မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်းကို ပထမဦးဆုံး စတင်လုပ်ကိုင်သူ

(၁၉၀၀)ပြည့်နှစ် ဝန်းကျင်ကပင် အိန္ဒိယရူပီးငွေသိန်းတစ်ရာခန့်ရင်းနှီးမြှုပ်နှံထားသည့် “ဦးရဲကျော်သူအင်ကုမ္ပဏီလီမီတက်” လုပ်ငန်းကို တည်ထောင်ခဲ့သူ၊ သူ့ခေတ်သူ့အခါကရခိုင်ပြည်နယ်တွင်အချမ်းသာဆုံး လုပ်ငန်းရှင်၊ သူ့လက်နှင့်ထိသမျှငွေဖြစ်သည်ဟုတင်စားပြောခံရ သူ၊ အိန္ဒိယအစိုးရကပင် ဖိတ်ကြား၍ သူဌေးဘွဲ့နှင့် ကျက်သရေဆောင်ရွှေစလွယ်ချီးမြှင့်ခံခဲ့ရသူဖြစ်သည်။

ကျောင်းသင်ပညာ မရှိသော်လည်း ထူးခြားသော ဇွဲလုံ့လဝီရိယတီထွင်ဉာဏ် နှင့် ပြည့်စုံ၍လှေထိုးသားဘဝမှစီးပွားရေးလုပ်ငန်းရှင် ဖြစ်လာသူ၊ သူဌေး ဖြစ်လာသော်လည်း ဘဝမမေ့ဘဲလှေထိုးသားဘဝကအသုံးပြုခဲ့သည့်လှော်တက်ကိုရွှေချလျက် အိမ်တွင် ချိတ်ဆွဲထားသူ၊

ထူးခြားမှုတစ်ရပ်မှာ အများအကျိုးအတွက်နေ့စဉ် နံနက် ၄ နာရီ အိပ်ရာမှထကာလက်ဆွဲမီးအိမ်ကိုင်ကုလား တပည့်ကလေးနှင့်အတူမြို့ ကိုလှည့်၍ “အရပ်သားတို့၊ ရွာသားတို့၊ ထကြလော့၊ ရေထဲတွင်ငွေတွေမျှောနေသည်၊ ဆယ်ယူကြလော့”ဟုဆော်ဩလေ့ရှိသူစသည့် ကောင်းသတင်း အဖုံဖုံနှင့်ပြည့်စုံသောစွန့်စားတီထွင်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည်။

ဦးရဲကျော်သူကို ၁၈၃၃ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့၌ ယခု ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ပင်းဝါမြို့အနီးပဲတလီ ကျေးရွာ၌ ဖွားသည်။ အဖမှာ ရခိုင်တိုင်းရင်းသား ဦးဒိုးအောင်ကြွယ်ဖြစ်၍ ညီအစ်ကို ၄ ဦးတွင်တတိယမြောက်ဖြစ်သည်။ အစ်ကိုရဲဘော်သွယ်၊ ရဲမြသွယ်နှင့် ညီမှာ ရဲအောင်ရှီ ဖြစ်သည်။အရွယ်ရောက်လျှင်ညီအစ်ကိုနှစ်ဦးမိမိတို့၏ဇာတိရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ အလုပ်ရှာရန် ပြန်လာ ကြသည်။

မကြာမီအစ်ကိုဖြစ်သူမှာမိဘများထံပြန်သွား၍တစ်ဦးတည်းစစ်တွေ၌ကြုံရာအလုပ်ကိုလုပ်ကိုင်ခဲ့သည်။ ပထမဦးဆုံးစစ်တွေမြို့ ကန်ဒကာ သူဌေးကြီး ဦးသံခြွီ၏ ကုန်ရောင်းလှေတွင်လှေထိုးသားအဖြစ်စတင်လုပ်ကိုင်ခဲ့သည်။

အလုပ်ကို ရိုးရိုးသားသားနှင့် ကြိုးစားရုံမျှမကဝီရိယရှိမှု အမြော်အမြင် ရှိမှုတို့ကြောင့် လှေထိုးသားမောင်ရဲကျော်သူကိုသူဌေးကြီး ဦးသံခြွီကသမီးဖြစ်သူမသံဒါဖြူ နှင့်လက်ထပ်ပေးခဲ့သည်။ လက်ထပ်ပွဲပြီးနောက်ရရှိသောမင်္ဂလာလက်ဖွဲ့ ရတနာရွှေငွေများကို ယောက္ခမ၏အလုပ်တွင်ရှယ်ယာအဖြစ်ပြန်လည်အပ်နှံ၍စီးပွားရေးကိုဇောက်ချလုပ်ကိုင်ခဲ့သည်။

သစ်လုပ်ငန်း၊ အရှေ့ပါကစ္စတန် (ယခု ဘင်္ဂလားဒေ့ရှ်) မှ ဆေးရွက် ရောင်းဝယ်ရေးလုပ်ငန်း၊ ပင်လယ်ကူးလှေသမ္ဗန်များမှမြစ်သဲရှင်ဝယ် ယူမှုလုပ်ငန်း၊ စစ်တွေမြို့အနီးမြေရိုင်းများဝယ်ယူမြှုပ်နှံမှုလုပ်ငန်း၊ မြေငှားလုပ်ငန်း၊ ဆန်စပါးရောင်းဝယ်ရေး၊ ဗျိုင်းတောင်၊ ဗျိုင်းမွှေး ရောင်းဝယ်ရေးလုပ်ငန်း စသည့် စီးပွားရေးလုပ်ငန်းမျိုးစုံ လုပ်ကိုင်ခဲ့ရာထိုခေတ်ထိုအခါကရခိုင်ပြည်နယ်စစ်တွေမြို့၌ အချမ်းသာဆုံး လုပ်ငန်းရှင်တစ်ဦးဖြစ်ခဲ့သည်။

ဦးရဲကျော်သူသည်အောက်ခြေမှတက်လာသူ ဘဝနာခဲ့သူပီပီ ဆင်းရဲသား၊ တောင်သူလယ်သမားများအပေါ် စာနာမှုရှိသည်။ ဆန်စပါးရောင်း ဝယ်ရေး လုပ်ငန်းတွင် မိုးဘရားသား၊ စတီးဘရားသား၊ ဘလုတ်ဘရားသားစသည့်နိုင်ငံခြားကုမ္ပဏီများ၏ ဈေးနှိမ်မှုကိုနည်းမျိုးစုံနှင့် ကာကွယ်၍ရခိုင်တောင်သူလယ်သ မားများ မနစ်နာစေရန်စပါးဈေးကိုပိုမိုပေးခဲ့သည်။ဦးရဲကျော်သူ၏စီးပွားရေးလုပ်ငန်းများအနက် စစ်တွေ မြို့ ၌ ဖွင့်လှစ်ခဲ့သည့် “ဦးရဲကျော်သူအင်ကုမ္ပဏီလီမီတက်” လုပ်ငန်းသည်အထင်ရှားဆုံးဖြစ်သည်။

ဤလုပ်ငန်းတွင်ကုမ္ပဏီရှယ်ယာပိုင်ဆိုင်သူများထံမှ အပ်ငွေနှင့် ထုတ်ငွေများကို ချက်လက်မှတ်စနစ်သုံး၍ငွေချေး ခြင်း၊ ရွှေပေါင်၊ မြေပေါင်လက်ခံခြင်းတို့ကို ဆောင်ရွက်သောကြောင့် မြန်မာနိုင်ငံတွင် ပထမဦးဆုံးဘဏ်လုပ် ငန်းပိုင်ရှင်ဟုသတ်မှတ်ကြသည်။

ထိုဘဏ်လုပ်ငန်းသည် ၁၉၁၀ ပြည့်နှစ်ဝန်းကျင်တွင် ရင်းနှီးမြှုပ်နှံမှုရူပီးငွေသိန်းတစ်ရာကျော် ရှိသည်။ဦးရဲကျော်သူ ကွယ်လွန်ပြီးနောက် သတ္တမမြောက်သားဖြစ်သာဦးရွှေသာသည် ၁၉၂၄ ခုနှစ် ဝန်းကျင်တွငတရားဝင်ဘဏ်အဖြစ်စနစ်တကျတည်ထောင်၍ဆောင်ရွက်ခဲ့ သည်။ ယင်းဘဏ်မှ “မသံဒါဖြူအင်ကုမ္ပဏီလီမီတက်”ကို ခွဲခြားတည်ထောင်၍အိမ်ငှားခ၊ မြေငှားခကောက်ခံသည့်လုပ်ငန်းများကိုလုပ်ဆောင်ခဲ့ သည်။

ဦးရဲကျော်သူ၏အင်ကုမ္ပဏီလီမိတက်မှာ မြန်မာအမျိုးသားဘဏ်ဖြစ်ပြီး ဒုတိယဘဏ်မှာ ၁၉၂၆ ခုနှစ်တွင် မန္တလေးမြို့ ၌ဖွင့်လှစ်သော မြန်မာနိုင်ငံ ဗုဒ္ဓဘာသာမိဘမဲ့ကလေးများစောင့်ရှောက်ရေးအသင်းက တည်ထောင်သည့် ( ဘီဘီအိုအေ ) ဘဏ်ဖြစ်သည်။ထိုစဉ်က ချစ်တီးကုလားများပိုင်ဘဏ်များ မြို့ ရွာအနှံ့ရှိသော်လည်း စစ်တွေမြို့တွင် ဦးရဲကျော်သူ၏ဩဇာအာဏာကြောင့် ချစ်တီးကုလားများက စစ်တွေမြို့တွင် ဘဏ်များဖွင့်လှစ်ရန် အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်းမည်သည့်ဘဏ်မှဖွင့်လှစ်နိုင်ခြင်းမရှိခဲ့ပါ။

ဦးရဲကျော်သူ၏ ကြွယ်ဝချမ်းသာမှု ဂုဏ်သတင်းကြောင့် အိန္ဒိယအစိုးရက ဖိတ်ကြား၍ အိန္ဒိယ သူဌေးများကို ချီးမြှင့်သည့် သူဌေးဘွဲ့နှင့် ကျက်သရေဆောင် ရွှေစလွယ်ရတံဆိပ် ချီးမြှင့်ခဲ့သည်။ ဗြိတိသျှမြန်မာပြည်ကော်မရှင်နာ၏အကြံပေးဘုတ်အဖွဲ့ဝင်အဖြစ်လည်း ပါဝင်ဆောင်ရွက်ခဲ့ရသည်။

စီးပွားရေး အောင်မြင်လာသည်နှင့်အမျှ ဘုရားတည်၊ကျောင်းဆောက်အလှူဒါနအမြောက်အမြားပြုလုပ်ခဲ့ သည်။ အထင်ရှားဆုံးမှာ ကျောက်တော်ရှိ မဟာမုနိဘုရား သိမ်တန်ဆောင်းတော်ကြီး၊ ကြေးဆင်းတုတော် ကြီးတို့ ဖြစ်သည်။

ထိုစဉ်ကထင်ရှားသောလယ်တီဆရာတော်ကြီးကိုလည်းစစ်တွေမြို့သို့ပင့်၍တရားပွဲများ ကျင်းပပေးခဲ့သည်။ လူမှုရေးအနေဖြင့်စစ်တွေ ဆေးရုံကြီး၌ အမျိုးသမီးသားဖွားဆောင်ကိုဆောက်လုပ်လှူဒါန်းခဲ့သည်။ ယခုအခါသံကျောင်း(သို့) ဦးရဲကျော်သူကျောင်းဟုအမည်တွင် သော ဘုန်ကြီးကျောင်းကိုသက်ရှိထင်ရှား ရှိစဉ်ကပင်ဆောက်လုပ်ရန်သစ်များဝယ်၍စီစဉ်ခဲ့သည်။

နောင်အခါဖခင်ကိုရည်စူး၍ သားသမီးများကသံထည်များဖြင့်တည်ဆောက်ခဲ့သောကြောင့် သံကျောင်းဟုအမည်တွင်ခဲ့သည်။ ဦးရဲကျော်သူနှင့်ဒေါ်သံဒါဖြူတို့တွင် သားသမီး (၁၀)ဦး ထွန်းကားခဲ့သည်။

သား (၆) ဦးမှာ ဦးကျော်ဦး၊ ဦးချန်ထွန်း၊ ဦးစံကျော် ၊ ဦးရွှေဘန်း၊ ဦးသာဇံ ၊ ဦးရွှေသာ နှင့် သမီး (၄) ဦးမှာ ဒေါ်စံဝင်း၊ဒေါ်စံမြခိုင်၊ ဒေါ်ရွှေခိုင်၊ဒေါ်ရွှင်ထီးမ တို့ဖြစ်ကြသည်။ ၎င်းတို့အနက် သား(၄)ယောက်မှာ ထင်ရှားသည်။

သားအကြီးဆုံး ဦးချန်ထွန်းမှာအင်္ဂလန်တွင်ဥပဒေပညာသင်ကြားခဲ့ပြီး ဥပဒေနောက်ဆုံးနှစ်၌ပထမတန်းမှအောင်မြင်ခဲ့ကာနောင်အခါ ထင်ရှားသော ဥပဒေပညာရှင်တစ်ဦးဖြစ်လာသည်။ ဦးချန်ထွန်းကဲ့သို့ပင်သားများဖြစ်သော ဦးရွှေသာ၊ ဦးရွှေဘဲ၊ ဦးသာဇံတို့ကိုလည်း အင်္ဂလန်သို့စေလွှတ်၍ဥပဒေပညာများသင်ကြားစေခဲ့သည်။

ဦးရဲကျော်သူသည်အသက် ၇၇ နှစ်အရွယ် မြန်မာသက္ကရာဇ် ၁၂၇၂ ခုနှစ် နယုန်လပြည့်ကျော် (၁၃) ရက်အင်္ဂါနေ့ နံနက် (၈)နာရီတွင် ကွယ်လွန်ခဲ့သည်။ကွယ်လွန်ချိန်တွင် သားသမီးများအတွက်အမွေအဖြစ်ရူပီးငွေသိန်း ၇၀ မျှကျန်ရစ်ခဲ့သည်။

မောင်ဇေယျာရေးသားသောမြန်မာလူကျော် ၁၀၀ (ပထမအုပ်)

အတွဲ ၁၊ အမှတ် ၆ ၊ သဇင်ပန်းခိုင်ဂျာနယ်

Myanmar Wikipedia

Credit : thuthazone

Likes:
0 0
Views:
1224
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *