နဝရတ် ကိုးပါးဆိုသည်မှာ

နဝရတ် ကိုးပါး (THE ESTEEMED NINE-GEMS)

နဝရတ်လက်စွပ်သည် မြန်မာ လက်ထပ်ထိမ်းမြားခြင်းတွင်ရွှေခွက်(သို့)ငွေခွက်ထဲတွင်နဝရတ် ကိုးပါး၊ နံသာမျိုးငါးပါးသွေး၍ (သို့မ ဟုတ်) ရေမွှေးများထည့်၍ သတို့သား၊ သတို့သမီးတို့၏ ထိပ်၌သပြေပန်းခက်ဖြင့် ပက်ဖြန်း၍လက်ထပ် ထိမ်းမြားခြင်းကိုပြုလုပ်လေ့ရှိသည်။

နဝရတ်ကိုးပါးမှာ-

ပတ္တမြား (Ruby)

မြ (Emerald)

စိန် (Diamond)

ကြောင် (Cat’s eye stone)

နီလာ (Sapphire)

ဂေါ်မိတ် (Zircon or Garnet)

ဥဿဖယား (Topaz)

သန္တာ (Coral Stone)

ပုလဲ (Pearl) ဖြစ်သည်။

ယင်း ရတနာကိုးပါးစလုံးသည် ကျောက်မျက်မျိုးတွင်ပါဝင်သောရတနာများဖြစ်ကြသည်။ ၎င်းတို့အနက် စိန်၊ ပတ္တမြား၊ မြ နှင့် နီလာတို့သည်အဖိုးအတန်ဆုံးဖြစ်ကြသည်။

ပုလဲနှင့်သန္တာသည် တွင်းထွက်ကျောက်မျက်များမဟုတ်ဘဲ ပုလဲကို ကမာ (သို့မဟုတ်) မုတ်ကောင်၏ ကိုယ်တွင်းမှရ၍သန္တာကိုသန္တာ ကောင်များရှိသောသန္တာကျောက်တန်းများမှရသည်။

နီလာနှင့် ပတ္တမြားမှာ ကျောက်မျက်အမာမျိုးတမျိုးတည်းပင်ဖြစ်၍ အသွေးအရောင်၌သာခြားနားခြင်းရှိကြသည်။ ပတ္တမြားသည် သွေးကဲ့သို့ နီသောအရောင်ရှိ၍နီလာသည်တောက်ပသော အပြာရောင်ရှိသည်။ စိန်ကိုကျောက်မျက်တို့၏ဘုရင်ဟုပင်ခေါ်သည်။

ကျောက်မျက်အမျိုးပေါင်း ၁၂၀ ရှိသည့်အနက်စိန်သည် အမာဆုံးသောကျောက်မျက်ဖြစ်သည်။ ကြောင်ကိုကြောင်မျက်ရွဲဟုလည်း ခေါ်ကြသည်။ မြတွင်ကြည်လင်စိမ်းမြသောအရောင်ရှိသည်။ သို့သော် စိန်၊ နီလာနှင့်ဥဿဖယားတို့လောက်မမာချေ။

ဂေါ်မုတ်သည် ကျောက်သလင်းနှင့်ရော၍တွေ့ရတတ်သောကျောက်မျိုးဖြစ်သည်။ အထက်ပါရတနာကိုးပါးစီခြယ်အပ်သောလက်စွပ်ကို နဝရတ်လက်စွပ်ဟုခေါ်သည်။

မှတ်ချက်။ ။နဝရတ်လက်စွပ်ပြုလုပ်ရာတွင်မဏိသျှတ္တရ-ရတနာကျမ်းမူအရအများဆုံးပြုလုပ်လေ့ရှိပါသည်။

အကျိုးကျေးဇူးများ

ပဒေသရာဇ်ခေတ် မြန်မာဘုရင်များ၏ အသုံးအဆောင်များဖြစ်သော ကွမ်းအစ်၊ လည်ဆွဲကြိုး၊ လက်ကောက်၊ ဆံထုံးများတွင် နဝရတ်ကိုးပါး စီခြယ်ထားသည်ကို တွေ့ရှိရသည်က ရှေးခေတ်များတွင်ကျောက်မျက်များ၌ ထူးခြားသော တန်ခိုးများရှိသည်ဟု လူတို့ အယူရှိခဲ့ကြသည်။ နဝရတ်တွင်ပါသော ကျောက်မျက်ရတနာတပါးစီတွင် တန်ခိုးအာနိသင်များ ရှိကြသည်ဟု သိရသည်။

ပတ္တမြားသည် မြန်မာနိုင်ငံမှထွက်ရှိ၍ဘုန်းတန်ခိုးရှိသည်။ ရန်သူအန္တရယ်မှ ကာကွယ်နိုင်သည်ဟု အယူရှိကြသည်။ မြန်မာနိုင်ငံမှပတ္တမြား ငမောက်ကို ပဒေသရာဇ်မင်းတို့က ဘုန်းတန်ခိုးအာနိသင်ရှိအောင်နှင့် ရန်သူအန္တရယ်မှ ကာကွယ်နိုင်အောင် ဆောင်ထားခြင်းကိုသမိုင်းရာဇ ဝင်များတွင် လေ့လာတွေ့ရှိရသည်။

မြကျောက်သည် စိမ်းမြသောအရောင်နှင့် ညီမျှသော အေးချမ်းခြင်း၊ သောကကင်းဝေးခြင်း၊ စိတ်တည်ငြိမ်ခြင်းကို စွမ်းဆောင်နိုင်သည်ဟု ဆိုသည်။ စိန်သည် တောက်ပဖြူစင်ပြီး ဘုန်းတန်ခိုးကြီးခြင်း၊ အိမ်ထောင်ခိုင်မြဲခြင်း၊ စီးပွားလာဘ်လာဘတိုးတက်ခြင်းတို့ကိုစွမ်းဆောင်နိုင် သည်ဟုဆိုပါသည်။

ကမ္ဘာလူသားတိုင်း မင်္ဂလာလက်စွပ်လဲလှယ်ရာတွင် စိန်လက်စွပ်ကိုအသုံးပြုကြခြင်းသည် အိမ်ထောင်ခိုင်မြဲမှုအတွက် ရည်ရွယ်ခြင်း ဖြစ်သည်။ ရုရှားနိုင်ငံနှင့် အာဖရိကနိုင်ငံများတွင် ကမ္ဘာ့အကောင်းဆုံးစိန်များထွက်ရှိသည်။ ကြောင်ကျောက်သည် သိဒ္ဓိပြီးမြောက်သည်၊ အောင်မြင်သည်၊ တန်ခိုးရှိသည် စသည်များကို စွမ်းဆောင်နိုင်သည်ဟုသိရသည်။

နီလာကျောက်သည် သူတပါး၏မေတ္တာကိုရရှိသည်။ လူတို့၏ချစ်ခင်မြတ်နိုးမှုကိုရရှိသည်။ ရန်အပေါင်းမှကာကွယ်နိုင်သည် စသည်များကို စွမ်းဆောင်နိုင်သည်ဟုသိရသည်။

ဂေါ်မုတ်ကျောက်သည် ခွန်အားကြီးခြင်း၊ ကျန်းမာခြင်း၊ ရန်သူကို အောင်နိုင်ခြင်း၊ စသည်များကို စွမ်းဆောင်နိုင်သည်ဟုသိရသည်။

ဥဿဖယား ကျောက်သည် ကျန်းမာရေးကောင်းမွန်မှုကို ပေးစွမ်းနိုင်ခြင်း၊ စိတ်ချမ်းသာခြင်း၊ စီးပွားလာဘ်လာဘကောင်းခြင်း စသည်များကိုစွမ်းဆောင်နိုင်သည်ဟုဆိုသည်။

သန္တာကျောက်သည် အကြီးအကဲဖြစ်ခြင်း၊ ခေါင်းဆောင်ဖြစ်ခြင်း၊ သူတပါးအကျိုးကို ဆောင်ရွက်နိုင်ခြင်း၊ ရန်သူကိုအောင်နိုင်ခြင်း စသည်များကို စွမ်းဆောင်နိုင်သည်ဟုဆိုသည်။

ပုလဲရတနာသည် ကျက်သရေရှိခြင်း၊ လူ၊နတ်၊ချစ်ခင်ခြင်း၊ ကျန်းမာခြင်း၊ အန္တရယ်ကင်းခြင်း စသည်များကိုစွမ်းဆောင်နိုင်သည် ဟုသိရသည်။

ကဝိလက္ခဏာသတ်ပုံကျမ်းတွင် မျက်စုံလည်းသတ်၊ နဝရတ်၊ စီခတ်အမွှမ်းတင်-ဟုတွေ့ရသည်။ လူတို့သည် နဝရတ်လက်စွပ်ကို ကျက်သရေဂမင်္ဂလာ ပြည့်စုံသည်ဟုယုံကြည်၍ ဆင်ယင်လေ့ရှိကြသည်။

ဒေသခံတို့ အမည်ပေးခဲ့သည့် ကျောက်အခေါ်များ

ပတ္တမြား

ပြဒါးဓါတ်များ ကိန်းအောင်းရာမှ ဖြစ်လာသောကြောင့် ပြဒါးများ ဟု ခေါ်ရာမှနေပြီး နောင်တွင် ပတ္တမြားဟု အမည်တွင်လာသည်ဟု ပြောဆိုကြသည်။

နီလာ

ရှေးက ကျောက်ထွက်နှုန်းများပြီး ကျောက်များအလွန်ပေါရာ အနီရောင်ပတ္တမြားမှသာ တန်ဖိုးထားကြသည်။ အပြာရောင်ကျောက် များထွက်လာလျှင် နီလိုက်ပါတော့လား၊ နီလာပါတော့လား၊ ” ဟု ပြောဆိုကြရာမှ အပြာရောင်ကျောက်ကို နီလာဟု ခေါ်ဆိုကြခြင်း ဖြစ်သည်။

အညံ့

ပတ္တမြားကျောက်ကဲ့သို့ပင် အရောင်တူတူထွက်သော်လည်း ပတ္တမြားကျောက်ထက် မာဆင့် နိမ့်သည်။ အနီရောင်ချင်းတူသော်လည်း ပတ္တမြားထက် ညံ့သဖြင့် အညံ့ကျောက်ဟု အမည်တွင်ခဲ့ခြင်း ဖြစ်သည်။

နတ်သွေးကျောက်

အညံ့ပန်းအမျိုးအစားဖြစ်ပြီး သဘာဝအတိုင်း ရှစ်ထောင့်ပုံသဏ္ဍာန်အညီရှိကာ ကြည်လင်တောက်ပသော သဘာဝအရောင်လည်း ရှိပါသည်။ လူတို့ပြုလုပ်ထားသည်ထက်ပင် သဘာဝတွင်းထွက်က ပိုလှနေသဖြင့် နတ်တို့ဖန်ဆင်းပေးသည့်ကျောက် (နတ်တို့သွေးထားပေး သည့် ကျောက်) ဟု ခေါ်ရာမှနတ်သွေးကျောက်ဟုအမည်တွင်ခဲ့ခြင်းဖြစ်သည်။

ပြောင်ခေါင်းစိမ်း

မြန်မာတစ်နိုင်ငံလုံးမည်သည့်နေရာမှမထွက်ဘဲ မိုးကုတ်တွင်သာထွက်ရှိသည်။ မိုးကုတ်မြို့တွင်လည်း ပြောင်ခေါင်းဒေသတစ်ဝိုက်တွင်သာ ထွက်ရှိခြင်း၊ ကျောက်၏သဘာဝအရောင်မှာ အစိမ်းရောင်ဖြစ်ခြင်းတို့ကို အစွဲပြုပြီး ပြောင်ခေါင်းစိမ်းကျောက်ဟု ခေါ်ကြသည်။

မြန်မာ့စွယ်စုံကျမ်းမှ

Likes:
0 0
Views:
1238
Article Categories:
KNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *