ဗိုလ်ချုပ်အောင်ဆန်း နှင့် စတုတ္ထမြောက်သမီးလေး

၁၉၄၆.ခု စက်တင်ဘာလ၊ ၂၉ ရက်နေ့ ဖြစ်လေသည်။၊ ရန်ကုန်မြို့၏ ကောင်းကင်သည်မိုးရိပ်တိမ်လိပ်များကင်းစင်လျှက် ကြည်လင်တောက်ပနေလေသည်၊။

ဗဟန်းလမ်းအတိုင်း တိရစ္ဆာန်ရုံဘေးမှ အလံပြဘုရားလမ်းအတိုင်း..တအားပြေးနေသော ဂျစ်ကားတစ်စင်း၏ နောက်ပိုင်းတွင်ကာ ကီစိမ်းရောင်စစ်ယူနီဖေါင်း ဖိုသီဖတ်သီဝတ်လျှက်၊ ခေါင်းတုံးဆံတောက်နှင့် လူရွယ်တယောက်၊ဘေးတွင် မျက်လုံးမျက်ဖန် ကောင်း ကောင်းနှင့် လုံးကြီးပေါက်လှ မိန်းမတယောက်တို့ကို မြင်ရသည်။

ထိုစစ်ယူနီဖေါင်းဝတ်လူရွယ်သည် တခြားသူတော့ မဟုတ်၊ ။ဖဆပလအဖွဲ့ချုပ် ဥက္ကဌ၊ ပြည်သူ့ရဲဘော်တပ်ဖွဲ့ သေနာပတိ ဗိုလ်ချုပ်အောင်ဆန်းဖြစ်ပေသည် ။

ယမန်နေ့ကပင် ဘုရင်ခံ၏ အမှုဆောင်ဝန်ကြီးအဖြစ် ရောက်ရှိသွားလျှက် ပူပူနွေးနွေး ကာကွယ်ရေးဝန်ကြီးနှင့်နိုင်ငံခြားရေးဝန်ကြီး ဦးအောင်ဆန်းအဖြစ် သူ၏ချစ်ဇနီး ဒေါ်ခင်ကြည်နှင့်အတူ မြို့ထဲဖက်သို့ ထွက်လာ ခြင်းဖြစ်လေသည်။ တလမ်းလုံး စကားတခွန်းမှ မပြောဘဲ ၊ ငေးလာခဲ့သော ဗိုလ်ချုပ်သည် အလံပြဘုရားလမ်း (အော်တိုကား) တိုက်ရှေ့သို့ ရောက်လာသောအခါ ကျွနု်ပ်အား လှမ်း၍ အင်္ဂလိပ်လို ပြောလိုက်လေသည်။

( I am not happy in office ) ”အစိုးရထဲဝင်ပြီး ရာထူးယူရတာ.. ငါတော့ မပျော်ဘူးကွာ။””ဘာဖြစ်လို့ လဲ ဗိုလ်ချုပ် …”ဒေါ်ခင်ကြည်က ဘာမှ မပြော..။ ကျနော်က လှမ်းမေးလိုက်ခြင်း ဖြစ်လေသည်၊။

”ဘာကြောင့်မှန်း မသိဘူး၊ ငါတို့နိုင်ငံရေး လုပ်လာတာ ဗြုန်းကနဲ ..ဒီလိုအစိုးရအဖွဲ့ထဲ ရောက်လိမ့်မယ်လို့ တခါမှ စိတ်မကူးခဲ့ဘူး။ ၊ခုတော့ မမျှော်လင့်ဘဲ အစိုးရအဖွဲ့ဝင် ရာထူးယူလိုက် ရတော့ ငါ့စိတ်ထဲမှာ ဘာကြောင့်မှန်းမသိရ ၊ ပျော်ကို မပျော်ပါဘူးကွာ”..

ကျနော်လည်း ဘာမှပြန်မပြောတော့ပဲ ကားကိုသာ ဆက်မောင်းနေတော့သည်၊ အမှန်မှာ ဘာကြောင့် မပျော်သလဲ …ဟူသော မေးခွန်းကို ဗိုလ်ချုပ်နှင့် သူ့ဘေးတွင် ထိုင်လျှက်ရှိသော ဒေါ်ခင်ကြည်သည်လည်း.. ၎င်းအဖြေကို စိတ်တွင်းမှ လှိုက်လှဲစွာ သိကြသည်။ ထုတ်ဖေါ် မပြောကြ၍သာ။

၁၉၄၆ခုနှစ်..စက်တင်ဘာလ၊ ၂၂ ရက်နေ့ တနင်္ဂနွေနေ့ကို အမှတ်၂၅ ၊ တာဝါလိန်းရှိ အိမ်သူအိမ်သားတွေ စိတ်ထဲမှာ ထာဝစဉ် သတိရနေကြပေလိမ့်မည်၊။ ဖ.ဆ.ပ.လ.အဖွဲ့ချုပ် ဥက္ကဌ ဗိုလ်ချုပ်အောင်ဆန်း၏ ချစ်ဇနီး ဒေါ်ခင်ကြည်တွင် စတုတ္တမြောက်ရင်နှစ်သည်းချာ သမီးရတနာလေး တစ်ဦး မီးရှုးဖွားမြင်လေသောကြောင့်တည်း၊။

ဖ.ဆ.ပ.လ ခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်းသည်၎င်းတော်သလင်းလဆုပ်( ၁၂ ) ရက် တနင်္ဂနွေနေ့က သူ့တွင် သမီးရတနာတဦး တိုးပြန်ပြီ ဟူသော မင်္ဂလာသတင်းကောင်းကို ကြားရသောအခါ မည်မျှ ဝမ်းမြောက်ပီတိဖြစ်ရှာလေမည်နည်း။

သူ့၏အကြီးဆုံး ကလေးနှစ်ယောက်မှာယောင်္ကျားလေးချည်း ဖြစ်ကြလျှက် ၊ တတိယကလေး မှာ မိန်းကလေးဖြစ်သည်။ ပြေးလွှား ဆော့ကစားတတ်သည့် အရွယ်ဖြစ်သောသားနှစ်ယောက်ကို ကြည့်ရင်းတခါတခါမျက်စိနောက်သောဗိုလ်ချုပ်သည်သူ၏သမီးကလေး အပေါ် အချစ်တွေ ပိုမိလေသည်။ ယခုတဖန် သမီးရတနာတဦးထွန်းကားပြန်ပြီ။

များမကြာမှီသူက ရုံးကပင်ပန်းပြီး ပြန်လာတိုင်း လှေခါးထိပ် မော်တော်ကားဆိုက်ရာသို့ ” ဖေဖေ ပြန်လာပြီ ” ဟုဆိုကာ ၊ဘဝင်အေးစရာ အပြုံးကလေးများဖြင့် ဆီးကြိုတတ်သောသမီးကလေးနှင့်အတူ၊ အဖေါ်ရမည့်သမီးထွေး ကလေးကို စိတ်ကူးယဉ်ကြည့်ရင်း ၊ဗိုလ်ချုပ်( ဝါ )အောင်ဆန်းဦးတို့အဖေ၊အောင်ဆန်းစုကြည်တို့အဖေ၊ ဦးအောင်ဆန်း၏စိတ်တွင်နှစ်သိမ့်ကြည်နူးသွားလေသည်။

သို့သော်..ကံကြမ္မာကသူ၏မျှော်လင့်ချက် အဆောက်အအုံကိုတဟုန်ထိုးမုန်တိုင်းဆင်၍ ၊ ချေမှုန်းဖျက်ဆီးပစ်လိုက်လေသည်။ စက်တင် ဘာလ ၂၆ ရက်နေ့( ဗိုလ်ချုပ်တို့ ဝန်ကြီးအဖြစ် ကျမ်းကျိန်သောနေ့ )တွင်ဗိုလ်ချုပ်၏သမီးထွေးကလေးသည် သူ့ဖခင်၏ ဂုဏ်ရှိန်သမ္ဘာကို လူ့ပြည်တွင် ၅ ရက်မျှ ခံစားကာ အနိစ္စရောက်သွား ရှာလေတော့သတည်း။ ထို သတင်းကို ကြားကြားချင်း ဗိုလ်ချုပ်တယောက် တချက်မျှ ငိုင်သွားကာ

”အင်း …အိမ်ထောင်ကျတဲ့ ၅ နှစ်ရာသီအတွင်း ကလေးလေးယောက်ရလို့ များလှတယ်ဆိုပြီး စိတ်တော့ ညစ်မိပါတယ်။ ဒါပေမယ့် ရပြီးမှ တော့.ကလေးကိုမသေစေချင်ဘူး …သိပ်နှမြောတာပဲဗျာ” ဟုညည်းရှာလေသည်။ နိုင်ငံရေးကိစ္စအ၀၀တွေကြောင့်အလွန်အလုပ်များ လျှက် ရှိသော သူ၏ခန္ဓာကိုယ်အတွင်းရှိနှလုံးသားထဲမှဖခင်တို့၏ချစ်ခြင်းမေတ္တာအဟုန်လည်းပေါက်ကွဲထွက်လာလေသည်။

ကြည့်စမ်းပါဦး….. တနင်္ဂနွေနေ့ကပဲ သမီးရတနာရခဲ့ပြီး ကြာသပတေးနေ့ကျသောအခါ အစိုးရအဖွဲ့ထဲဝင်ပြီး ဝန်ကြီးအဖြစ်ကျမ်းကျိန်ခဲ့ သည်။ ၎င်းကြာသပတေး နေ့မှာပင် ချစ်သမီးလေးဆုံးရပြန်သည့် ကံကြမ္မာက သူ့အား လှောင်ပြောင်ကာ ပျက်ရယ်ပြုခြင်းပင်မဟုတ်ပါ လော။

အစိုးရအဖွဲ့ဝင် ဝန်ကြီးရာထူးက .. ဘယ်လိုပင်မော်တော်ကား၊ရေဒီယို၊တယ်လီဖုန်းအစရှိသည့်အဆောင်အယောင်တွေများများ..အဖိုးမ ဖြတ်နိုင်သည့် ရတနာ (သမီးထွေးကလေး )ဆုံးရှုံးရသည့် ဗိုလ်ချုပ်ခမျာမှာ အဘယ်မှာလျှင်ပျော်နိုင်ရှာမည်နည်း။

ထို့ကြောင့်ပင် ”အစိုးရအဖွဲ့ထဲဝင်ပြီးရာထူးယူရတာဘာကြောင့်မှန်းမသိ၊ ငါတော့မပျော်ဘူးကွာ ” ဟုပြောသောအကြောင်းသည် အထက်ဖေါ်ပြပါအရေးပါသောအကြောင်းအချက်တချက်ဖြစ်ရမည်ဟုကျွနု်ပ်တထစ်ချထင်လိုက်မိသည်။

ကျနော် တမ်းတ မိသော ဗိုလ်ချုပ်၏ အမှတ်တရများ – မောင်လူဝေး

Likes:
0 0
Views:
1016
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *