အဖြေရှာမရပဲ ပျောက်ဆုံးသွားသော စာရေးဆရာကြီး

မြန်မာ့စာပေလောကတွင် ထူးထူးခြားခြား အဖြေရှာမရပဲ ပျောက်ဆုံးသွားသူအဖြစ် ယနေ့တိုင် မှတ်တမ်းတင်ခြင်းခံထားရသူမှာ  စာရေးဆရာ မင်းဆွေဖြစ်သည်။ သူ့ခေတ်သူ့အခါက နာမည်ကြီးစာရေးဆရာကြီး တစ်ဦးဖြစ်ပြီး သူရေးသားခဲ့သည့် “ဓား” ဝထ္ထုသည် ယနေ့တိုင် စာပေချစ်သူတို့အကြား ရေပန်းစားဆဲ ရှိတုန်းပင်။

စာရေးဆရာမင်းဆွေအားမော်လမြိုင် မြို့တွင် ၈ ဇွန် ၁၉၁ဝ တွင် မွေးသည်။ ဖခင်မှာ န်းပဲဆရာကြီး ဖြစ်သည်။ ငယ်စဉ်ကပင်မိဘ နှစ်ပါး ကွယ်လွန် ခဲ့သည်။ ထို့ကြောင့်ကြီးဒေါ် ထံတွင်ကြီးပြင်းခဲ့ရသည်။ ငယ်မည်မောင်ချစ်လှိုင် (ခေါ်) မောင်မြင့်လှိုင် ဖြစ်၏။

ပီမိုးနင်း၏ “ပင်နန်းရံရွှေငယ်ကျွမ်းဆွေ” ကို ဖတ်မိရာမှစာရေးဆရာဖြစ်ရန်ရည်စူးခဲ့၏။ ၁၉၃၅ ခု ဝန်းကျင် ဒဂုန် မဂ္ဂဇင်းတွင် “ရွှေမြိုင်ညွန့်” ကလောင်အမည်ယူပြီး “တစ်သုံးလုံး” စုံထောက်ဝတ္ထုကိုစတင်ရေးခဲ့သည်။ “ရန်သူ့ မေတ္တာ” စုံထောက်ဝတ္ထု၊ အိုင်ဆေးယောက်ဖ၊ အိုင်လပ် (ဖ) ယူ၊လူပါးဝတဲ့ကောင်စသည့်ဟာသနှင့်အခြားသောအချစ်ဝတ္ထု တိုရှည်များကိုဆက်လက်ရေးသားခဲ့သည်။

၅ ဧပြီ ၁၉၃၅ ခုတွင် ရန်ကုန်သို့ ပြောင်းခဲ့သည်။ ရန်ကုန်ရေကျော်ရပ်တွင် သူငယ်ချင်း များနှင့်အိမ်ငှား၍စုနေကြသည်။ အရင်းနှီးဆုံးစာပေ မိတ်ဆွေ များမှာ ရဲထွတ် (ဦးသော်)၊ ရဲသမိန်(မာဃကုန်စုံဆိုင်ရှင် ဦးဘကြိုင်)၊ မင်းအောင်တို့ဖြစ်ကြသည်။ရန်ကုန်ရောက်စမှာပင် “ခယ်မပျို” လုံးချင်း စာအုပ်ကိုဦးဘဆန်းအင်ဆန်းတိုးတက်ရေးဝတ္ထုတိုက်ကထုတ်ဝေလိုက်သည်မှနာမည်ရလာပြီး၊ အခြားဝတ္ထု တိုက်များ ကလည်းအလုပ်အပ်နှံလာကြသည်။

ဗန္ဓုလသတင်းစာတွင် ဆရာကြီး ပီမိုးနင်း အယ်ဒီတာချုပ် လုပ်စဉ် တာဝန်ခံ အယ်ဒီတာ အဖြစ် ဆောင်ရွက် ခဲ့ဖူး၏။ တခါသော်ဆရာကြီး ပီမိုးနင်း ရေးသည့်သတင်းစာအခန်းဆက်ဝတ္ထုရှည်ကြီး တပုဒ်တွင်ဆရာကြီး ရုတ်တရက်မကျန်းမာခိုက်ဝင်ရောက်ရေးသားပေးခဲ့ ဖူးသည်။

ဂျပန် ခေတ်တွင် ပဲခူး ကျောက်တန်း၊ ကွမ်ပေါင်ရွာ တို့တွင် နေခဲ့သည်။ မော်လမြိုင် အစိုးရ အထက်တန်း ကျောင်း ရန်ပုံငွေ ပွဲတွင် ပြဇာတ် ဒါရိုက်တာ လုပ်ခဲ့ရာမှ လူကြိုက် များပြီး မော်လမြိုင် ဝန်းကျင်သို့ လှည့်လည် ဖြေဖျော် ခဲ့ရသည်။

ဗိုလ်ချုပ် အောင်ဆန်းနှင့်အာဇာနည်ကြီးများ ကျဆုံးပြီးစအချိန်ခန့်၌သူရိယသတင်းစာတိုက်တွင်လခစားအဖြစ်ဝင်ရောက် လုပ်ကိုင်သည်။ မကြာမီနုတ်ထွက်လိုက်ပြီး ကိုယ်ပိုင်ကြယ်နီစာအုပ်တိုက်ကိုတည်ထောင်သည်။ သူဘုငါဘောက်၊ လူချင်းမတူ၊ ဓား (ဒုတိယအကြိမ်) နှင့် ကလဲ့စားတို့ကိုထုတ်ဝေခဲ့၏။ ထိုကာလမှာပင်မကျန်းမမာဖြစ်လာသည်။

တပြိုင်နက်တည်းလိုလိုပင် အရင်းနှီးဆုံး စာရေးဆရာရဲထွက်ကွယ်လွန်သွားခြင်း၊ အချစ်ဆုံးတူဦးအောင်မြင့် (ကျိုက္ခမီဆားဖိုပိုင်ရှင်) ရန်ကုန်မှ မော်လမြိုင်သို့အပြန် ၁၄-၃-၄၉ တွင်လေယာဉ်ပျက်ကျကွယ်လွန်ခြင်း တို့ကြောင့်စိတ်နှလုံးအထူးထိခိုက်ကြေကွဲခဲ့ရသည်။ သို့ဖြင့် ၂၆ ဇူလိုင် ၁၉၄၉ နေ့တွင်ဆေးကုသရန်လာသည့် ဆရာအတွက်ဆေးလိပ်ဝယ်ရန် နေအိမ်မှထွက်သွားရာယနေ့အထိပျောက်ဆုံး ခဲ့ရတော့သည်။

ဝထ္ထုပေါင်း ၃၆ပုဒ်ခန့်ရေးသားခဲ့ပြီး ယင်းတို့ အနက်ဓားကို မျိုးမြင့်ရန်နောင် (၁၉၅ဝ)၊ လင် (၁၉၅၁)၊ မနိုင်ငံကို စွဲစွဲမြဲမြဲ (၁၉၅၂)၊ လူချင်းမတူကိုကြုံလေဘုံဘွေ (၁၉၅၃)၊ ချစ်တဲ့ညကိုကကြီးရေက (၁၉၆ဝ ခန့်) အမည်များဖြင့်ရုပ်ရှင်ရိုက်ခဲ့ကြသည်။ ‘ဓား’ ဝတ္ထုသည် မြန်မာသက္ကရာဇ် ၁၃ဝ၅ ခုနှစ်စာရေးဆရာအသင်းဝတ္ထုဆုကိုရရှိခဲ့သည်။

နောက်ပိုင်း တွင်လည်း နာမည် (?) စာအုပ်ကို ထုတ်ခဲ့၏။ ‘ချစ်ရေးမညီ’ဝတ္ထုမှာမူရန်အောင်ရေးပြီးမင်းဆွေကလောင်အမည်နှင့် ထုတ်ကြောင်းအမှတ်အသားရှိခဲ့သည်။

“သူ၏ ဝတ္ထုများမှာ ဘဝနှင့် အလွန် နီးစပ်သော အတွေးအခေါ် အလှည့်အပတ် ကလေးများ ပါဝင်၍ အရေးအသားလည်း ဆန်းဆန်းပြားပြား မဟုတ်ဘဲ ရိုးရိုးပြေပြေ ရေးတတ် သောကြောင့် ဖတ်၍ ကောင်း၏” ဟူ၍ လည်းကောင်း၊

မောင့်ပွင့်ကောင်း – သန်းသန်း (၁၉၃၆) ဝတ္ထုနှင့် စပ်လျဉ်း၍ “အဖြစ်အပျက် မှန်ကို ဇာတ်ဆောင် ယောက်ျားကလေး၊ မိန်းကလေး တို့၏ ဓာတ်ပုံများနှင့်တကွအဖြစ်အပျက်မှန် ဝတ္ထုကို စတင်ရေးသားသူ …..” ဟူ၍လည်းကောင်းဒဂုန်ရွှေမျှားကကောက်ချက်ဆွဲခဲ့၏။

“မင်းဆွေ သည် စာဖတ်သူတို့အားတိုင်းပြည့်လိုအင်နှင့် အညီတိုးတက်အောင်လှုံ့ဆော်ရာတွင်ထိရောက်အောင်မြင်သော စာရေးဆရာ” ဟူ၍လည်း မလိခကမှတ်ချက်ပေးပါသည်။

ရာပြည့် ဦးစိုးညွန့် စုစည်း တည်းဖြတ်သော ‘၂ဝ ရာစု မြန်မာ စာရေး ဆရာ ၁ဝဝ အတ္ထုပ္ပတ္တိ အကျုဉ်း’ စာအုပ် (၂ဝဝ၅ ခု၊ ဇူလိုင်)

Myanmar Wikipedia

Likes:
0 0
Views:
1711
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *