ဦးချစ်မောင်လမ်းအမည်ပိုင်ရှင် ဂျာနယ်ကျော်ဦးချစ်မောင်

ယနေ့ထိတိုင် လူအများမမေ့ကြသေးသည့် သတင်းစာဆရာဟု ဆိုပါလျှင် ဦးချစ်မောင်ကိုပင်ပြရပေမည်။ ၁၉၃၀ပြည့်နှစ်တစ်ဝိုက်မှစ၍ ယုံကြည်ချက်ပြင်းထန်သူ ၊ တည်ကြည်သူ ၊ မျိုးချစ်စိတ်ပြင်းထန်သူအဖြစ်ကျော်ကြားခဲ့သော သတင်းစာဆရာကြီးဖြစ်သည်။

ဂျာနယ် ကျော်သတင်းစဉ်ကို ဦးစီးထုတ်ဝေခဲ့သဖြင့် ဂျာနယ်ကျော်ဦးချစ်မောင် ဟူ၍ လူသိများလာခဲ့ခြင်းဖြစ်သည်။ ဗဟန်းရှိ ဦးချစ်မောင် လမ်းသည်ဂျာနယ်ကျော်ဦးချစ်မောင်ကို ဂုဏ်ပြုသည့်အနေဖြင့်မှည့်ခေါ်ထားခြင်းဖြစ်သည်။

ဦးချစ်မောင်သည်သတင်းစာဆရာဆိုသော်ငြားသတင်းစာအတွက်ကြိုးပမ်းအားထုတ်နေရုံတင် မဟုတ်ပဲ တိုင်းရေးပြည်ရေး ကိစ္စများကို လည်း စဉ်ဆက်မပြတ်လေ့လာမှတ်သားနေသူဖြစ်သည်။ ဒီအကြောင်းနှင့်ပတ်သတ်၍ ဦးချစ်မောင်က “အယ်ဒီတာဆိုတာ အကုန်နှံ့စပ် ရတယ်။

လွှတ်တော်ထဲမှာရှိတဲ့ဝန်ကြီးတွေထက် အုပ်ချုပ်မှု ကိုနားလည်ရင် ပိုကောင်းတယ်။ တိုင်းပြည်ကောင်းရာကောင်းကြောင်းဖြစ်အောင် တိုင်းပြည်ပေါ်မှာ တိုင်းပြည်ဘက်ကနေပြီး အမှားအမှန် လမ်းမှန်ညွှန်ပြနေရတဲ့အယ်ဒီတာဟာသူတို့ထက်အရည်အချင်း ညံ့လို့မဖြစ်ဘူး” ဟု ပြောဖူးသည်။

တစ်နေ့ဦးချစ်မောင်ကို ရန်ကုန်ပုလိပ်မင်းကြီးကသူ၏ရုံးခန်းသို့လာခိုင်းရာ သတင်းထောက်တစ်ယောက်ကိုသာစေလွှတ်လိုက်သည်။ ပုလိပ်မင်းကြီးက သတင်းထောက်ကို အလိုမရှိ ၊ အယ်ဒီတာချုပ်သာ အလိုရှိကြောင်း ကြိမ်းမောင်းပြောဆို၍ပြန်လွှတ်လိုက်သည်။ နောက်တစ်နေ့တွင် ပုလိပ်မင်းကြီးရုံးခန်းသို့ ဦးချစ်မောင်သွားတွေ့၏။

ပင်နီအင်္ကျီဝတ်ကာ မျက်မှန်ထူထူတပ် ခုံဖိနပ်ကို တဂွပ်ဂွပ်နင်းသွားရာ အယ်ဒီတာချုပ်ဟုမထင်သဖြင့်ပုလိပ်မင်းကြီးက “မောင်မင်း ဘယ်သူလဲ” ဟု အသံခပ်မာမာနှင့် မေးလေသည်။ ထိုင်စရာပင်မပေးသဖြင့် ဦးချစ်မောင်လည်း မပြောမဆိုနှင့် ကုလားထိုင်တစ်လုံးတွင် ထိုင်လိုက်ပြီး မိမိသည် မြန်မာ့အလင်းအယ်ဒီတာချုပ်ဖြစ်ကြောင်းအင်္ဂလိပ်လိုပြောလိုက်သည်။

အယ်ဒီတာချုပ် ဖြစ်သဖြင့် အရင်သတင်းထောက်လို အောက်ငေါက်ထုတ်ဖို့လည်း မဖြစ်သဖြင့် ပုလိပ်မင်းကြီးသည် ဒေါကြီးမောကြီးနှင့် အမိန့်စာတစ်စောင်ကိုသတင်းစာတွင် ထည့်ရန်ပြောဆိုပြီး ပေးလိုက်သည်။ သို့သော် နောက်တစ်နေ့တွင်ထိုအမိန့်စာပါမလာခဲ့။ ထို့ကြောင့် အာမခံငွေတင်၍ဒဏ်ငွေဆောင်ခဲ့ရသည်။ ဦးချစ်မောင်သည်ထိုသို့သောလူမျိုးဖြစ်သည်။ မဟုတ်မမှန်အမိန့်သတင်းများကို သူ့သတင်း စာတွင် ထည့်ရန်ဘယ်တော့မှ အလိုမရှိသူဖြစ်သည်။

တစ်ခါကလည်းမြန်မာ့အလင်းကဦးချစ်မောင်အား ထုတ်ပယ်ခဲ့ဖူးသည်။ထုတ်ရသည့်အကြောင်းအရင်းမှာသတင်းစာသမားပီသစွာ အမှန်တရားဘက်မှ ရပ်တည်ခဲ့သောကြောင့်ဖြစ်သည်။

ထားဝယ်သွားသည့် “အဒမ်ဆင်” သင်္ဘောကြီး အနီးဗုံးပေါက်ကွဲမှုသတင်းနှင့်ပတ်သတ်၍ အစိုးရက “မှားယွင်းကြောင်းဖြေရှင်းချက်” အား သတင်းစာတွင် ထည့်ရန်ပြောရာ ဦးချစ်မောင်ကသတင်းမှာခိုင်လုံ၍ယုံကြည်စိတ်ချရသောသတင်းဖြစ်ကြောင်း ၊ သတင်းစာတွင် ဖြေရှင်းချက်ထည့်ရခြင်းမှာသတင်းစာအတွက်အနာဆုံးကိစ္စဖြစ်ကြောင်းပြောပြီးသတင်းစာတွင်ဖြေရှင်းချက်ကိုလုံးဝမထည့်ခဲ့။

အစိုးရတင်မက သတင်းစာတိုက်မန်နေးဂျင်းဒါရိုက်တာကလည်း ဖိအားပေးသည်။ သို့သော်ဦးချစ်မောင်ကသတင်းစာကို တိုက်ရှင်များက ပိုင်သော်လည်း တိုင်းပြည်ကသာဆိုင်သဖြင့်ဤကဲ့သို့မဟုတ်မမှန်သတင်းများကိုလုံးဝမထည့်နိုင်ဟုအတိုက်အခံပြောကာ အိမ်သို့ပြန် လာခဲ့သည်။ ထိုညတွင်ပင် သတင်းစာတိုက်မှဦးချစ်မောင်အားအလုပ်ထုတ်လိုက်ကြောင်းအကြောင်းကြားစာရောက်ရှိလာခဲ့သည်။

သို့သော်ဦးချစ်မောင်ကမြန်မာ့အလင်းအား အငြိုးမထားခဲ့။ မိမိဘာသာ ဂျာနယ်ကျော်သတင်းစဉ်ကို ဦးစီးလုပ်ကိုင်ခဲ့သည်။ အစိုးရက မြန်မာ့အလင်းသတင်းစာတိုက်ကြီး မှရေးသားလိုက်သည့် “အိုင်စီအက်စ်များ” ဟူသောခေါင်းကြီးကြောင့်မခံမရပ်နိုင်ဖြစ်ကာတစ်ချက် လွှတ်အမိန့်ဖြင့် မြန်မာ့အလင်းတိုက်အား ပိတ်ခိုင်းခဲ့သည်။

ထိုအခါ ဦးချစ်မောင်က ဂျာနယ်ကျော်မှနေ၍ မြန်မာ့အလင်း သတင်းစာအတွက်အစိုးရအပေါ် ပြင်းထန်လှသောခေါင်းကြီးများကို ရေးခဲ့ကာ မြန်မာ့အလင်းသတင်းစာ ပြန်လည်ထုတ်နိုင်ရန် ကူညီကြိုးပမ်း အားထုတ်ပေးခဲ့သည်။

ဦးချစ်မောင်သည် မြန်မာလူမျိုးများ မျိုးချစ်စိတ်ဓာတ်မွေးမြူရေးနဲ့လွတ်လပ်ရေးရရှိဖို့ ဆော်သြတဲ့သောစာများ ၊ အစိုးရကိုမကြောက် မရွံဝေဖန်ရဲသော စာများ ကိုရေးသားခဲ့သည့်အပြင်လွတ်လပ်ရေးအတွက် ကျရာနေရာမှ တာဝန်ထမ်းခဲ့သူဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ဖ ၊ ဆ ၊ ပ ၊ လ ဗဟိုဦးစီးအဖွဲ့တွင်ပါဝင်ခဲ့ပြီးလွတ်လပ်ရေးအတွက်အရေးဆိုရာတွင် အဓိကနေရာမှပါဝင်ခဲ့သည်။ ဖ ၊ ဆ ၊ ပ ၊ လ အစိုးရဖွဲ့စည်းရန်အတွက် ဘုရင်ခံသို့ တင်ပြတောင်းဆိုချက်စည်းကမ်းများကိုရေးဆွဲရာတွင် ဦးချစ်မောင်၏အကြံဉာဏ်များစွာ ပါဝင်ခဲ့သည်။

တိုင်းပြည်အတွက်အလွန်အလုပ်လုပ်သော ၊ အရည်အချင်း နှင့် မျိုးချစ်စိတ်ပြည့်စုံသူဦးချစ်မောင်သည်စာစုပေါင်း ၄၅၀ ကျော်ကို ရေးသားခဲ့သည်။ ကွယ်လွန်ချိန်တွင်ဦးချစ်မောင်အသက်မှာ ၃၃ နှစ်ကျော်သာ ရှိသေးသည်။ တိုင်းပြည်အတွက် အလွန်နှမြောဖို့ကောင်း လှသည်။ ဦးချစ်မောင်၏ဈာပနအား ဖဆပလအဖွဲ့ချုပ်မှ ကြီးမှူး၍ ကြံတောသုသာန်တွင် သြင်္ဂိလ်ခဲ့သည်။

ကိုးကား :

သိသင့်သိစရာ သမိုင်းဝင်ဖြစ်ရပ်များစွာ – နန္ဒာမိုးကြယ်

မြန်မာ့စွယ်စုံကျမ်း

credit : thutazone

Likes:
0 0
Views:
1262
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *