းသည် တော်လှန်ရေးအတွင်း လူတကယ် သတ်/မသတ် ငြင်းခုံပြောဆိုမှုများ ရှိခဲ့သည်။

ထိုကိစ္စနှင့်ပတ်သက်၍ “၁၉၄၅ ခု နိုဝင်ဘာ ၁၄ ရက်တွင် မြန်မာနိုင်ငံ အတွင်းဝန်ချုပ်ကဗြိတိသျှအစိုးရ မြန်မာနိုင်ငံအတွင်းဝန်ထံ စာတစ် စောင်ရေးသားပေးပို့သည့် စာတွင် ၁၉၄၂ ဂျပန်တပ်မတော်နှင့်မြန်မာ့လွတ်လပ်ရေးတပ်မတော်မုတ္တမမှသထုံသို့ချီတက်လာစဉ်သထုံခရိုင် ပေါင်မြို့နယ်သဲဖြူကုန်းရွာ (သထုံမှ ၃၃မိုင်အကွာ)တွင်ဘာဘူကြီးအဗ္ဗဒူရာရှစ်အားသထုံဘောလုံးကွင်းအတွင်းသတ်ဖြတ်မှု၌ ဗိုလ်ချုပ်အောင် ဆန်းပါဝင်ပတ်သက်နေသည့်အတွက်တရားစွဲဆိုရန်အကြံပြုထားသည်”

ဤကိစ္စနှင့် ပတ်သက်၍ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ဖဆပလအဖွဲ့ ဥက္ကဋ္ဌ တာဝန်ယူသော အချိန်၌ “သတင်းစုံ”ဂျာနယ် ကြေညာချက်ဆောင်းပါး “ကျွန်ုပ်၏ လိပ်ပြာကား အစဉ်သန့်ရှင်းလျက်”ဖြင့် အတိအလင်း ဝန်ခံထားပြီး ဖြစ်သည်။

ယင်းဖြစ်စဉ်တွင် ဗိုလ်ချုပ်အောင်ဆန်းလူသတ်မှု ကျူးလွန်သည်ကို ဘုရင်ခံ၏ဆန္ဒအရလွှတ်တော်တွင်ကိုယ်စားလှယ်များအဖြစ် တာဝန်ယူနေသောသခင်ထွန်းအုပ်နှင့်သခင်ကျော်စိန်တို့က လိုအပ်လျှင် သက်သေလိုက်ပေးမည်ဟုပြောဆိုပြီးဗိုလ်ချုပ်ကိုထိုးနှက်ခဲ့သော် လည်းအင်္ဂလိပ်အစိုးရမျှော်လင့်သလိုဗိုလ်ချုပ်သည်လူသတ်မှုဖြင့်ပြစ်ဒဏ်မကျခဲ့ပေ။

နောက်ပိုင်းတွင်သေပြီးသား အင်္ဂလိပ်စစ်သား အလောင်း ၃ လောင်းအားခေါင်းဖြတ်ခဲ့ပြီးသူရဲကောင်းသဖွယ်ပြုမူခဲ့သည့် သခင်ထွန်းအုပ်၏ အဖြစ်အပျက်ကိုသတင်းစာများကထုတ်ဖော်ပြီးအရှက်ခွဲခဲ့သည်။

(၃) ဗိုလ်ချုပ် အင်္ဂလိပ်စကားပြော ကောင်း/မကောင်း

ဗိုလ်ချုပ်အောင်ဆန်းသည်မကွေးတိုင်း နတ်မောက်မြို့နယ်တွင်မွေးဖွားခဲ့သည့်အတွက်အင်္ဂလိပ်စကားသင်ကြားပေးရန် ကျောင်းကောင်း ကောင်းမရှိခဲ့ပေ။ အသက်ရှစ်နှစ်သားအရွယ်အထိကျောင်းမနေခဲ့ဘဲနောက်မှသာနတ်မောက်ရှိဒီပင်္ကရာကျောင်းခေါ် ဦးသောဘိတကျောင်း သို့တက်ရောက်ပညာသင်ကြားသည်။ ထိုကျောင်းသည် ဘုန်းကြီးကျောင်းဖြစ်သော်လည်းအတန်းကျောင်းဖြစ်သောကြောင့်လောကဓာတ် ကျောင်းဟုခေါ်ဝေါ်ခဲ့သည်။

ထို့နောက်ရေနံချောင်း အမျိုးသားကျောင်းမှ အောင်မြင်ပြီး တက္ကသိုလ် ရောက်သည့်အခါ တက္ကသိုလ်ကျောင်းဆောင်အမှုဆောင် ရွေးချယ်ပွဲ တွင်အောင်ဆန်း၏ ဋ္ဌာန်ကရိုဏ်း မကျသောအင်္ဂလိပ်စကားကြောင့်ကျောင်းသားများ၏လှောင်ပြောင်ခြင်းခံခဲ့ရသည်။ သို့သော်တက္ကသိုလ် တွင်ကျောင်းအုပ်ကြီး မစ္စတာစလော့၏ခွေးများကို ထိန်းကျောင်းရသော စကော့တလန်လူမျိုး ဝီလီယံနှင့်အတူအင်းယား ကန်ဘောင်တွင် မနက်တိုင်း လိုက်ပြီးလေ့ကျင့်ခဲ့သည့်အတွက် အောင်ဆန်းသည်အင်္ဂလိပ် တစ်ဦးနှင့်မခြားပြောဆိုလာနိုင်သည်။

(၄)မအောင်မြင်သော အမွေ တောင်းခန်း

ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းပြည်ခေါင်းဆောင် ဖြစ်လာသော်လည်း စီးပွားရေး ကောင်းမွန်သောသူ မဟုတ်ပေ။ ဒေါ်ခင်ကြည်နှင့် အိမ်ထောင်ကျပြီးနောက် သားသမီးများ တစ်နှစ် တစ်ယောက် ထွန်းကားခဲ့သည်။ သားအကြီး နှစ်ဦးဖြစ်သော အောင်ဆန်းဦးနှင့်အောင်ဆန်း လင်း တို့ မွေးစဉ်က စိတ်မပူပန်သောဗိုလ်ချုပ်သည် သမီးလေးအောင်ဆန်းစုကြည်မွေးဖွားလာသောအခါသမီးလေးအတွက်စိတ်ပူပန် တတ်လာသည်။

ထို့ကြောင့် သမီးလေးအရွယ်ရောက်သောအခါ ရှင်ပြုနားသ လုပ်ရာတွင်ဝတ်ဆင်စရာမရှိမည်စိုးသည့်အတွက်နတ်မောက်မြို့ရှိ မိခင်ဖြစ်သူဒေါ်စုထံ သွားရောက်ပြီးသမီးအတွက် ရွှေနားတောင်းကို အမွေတောင်းခဲ့သည်။ မိခင် ဖြစ်သူကလည်းသူ့တွင်အောင်ဆန်း တစ်ဦးတည်းမွေးထားခြင်းမဟုတ်ဘဲကျန်သားသမီးများပါ ရှိနေသည့် အတွက် မျက်နှာလိုက်၍ အမွေမပေးနိုင်ကြောင်းပြောဆိုသည့် အတွက်ဗိုလ်ချုပ်၏ အမွေတောင်းခန်းမှာ မအောင်မမြင်ဖြင့် စခန်းသိမ်းခဲ့ရသည်။

(၅) ဗိုလ်ချုပ် အငြိမ့်မင်း သမီးဖြင့် အငြိမ့်စင်ပေါ်တွင် ကပြခြင်း

၁၉၄၂ ခုနှစ်က တပ်မတော် အတွင်း အခမ်းအနားတစ်ခု ပြုလုပ်ပြီး ညပိုင်းတွင်တပ်မတော်အရာရှိများကိုအငြိမ့်ဖြင့်ကပြဖျော်ဖြေခဲ့ သည်။ ထိုအချိန်ကဗမာ့တပ်မတော်အားဂျပန်ကိုပြန်လည် တော်လှန်ရန်အတွက် တိတ်တဆိတ်အစီအစဉ် ချမှတ်နေရချိန်ဖြစ်သည်။ဧည့်ခံပွဲသို့အစိုး ရ အဓိပတိဒေါက်တာဘမော် အပါအဝင်စစ်သေနာပတိ ဗိုလ်ချုပ် အောင်ဆန်းလည်းတက်ရောက်ခဲ့သည်။ဗမာ့တပ်မတော်၏ ထိပ်တန်းတပ် မှူးများအပြင်နယ်မှ ရောက်နေသောစစ်ဗိုလ်များလည်း ရှိနေပြီးဂျပန်နှင့် နီးစပ်နေသော ဒေါက်တာဘမော်ကိုအမြင်မကြည်လင်သည့် အချိန် ဖြစ်သည်။

ထို့ကြောင့် အရက်မူးနေသော ဗိုလ်မြဟန် ဦးဆောင်ကာ အဓိပတိ ဒေါက်တာ ဘမော်အား အငြိမ့်မင်းသမီးဖြင့် သီချင်းတွဲဆိုရန်တောင်းဆို ကြသည်။ အဓိက ရည်ရွယ်ချက်မှာ ဒေါက်တာဘမော်အား သိက္ခာချလို၍ ဖြစ်သည်။ ဒေါက်တာဘမော်ကလည်း ငြင်းဆို၍ မဖြစ်သည့် အတွက် စင်ပေါ်တက်ပြီး ပြင်သစ်သီချင်း တစ်ပုဒ်ကို သီဆိုဖျော်ဖြေခဲ့သည်။

သို့သော် အရက်မူးနေသော တပ်မှူးများက ဒေါက်တာဘမော်ကို ထပ်မံ တောင်းဆိုနေသည့် အတွက် ဗိုလ်ချုပ်အောင်ဆန်းကတော်လှန်ရေး ကိစ္စအား မရိပ်မိစေရန် ဆူဆူအောင့်အောင့်ဖြင့် စင်ပေါ်တက်လာပြီး မင်းသမီး လက်ကိုဆွဲကာ အချိုးမကျသော ပုံစံဖြင့် တွဲဖက်ကပြခဲ့ သည်။ ထိုအခါမှ အခမ်းအနားတွင် ရှိနေသောသူ အားလုံး ငြိမ်သက်သွားခဲ့သည်။

(၆) ဗိုလ်ချုပ် သတင်းစာ အဖတ်မှားခြင်း

တို့ဗမာအစည်းအရုံးတွင် တစ်ရက်၌ သခင်အောင်ဆန်းသည် သတင်းစာ ဂျာနယ်များကိုဖတ်လျက်ရှိသည်။ သတင်းစာတစ်စောင်ကို ဖတ်နေရင်း တောင်တွင်းကြီးတွင် မီးလောင်သည်ဟု ဖတ်ပြီး လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ အဘယ့်ကြောင့်ဆိုသော်တောင်တွင်း ကြီးတွင်သခင်အောင်ဆန်း၏ ဆွေမျိုးများရှိနေသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သတင်းစာကိုပစ်ချကာတောင်တွင်းကြီးသို့မီးဘေး သတင်းမေးရန် အလျင်စလို ထွက်ခွာသွားသည်။

တို့ဗမာ အစည်းအရုံးမှ လုပ်ဖော်ကိုင်ဘက်များကသတင်းစာကိုပြန်ဖတ်ကြည့်ရာ မီးလောင်သောမြို့သည်တောင်တွင်းကြီး မဟုတ်ဘဲ တောင်ကြီး ဖြစ်နေသည်ကို တွေ့ရလေသည်။ ၃၊၄ရက် ကြာသောအခါ သခင် အောင်ဆန်းသည်တို့ဗမာအစည်းအရုံးသို့ ပြန်ရောက်လာပြီး သတင်းစာ အဖတ်မှားပြီး တောင်တွင်းကြီး ရောက်ခဲ့သည်ဟု ပြုံးဖြဲဖြဲဖြင့် ဆိုရှာသည်။

(၇) တကသ ဥက္ကဋ္ဌအား ဆဲဆို ကြိမ်းမောင်းခြင်း

ဗိုလ်ချုပ်အောင်ဆန်းသည်တပ်မတော်မှထွက်ပြီး ဖဆပလ ဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံလွတ်လပ်ရေးရရန်အားသွန်ခွန်စိုက်ဆောင်ရွက်နေချိန် ဖြစ်သည်။ ထိုအချိန်တွင်ရန်ကုန်တက္ကသိုလ်ရှိ ကျောင်းသားများနှင့်တကသ အဖွဲ့အစည်းများကလည်းဖဆပလကို ဝိုင်းဝန်းထောက်ခံပံ့ပိုး နေချိန်ဖြစ်သည်။ သို့သော် တကသ ဥက္ကဋ္ဌ သူရိယ ဦးသန်းမောင်ခေါင်းဆောင်သောကျောင်းသားများသည်ဖဆပလအစိုးရအဖွဲ့ကိုယ်စား ဗိုလ်ချုပ် အောင်ဆန်းအားတွေ့ဆုံပြီးတောင်းဆိုချက်၁၀ချက်ကိုတောင်းဆိုခဲ့သည်။

ဗိုလ်ချုပ်သည် နိုင်ငံလွတ်လပ်ရေးရရန် အလုပ်ရှုပ်နေသည့် အတွက် ရုတ်တရက် ဒေါသထွက်သွားပြီးသူရိယဦးသန်းမောင်နှင့် ကျောင်းသား များကို ဆဲဆိုကြိမ်းမောင်းခဲ့သည်။ ထို့နောက်ကျောင်းသားများတောင်းဆိုသောအချက်များအား ဖတ်ရှုပြီးပတ်ကားဖောင်တိန်ဖြင့် ခြစ်ကာ “ဒါရမယ်ဒါရမယ် ဒါမရဘူးဒါမရဘူးတော်တော် စောက်လုပ်ရှုပ်တဲ့သန်းမောင်သွား…….ပြန်တော့”ဟုမောင်းထုတ်ခဲ့ဖူးကြောင်း သူရိယ ဦးသန်းမောင်မှမကွယ်လွန်မီအမှတ်တရပြောပြခဲ့ဖူးသည်။

(၈)ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးနှင့် ဗိုလ်ချုပ် အောင်ဆန်း

၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကိုထိုအချိန်ကရှေ့နေချုပ်ဦးချန်ထွန်းမှ ရေးဆွဲခဲ့သည်။ ထိုဖွဲ့စည်းပုံအခြေခံဥပဒေထဲတွင် နိုင်ငံတော်၏ ဘာသာအဖြစ် ဗုဒ္ဓဘာသာအားထည့်သွင်းထားခြင်းကိုဒီးဒုတ်ဦးဘချို ဦးဆောင်ကာ ရေးဆွဲခဲ့သည်။ ထိုအချက်နှင့် တ်သက်၍ပင်လုံစာချုပ် ဖြစ်မြောက်ရေးအတွက်အရေးပါခဲ့သော ဦးဖေခင်ကအကြီးအကျယ်ကန့်ကွက်ခဲ့၍ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်အစည်းအဝေးခေါ်ယူခဲ့ ရသည်။ ဗိုလ်ချုပ်က ဒီးဒုတ်ဦးဘချိုနှင့် ဦးချန်ထွန်းအားဖြောင့်ဖျပြီးပြင်ဆင်ပေးရန် ကြိုးစားရာဦးချန်ထွန်းကလည်းအလျော့မပေးဘဲတင်း ခံနေခဲ့သည်။

ထိုအချိန်တွင်ဗိုလ်ချုပ်ကစိတ်မရှည်တော့ဘဲ “တချို့ဟာတွေကမှန်ပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေထဲတော့ ထည့်စရာမလိုဘူးလို့ ကျွန်တော် ယူဆတယ်။ ဥပမာဦးချန်ထွန်းချေးမစားဘူးဆိုတာလူတိုင်းသိတယ်။ သို့သော်လည်း ဦးချန်ထွန်းချေးမစားပါလို့တော့ ထည့်သွင်း ရေးသားဖို့ မသင့်တော်ဘူး”ဟုဆိုကာဖွဲ့စည်းပုံအခြေခံဥပဒေ ကိစ္စအား ဖြေရှင်းပေးခဲ့သည်။

(၉) မန္တလေးတွင် ပုဆိုးကျွတ်ကျခြင်း

နယ်ချဲ့ အစိုးရလက်ထက် အတွင်းဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂ ညီလာခံကိုမန္တလေး၌ ကျင်းပခဲ့သည်။ထိုညီလာခံသို့ အိန္ဒိယနိုင်ငံ မှလွတ်လပ်ရေးကြိုးပမ်းမှုခေါင်းဆောင်မစ္စတာနေရူးနှင့်သမီးဖြစ်သူ အင်ဒီယာ ဂန္ဒီတို့လည်း ရောက်ရှိနေသည်။ထိုညီလာခံတွင်ကျောင်း သားခေါင်းဆောင်ကိုအောင်ဆန်း မိန့်ခွန်းပြောကြားနေစဉ် သူ၏ပုဆိုးမှာအောက်သို့ တဖြည်းဖြည်း လျှောလျှောပြီးကျလာရာကျွတ်တော့ မည့်အခြေအနေသို့ရောက်လာသည်။

သို့သော် မိန့်ခွန်းကို စိတ်ပါလက်ပါ ပြောကြားနေသည့်ကိုအောင်ဆန်းက သတိမထားမိသော်လည်းနားထောင်နေသည့်ပရိသတ်များမှာ စိုးရိမ်ပူပန်မှုဖြင့်စိတ်မသက်မသာဖြစ်နေသည်။ သို့သော်ကိုအောင်ဆန်း၏ ထူးခြားသောဆဋ္ဌမအာရုံအရကျွတ်လုဆဲဆဲအခြေအနေတွင် ပုဆိုးကို ပြန်ဝတ်ကာမိန့်ခွန်းကိုရှောရှောရှူရှူပြောသွားနိုင်ခဲ့သည်။

(၁၀) One Die, Nevermind

ဗမာ့တပ်မတော်ကာကွယ်ရေးခေတ်တွင် ဘီဒီအေအရာရှိများကို မင်္ဂလာဒုံရှိ ဗိုလ်သင်တန်းကျောင်းတွင်လေ့ကျင့်သင်ကြားပေးသည်။ ထိုအချိန်ကသင်တန်းဆရာအများစုမှာဂျပန်များဖြစ်ပြီး နောင်တစ်ချိန်တွင် တပ်မတော်၏တပ်မှူးကြီးများဖြစ်လာမည့်ဦးအောင်ရွှေ၊ ဦးကြည်မောင်၊ ဦးတင်ဦး၊ ဒေါက်တာမောင်မောင်တို့ အပါအဝင် တပ်မတော် အရာရှိငယ်များသင်တန်းတက်ရောက်လျက်ရှိသည်။ ထိုသင်တန်းတွင် ပြင်းထန်သော စစ်ပညာများကို သင်ကြားရသည့်သင်တန်းသားများမှာအထူးပင်ပန်းလျက်ရှိသည်။

သို့သော် သင်တန်း ဆရာများက သင်တန်းသားများကို “One Die, Nevermind. Two Die, Nevermind. Three Die, Nevermind. All Die, Nevermind ဟုပြောကြားသည့်အတွက်အားလုံးမကျေမနပ် ဖြစ်သွားသည်။ နောက်မှထိုစကားကိုဗိုလ်ချုပ်အောင်ဆန်းကပြောကြား ခိုင်းခြင်းဖြစ်ပြီးအရေအတွက်ထက်အရည်အချင်းကိုတန်ဖိုးထားသောတပ်မတော်ဖြစ်စေရန်မျှော်လင့်ထားသောကြောင့်ပြောခြင်းဖြစ် ကြောင်းရှင်းပြမှသာအရာရှိသင်တန်းသားများစိတ်ဆိုးပြေသွားကြသည်။

Tomorrow Journal

Likes:
0 0
Views:
1368
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *