ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်ပြီး စိတ်အထိခိုက်ရဆုံး အကြောင်းအရာ လေးနှစ်ခု

ရှေးယခင်ကတည်းက မြန်မာတို့ဟာ အတိတ် နိမိတ်ကို ယုံကြည်တဲ့ လူမျိုးများဖြစ်ပါတယ်။ ခုချိန်ထိတိုင်အောင်လည်း ယုံကြည်ကြ သူများရှိပါသေးတယ်။

အတိတ် ဆိုသည်မှာ ဖြစ်ခဲ့၊ ဖြစ်ဆဲသောအခြင်းအရာတို့ဟာနောက်တစ်ချိန်တွင် တစ်ကျော့ပြန်ဖြစ်နိုင်တယ် ၊ နိမိတ်ကောက်ရန် အခြေခံအချက် ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။ (တချို့စာတွေမှာတော့တိတ်လို့ရေးပြီးလာရောက်ပေးတဲ့လက်ဆောင်ပေါ်မူတည်ပြီး ဖြစ်လာမယ့် အဖြစ်အပျက်ကိုဟောကိန်းထုတ်ယူခြင်းလို့ ဆိုပါတယ်)

နိမိတ်ဆိုတာကတော့ နောက်ဖြစ်လာမယ့် အကြောင်းကို ကြိုတင်၍ပြတဲ့ အဓိပ္ပါယ်ပါ။ ဥပမာ တခုခုကျကွဲတာမျိုး၊ စိတ်တွေလေးနေ တာမျိုး ဆိုလျင် ဒီနေ့တော့ အဆင်မပြေတာတခုခုဖြစ်ဦးမယ် ဆိုသလို၊ ဘုရားအလောင်းက သူအို၊ သူနာ၊ သူသေ၊ ရဟန်း စတဲ့ နိမိတ်ကြီးလေးပါကို မြင်သလိုစတာတွေဟာနိမိတ်ပါ။

နောက်စနည်းဆိုတာရှိပါသေးတယ်။ ဒါကိုလည်း သမိုင်းစာအုပ်တွေမှာအမြဲလိုလိုပါလေ့ရှိပါတယ်။ တိုင်းရေးပြည်ရေးစနည်းထွက်နာ လိုက်ဦးမယ်ဆိုတာမျိုးပါ။

နောက် တဘောင်ကတော့ သူငယ်၊ သဘင်သည် နှင့် သူရူးတို့ပြောဆိုကြသောနိမိတ်စကား လို့ မြန်မာအဘိဓာန်ကဆိုပါတယ်။ ဥပမာ ကုန်းဘောင်ခေတ်က တဘောင် ဆိုရင်” တုံးအောက်က သီတွန်လူလွန်မသား၊ မုန့်ဆီကြော် အလယ်အက်တယ်၊ ထီးဖျက်မဲ့သား ” ဟူ၍ ဖြစ်ပါတယ်။

သီတွန်ကသီပေါမင်းကိုဆိုပါတယ်။ တုံးအောက် ဆိုတဲ့အတွက် မင်းတုန်းမင်းသား သီပေါမင်း၊ လူလွန်မသား ဆိုတာက သီပေါမင်းရဲ့ မိခင်ဟာလူ့ဘောင်ကိုလွန်မြောက်ပြီး သီလရှင်ဝတ်သွားသူ၊ မုန့်ဆီကြော်အလယ်အက်ပြည်ဖျက်မယ့်သား ဆိုတာက သူ့လက်ထက်မှာ တိုင်းရေးပြည်ရေးမငြိမ်မသက် ဖြစ်ပြီး နောက်ဆုံး တိုင်းတပါးလက်အောက်ကိုကျရောက်သွားမယ်လို့အဓိပ္ပါယ်ရပါတယ်။

ဒီအရာတွေကို ယုံခဲ့တယ်ဆိုတာကလည်း ငြင်းမရတဲ့ အထောက် အထားတွေက ရှိခဲ့လို့ပါပဲ။ ပထမ မြန်မာနိုင်ငံတော်ကို ထူထောင်ခဲ့တဲ့ အနော်ရထာမင်းစော ဟာ ကိုးခရိုင်ကို ဆည်၍ပြီးချိန် ပုဂံပြန်ခါနီးမှာ နားတဲ့ တဲအောက်က ဖားမြည် သံကို ကြားပါတယ်။

ဒါကြောင့် ပုဏ္ဍားတွေကို တွက်ချက်ခိုင်းတဲ့အခါ ဖားဖိုသေ၍ ဖားမငိုနေကြောင်းလျှောက်ပါတယ်။ ဒါနဲ့ ကြည့်စေတဲ့အခါ ဖားမဟာ ဖားဖိုကို ပိုးကာငိုနေကြောင်းတွေ့ရပါတယ်။ ပုဏ္ဍားတွေကပုဂံမဝင်မီအနော်ရထာမင်း နတ်ရွာစံတော့မယ့် နိမိတ်လို့ဟောပါတယ်။ ဟောချက်နိမိတ် အတိုင်းအနော်ရထာမင်းဟာကိုးခရိုင်နယ်စပ်မှာကျွဲရိုင်းခတ်ပြီးနတ်ရွာစံခဲ့ပါတယ်။

ကုန်းဘောင်မင်းဆက်ထဲက ဘိုးတော်ဘုရား (ဗုဒုံမင်း) ဟာအတိတ်၊ နိမိတ်၊ တဘောင်တွေကို အလွန်ယုံသူတစ်ဦးဖြစ်ပါတယ်။ ယနေ့ အားလုံးသိကြတဲ့ မင်းကွန်းပုထိုးတော်ကြီး မပြီးဆုံးခဲ့တာလည်းဒီအကြောင်းကြောင့်ပဲ ဖြစ်ပါတယ်။

ပြီးစီးခဲ့လျင် ဉာဏ်တော်အမြင့်ပေ ၅၀၀ အထိရှိမယ့် ကမ္ဘာ့အကြီးဆုံး၊ အကျယ်ဆုံး ပုထိုးတော်ကြီးကိုတည်ဖို့ ရည်ရွယ်ခဲ့ပြီးမှ ရပ်ခဲ့ရတာ ဖြစ်ပါတယ်။ ဒီတဘောင်ကတော့” ဘုရားလည်းပြီး၊ ပြည်ကြီးပျက်လတ္တံ။ မင်းကွန်းဘုရားကြီး အပြီးသတ်၊ မုဆိုး သုညကပ် ” ဟူ၍ပင်။

အဓိပ္ပါယ်ကတော့ ဘုရားကြီးမပြီးစီးပါ၊ ပြီးစီးပါက မုဆိုးဖိုကနေ အစပြုခဲ့တဲ့ ကုန်းဘောင်မင်းဆက်ပြတ်မယ် ဆိုတဲ့ အဓိပ္ပါယ်ပါ။ တဘောင်အတိုင်း ပုထိုးတော်ကြီး မပြီးဆုံးမီမှာပင် ဘိုးတော်ဘုရား နတ်ရွာစံခဲ့ပါတယ်။

ဘိုးတော်ဘုရားလက်ထက်က အယူတော်မင်္ဂလာဦးနိုး လို့ခေါ်တဲ့ဟောတိုင်းမှန်တဲ့ အတိတ်နိမိတ် ဆရာတစ်ဦး ရှိခဲ့ပါတယ်။ ထူးဆန်သည်က အခြားပုဏ္ဍားများလို ဗေဒင် လက္ခဏာကြည့်ပြီးဟောတာမဟုတ်ပဲ အတိတ်၊ နမိတ်၊ စနည်း များကိုသာ အသုံးချပြီး ဟောခဲ့တာကြောင့်ပါ။

ဟောတိုင်းမှန်တာကြောင့် ဘိုးတော်ဘုရားရဲ့ ယုံကြည်ခံရသူ အတိုင်ပင်ခံ လည်း ဖြစ်ပါတယ်။ သာဓက တစ်ခုပြောရရင် အသက် ၂၀ အရွယ် ငယ်ငယ်ရွယ်ရွယ်နဲ့နေမျိုးလေခ ပျံချီဘွဲ့ကိုရထားတာကြောင့် မှုးမတ်တို့က မကျေနပ်ကြ၊ ဒါနဲ့ပဲ ပညာစမ်းပါတော့တယ်။

မှူးမတ်တစ်ယောက်က သူအမြဲကိုင်လေ့ရှိတဲ့ ကွမ်းအစ်ကို ကိုင်ရင်း ဒီကွမ်းအစ်ရဲ့အလေးချိန်ကို မကိုင်မဆပဲပြောပါဟုမေးပါမယ်။ဒါနဲ့ မောင်နိုးဟာအနီးအနားမှာထူးခြားတာ တစ်ခုခုရှိမလားရှာကြည့်တော့ မတွေ့၊ နောက်ဆုံးမဏ္ဍပ်အမိုးကိုမော့ကြည့်တော့မိုးထားသော ကပ်အားလုံးလိုလိုဟာအသစ်ဖြစ်ပေမယ့် တစ်ခုကကျိုးနေတာကိုတွေ့ရတာကြောင့်ကျေနပ်သွားပြီး ကွမ်းအစ်အလေးချိန်ကိုကိုးကျပ်သား လို့ ဖြေရာ မှန်ကန်ကြောင်းတွေ့ရပါတယ်။ (ကပ်ကျိုး=ကိုးကျပ်)

မောင်နိုး ဒီလိုကောက်ယူရတာ အကြောင်းရှိပါတယ်။ ရှေးက နာမည်ကျော် ဆရာတော်နှစ်ယောက်ဖြစ်တဲ့ ရှင်မဟာရဌသာရ နဲ့ ရှင်မဟာ သီလဝံသ တို့ ဆုံပြီး ဉာဏ်စမ်းကြရာ ရှင်မဟာသီလဝံသက ရှင်မဟာရဌသာရ ကို “ကိုယ်တော် ငါ့ကို တစ်ပင် နှစ်ပင် ပေးပါ ” လို့မိန့်ပါ တယ်။ ရှင်မဟာရဌသာရကလည်း တစ်ပင် နှစ်ပင် ဆိုတဲ့ အတွက် သုံးပင်စကားလိမ်ဖြစ်မည် ဆိုကာ သင်ပုန်းကိုပေးလိုက်ပါတယ်။

( သုံးပင်=သင်ပုန်း)

နောက် ရှင်မဟာရဌသာရက တစ်ဖန် “ငါ့ကိုလည်း တစ်ကျိပ်အောက်ပေးပါ ” လို့မိန့်တယ်။ ဒါနဲ့ ရှင်မဟာသီလဝံသက စဉ်းစားပြီးကောက်ရိုးကို ပေးလိုက်ပါတယ်။ (တစ်ကျောက်အိတ် ဆိုတော့တစ်ကျိပ်အောက်၊ တစ်ကျိပ်မှာ ၁၀ ယောက်၊ အောက်ဆိုတော့ ကိုးယောက်၊ ကိုးယောက်=ကောက်ရိုး)။ နှစ်ပါးစလုံး အဖြေကွက်တိမှန်နေပါတယ်။ ဒီသာဓကကို ယူပြီး မောင်နိုးက ဟောလိုက်ခြင်းပါ။

မောင်နိုးကို ဘိုးတော်ဘုရားသာမက မှူးမတ်တွေ မင်းညီမင်းသားတွေက အကြိမ်ကြိမ်ပညာစမ်းခဲ့ကြပါတယ်။ ဒီလိုစမ်းတဲ့အထဲမှာ ဘိုးတော်ဘုရားရဲ့သားတော် စစ်ကိုင်းမြို့စား သတိုးမင်းစောလည်း ပါပါတယ်။ တရက်မှာတော့ မင်းသားဟာ မောင်နိုးကို ခေါ်ယူပြီး ယုွမ်းအုပ်ထဲမှာဖုံးအုပ်ထားတဲ့ အရာကို ဖြေစေပါတယ်။ ထုံးစံအတိုင်း ဘေးပတ်ဝန်းကျင်ကို မောင်နိုး ကြည့်ရှု့စူးစမ်းရပါတယ်။

ထူးခြားတာ သိပ်မတွေ့ပဲ မင်းသားကို အင်္ဂလိပ်ကုန်သည်တွေ လက်ဆောင်ပေးထားတဲ့ သက္ကလပ်ဦးထုပ်တွေ ချိတ်ထားတာပဲ တွေ့ပါသတဲ့။ ဦးထုပ်တွေက အရောင်စုံပါတယ်။ အစိမ်းရောင်ဦးထုပ်က အပေါ်ဆုံးမှာ ၊ အလယ်က အနီရောင်ဦးထုပ် နဲ့ အောက်ဆုံးက အနက်ရောင် ဦးထုပ် ကို ချိတ်ဆွဲထားတာကို တွေ့လိုက်ပါတယ်။ ဒီအပေါ်မှာပဲ အယူတော်မင်္ဂလာပညာနဲ့ အဖြေထုတ်ဖို့ မောင်နိုးကြိုးစားပါတော့တယ်။

သူစဉ်းစားလိုက်တာက ယွန်းအုပ်အောက်မှာ အုပ်ထားတဲ့အတွက် အစားအသောက်ပဲဖြစ်ရမယ် ၊ အချိန်က နေ့လည်နေ့ခင်း ပူပြင်းတဲ့ အချိန်ဆိုတော့ အသီးတမျိုးမျိုးဖြစ်နိုင်တယ်။ ဒီတော့ ဘာအသီးဖြစ်နိုင်မလဲ စဉ်းစားလိုက်တော့ အပေါ်ဆုံးမှာ အစိမ်း ၊ အလယ်မှာအနီနဲ့ အောက်ဆုံးမှာ အနက် ဖြစ်တဲ့အသီးကို စဉ်းစားမိသွားပါတယ်။ အပေါ်အခွံက အစိမ်းရောင် ၊ အလယ်အသားကအနီရောင် ၊

အောက်ဆုံး အစေ့က အနက်ရောင် ၊ ဒီတော့ ဒီအသီးဟာ ဖရဲသီး ပဲဖြစ်ရမှာပေါ့လို့ အဖြေထုတ်လိုက်ပါတယ်။ အဖြေမှန်သွားတဲ့အတွက် မင်းသားလည်း ဦးနိုးကို နောက်ထပ်ပညာမစမ်းရဲတော့ပဲ အယူတော်မင်္ဂလာပညာကို ယုံကြည်သွားပါတော့တယ်။ အယူတော်မင်္ဂလာဦး နိုးဟာ ပြဿနာပေါင်းစုံ၊ တိုင်းရေး ပြည်ရေးတွေ၊ နောက်ဆုံးသူသေမယ့်အချိန်ကိုတောင်မှန်အောင်ဟောနိုင်ခဲ့သူတစ်ဦးပါ။

နောက် အင်္ဂလိပ်တွေဆုတ်ခွာခါနီး အချိန်က အရူးမတစ်ယောက်ဟာ သဲပုံစေတီ တစ်ဆူတည်ပါတယ်။ ဒါနဲ့ “အရူးမဘုရားတည်၊ တန်ခူးလ ကလားကွယ်” ဆိုတဲ့တဘောင်ပေါ်ပါတယ်။ တဘောင်အတိုင်း အင်္ဂလိပ်တွေဟာတန်ခူးလမှာ ကလားပြည်လို့ခေါ်တဲ့အိန္ဒိယကို ဆုတ်ပြေးရပါတော့တယ်။

ဖဆပလ ခေတ် တည်မြဲပါတီ နဲ့သန့်ရှင်းပါတီတို့အပြိုင်မဲဆွယ်ကြစဉ် မှာ အားလုံးသိကြတဲ့ဘဝသံသရာဆိုတဲ့ဆရာကြီးဦးသုခရဲ့ သီချင်းဟာ လူတိုင်းပါးစပ်ဖြားမှာရေပန်းစားနေပါတယ်။ ဒီသီချင်းထဲမှာပါတဲ့ ” ဘယ်ဟာမတည်မြဲ ” ဆိုတဲ့အတိုင်းတည်မြဲပါတီဟာသန့်ရှင်းပါတီကို မဲအပြတ်အသတ်နဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။

တခါတလေကျတော့လည်းတဘောင်ကို လူအများယုံကြည်တာကို အခွင့်ယူပြီးနိုင်ငံရေးသမားအချို့ရဲ့တဘောင်အတုတွေလည်းပေါ် တတ်ပါသေးတယ်။ ဥပမာ ဆန်တပြည် (၁ဝ)ပြား၊ ဦးနုလာမှစား ဆိုတဲ့တဘောင်တွေ ဖန်တီးပြီးပြည်သူကြားကိုဖြန့်ဝေတာမျိုးပေါ့။

အတိတ်၊ နိမိတ်၊ အိပ်မက်တွေကို မယုံကြည်ရ လို့မပြောလိုပေမယ့်အလွန်အမင်းတော့ မယုံကြည်သင့်ပါလို့ပြောရင်း အတိတ်၊ နိမိတ်၊ တဘောင်တွေအကြောင်းကိုဗဟုသုတအဖြစ်ရေးသားလိုက်ပါတယ်။

ကိုးကား :

အယူတော်မင်္ဂလာလျှောက်ထုံး- ဆရာအောင်မြင့်ဦး

မြန်မာ့စကား – ဦးအေးချို ( မဟာဝိဇ္ဇာ)

ဇမ္ဗူဒီပါ လက်ယာတောင်ကျွန်း နိမိတ်ထွန်း၏ – ဒေါက်တာတင်ဗိုလ်ဗိုလ်

Likes:
0 0
Views:
1082
Article Categories:
KNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *