ဦးသန့် ဘာကြောင့် တက္ကသိုလ်ဘွဲ့ မရခဲ့သလဲ

အများစုကတော့ ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှူးအဖြစ်ထမ်းဆောင်ခဲ့တဲ့ ဦးသန့်ကို ဘွဲ့ရတယ်လို့ ထင်မိကြမှာပါ။ ဦးသန့် အကြောင်းကို ဖတ်ဖူး လေ့လာဖူးသူတွေကတော့ ဦးသန့်ဘွဲ့မရခဲ့တဲ့ အကြောင်းကို သိပြီးဖြစ်မှာပါ။

ဦးသန့် ဘာကြောင့် ဘွဲ့မရခဲ့သလဲ ဆိုတဲ့အကြောင်းကို သိချင်နေတဲ့မိတ်ဆွေများအတွက် ဆရာ တက္ကသိုလ် စိန်တင်ရေးသားခဲ့တဲ့ ကမ္ဘာငြိမ်းချမ်းရေး ဗိသုကာဦးသန့် ဆိုတဲ့ စာအုပ်ကနေ ထုတ်နှုတ်မျှဝေလိုက်ပါတယ်။

ကိုသန့်သည် ၁၉၂၆ခုနှစ်တွင် ပန်းတနော်အမျိုးသားအထက်တန်းကျောင်းမှ ဆယ်တန်းစာမေးပွဲကိုအောင်ပြီး ရန်ကုန်တက္ကသိုလ်သို့ ဆက်လက်တက်ရောက်၍ အထက်တန်းပညာရပ်များကို ဆည်းပူးလေ့လာသည်။

ကိုသန့်သည် B.A ဝိဇ္ဇာပညာရပ်များကို ယူပြီး ရန်ကုန်တက္ကသိုလ်တွင် ကျောင်းအိပ်ကျောင်းစားနေ၍ ပညာသင်ကြားခဲ့သည်။ သူနေသော ပထမဆုံးကျောင်းဆောင်မှာ ရန်ကုန်တက္ကသိုလ်ရိပ်သာ ပြည်လမ်းပေါ်တွင်ရှိသော တကောင်းကျောင်းဆောင်ဖြစ်သည်။

တခြားတက္ကသိုလ်ကျောင်းသားကြီးများသည် တရုတ်ပျော်ပွဲစားရုံများ၌လည်ပတ်ပျော်ပါးနေစဉ်တွင် ကိုသန့်သည်စာအုပ်ပုံထဲ၌သာ ပျော်မွေ့ခဲ့၏။ သူသည်ထိုဟိုတယ်များကို တက်ရောက်ပျော်ပါးရန်အတွက်တက္ကသိုလ်သို့ လာခဲ့သည်မဟုတ် ။ သုံးဖြုန်းရန်လည်း ငွေပိုမပါလာ။ သုံးဖြုန်းရန်လည်း ဆန္ဒမရှိပေ။

ကိုသန့်သည် ရန်ကုန်တက္ကသိုလ်တွင် အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာတို့ကို ပင်ရင်းဘာသာအဖြစ် သင်ကြားရ၏။ ထို့ပြင် မြန်မာအနု စာပေသမိုင်း နှင့် သင်္ချာ ၊ လောဂျစ်ဘာသာတို့ကိုလည်း အပိုဘာသာအဖြစ် သင်ယူရသည်။ တက္ကသိုလ်နေစဉ် ကိုသန့်သည် အဝတ်အစားကို ပပလွှားလွှားကြွားကြွားမော်မော် ဝတ်လေ့မရှိတတ်ပေ။ သို့သော် အင်္ကျီလုံချည်များကို သေသေသပ်သပ်နှင့် ဖြူဖြူစင်စင် ဝတ်ဆင်လေ့ရှိသူဖြစ်၏။

သူ့အမူအရာမှာ အမြဲတမ်းအေးအေးဆေးဆေးဖြစ်သည်။ ထို့ပြင် သူသည် အမြဲလန်းလန်းဆန်းဆန်း ပျော်ပျော်ရွှင်ရွှင်နေတတ်သူလည်း ဖြစ်လေသည်။ ကိုသန့်၏ အပြောအဆို အမူအရာမှာ အလွန်နူးညံ့သိမ်မွေ့၍ လူကြီးလူကောင်းဆန်လှသည်။ သူသည်ဘယ်တော့မှညစ်ပတ် သော ပြက်လုံးများ ၊ ရယ်စရာများကိုပြောလေ့မရှိ။ အခြားသူများပြောလျှင်လည်းနားမထောင်တတ်ပေ။

မည်သူနှင့်မျှလည်း ရန်မဖြစ်တတ်။ သူများအတင်းအဖျင်းကိုလည်း ပြောဆိုလေ့မရှိ၍သူ့ကိုလူတိုင်းကခင်မင်ကြသည်။စာကြိုးစား သည့်ဘက်ကဆိုလျှင်သူသည်အလွန်ဝိရိယရှိသည့်အတိုင်းအတန်းထဲတွင် အလွန်စာတော်သူတစ်ယောက်ဖြစ်သည်။သို့သော်…မိမိမည်မျှ တော်သည်၊ ထူးချွန်သည်ကိုကိုသန့်သည်ဘယ်တော့မှထုတ်ဖော်၍မပြောတတ်ပါ။ ထင်ပေါ်မှုကိုကိုသန့်သည်အလွန်မုန်း၏။

ကိုသန့်၏ အရည်အချင်း ထူးချွန်မှုများသည် သူ့ကိုထင်ပေါ်လာစေရန် အထောက်အကူဖြစ်နေသည်။ ထင်ပေါ်မှုကို မလိုလားသော ကိုသန့် သည် ရန်ကုန်တက္ကသိုလ် ဒဿနိက အသင်းကြီးတွင် တွဲဖက်အတွင်းရေးမှူးအဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံရလေသည်။ ထို့ပြင် စကားရည်လုပွဲအသင်းကြီး၏ အထွေထွေအတွင်းရေးမှူးလည်း ဖြစ်လာသည်။ ကိုသန့်သည် သတင်းစာများသို့ အယ်ဒီတာထံ ပေးစာများ ၊ ဆောင်းပါးများ ရေးသားပေးပို့ခြင်းဖြင့် တက္ကသိုလ်တွင် ရှိစဉ်ကပင် မိမိဆန္ဒသဘောထားများကို လွတ်လွတ်လပ်လပ် တင်ပြခဲ့သည်။

၁၉၂၈ ခုနှစ် ကိုသန့် ဥပစာတန်းစာမေးပွဲကို အောင်မြင်သောအခါတွင် အမှတ်ကောင်းစွာဖြင့် ထိပ်ဆုံးမှအောင်မြင်ခဲ့သည်။ ဤသို့ဖြင့် သူသည်အသက် ၁၉နှစ်တွင် ပန်းတနော်သို့ ပြန်လာ၍ အထက်တန်းပြဆရာအဖြစ်ဖြင့် အမျိုးသားအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့လေသည်။

ညီငယ်များအပေါ်တွင် ညှာတာသည့် ကိုသန့်၏စိတ်ထားကို အထူးသိသာနိုင်သည်။ ၁၉၂၈ ခုနှစ်တွင် ကိုသန့်၏ အောက် အသက် ၂နှစ်ခန့် ငယ်သော ကိုခန့်သည် ဆယ်တန်းစာမေးပွဲကို အောင်မြင်လာသည်။ ကိုသန့်သည် ကိုခန့်ပညာ ဆက်လက်သင်ကြားရေးအတွက် မိမိကိုယ်ကျိုးကို အနစ်နာခံပြီး ထိုနှစ်တွင် တက္ကသိုလ်ကျောင်းမှ ထွက်ခဲ့လေသည်။

မိမိညီဖြစ်သူ ကိုခန့် ရန်ကုန်တက္ကသိုလ်သို့ တက်ရောက်၍ ပညာဆက်လက်သင်ကြားသောအခါ မိမိရော ၊ မိမိညီဖြစ်သူပါ နှစ်ယောက်စလုံး ပညာသင်စရိတ်မှာ မနည်းလှသည်ကိုလည်း ကိုသန့် နားလည်သည်။ တက္ကသိုလ်ကျောင်းသားနှစ်ယောက်၏ ပညာသင် စရိတ်ကို မိခင်ကြီးဒေါ်နန်းသောင်က ထောက်ပံ့ရန် များစွာပင်ပန်းနေမည်ကိုလည်း ကိုသန့်ခန့်မှန်းမိသည်။

ထို့ကြောင့် ထိုခေတ်က လူအများတန်ဖိုးထားကြသော ဘီအေစာမေးပွဲအောင်ရန် ဆန္ဒကို တပတ်လျှော့လိုက်၏။ အိုင်အေ(ဥပစာတန်း) စာမေးပွဲအောင်သောအချိန်တွင် ကိုသန့်သည် ရန်ကုန်တက္ကသိုလ် ဆက်လက် မတက်တော့ပဲ ကျောင်းမှထွက်လိုက်ခြင်းဖြစ်သည်။ ထို့သို့ ကိုသန့်က ရန်ကုန်တက္ကသိုလ်မှ ထွက်လိုက်ရန် ဆုံးဖြတ်သည်ကို မိခင်ကြီးက သဘောသိပ်မတူ။

“သား…လူ ကလေး မောင်သန့်ရယ် …၊ နောက် ၂နှစ်သာ ကျန်တော့တာပဲ ၊ တက္ကသိုလ်ဆက်တက်ပြီး ဘွဲ့ရတဲ့အထိ ပညာသင်လိုက် ပါဦးကွယ် ၊ အမတို့ စီးပွားရေးလဲ ဒီလောက်ချို့တဲ့နေတာမှ မဟုတ်ဘဲ” မိခင်ကြီးဒေါ်နန်းသောင်က သားကြီးကို ဤသို့ယုယကြင်နာစွာ ပြောခဲ့သည်။ ကိုသန့်က မိခင်ဖြစ်သအား မိမိရည်ရွယ်ချက်ကို ဤသို့ ရှင်းပြခဲ့သည်။

“အမ ပြောတာလဲ မှန်ပါတယ်၊ ဒါပေမဲ့… ကောလိပ်ကျောင်းသားနှစ်ယောက်ရဲ့ စရိတ်ဆိုတာ နည်းတာမဟုတ်ဘူးနော် ၊ အမ သိပ်ပင်ပန်းမယ် ၊ ကျွန်တော် အလုပ်ထွက်လုပ်ချင်နေပါပြီ ၊ ညီလေးမောင်ခန့်ပြီးရင် နောက်အဆင့်ဆင့် တက်လာမဲ့ ညီတွေရဲ့ တာဝန်က ရှိသေးတယ်၊ ကျွန်တော်ကျောင်းထွက်ပြီး အမကိုလဲ သားလုပ်စာ နဲ့ ကန်တော့ပါရစေဦး အမရယ်”

ကိုသန့်သည် ကျိုးကြောင်းမျှတသောစကားကို မိခင်ဖြစ်သူမှာ လက်ခံရတော့သည်။ သားကြီးစိတ်မကောင်းမည်ကိုလည်း စိုးရိမ်သဖြင့် မိခင်ကြီးက “အေးကွယ် … သားကလဲ အမ စိတ်ချမ်းသာစေချင်လို့ ဒီလိုလုပ်ရတယ်ဆိုရင်လုပ်ပေါ့ ၊ သား ညီငယ်တွေရဲ့ တက်လမ်းကိုလဲ သား ကြည့်သေးတာကိုး…” ဟုသာ ပြောရတော့သည်။

ဤသို့ဖြင့် ကိုသန့်သည် ရုတ်တရက်ကျောင်းမှ ထွက်ခဲ့၏။ ကိုသန့်ကျောင်းထွက်ခြင်းကိုသူငယ်ချင်းအပေါင်းအသင်းများက ကောင်းစွာ မကျေနပ်ကြပေ ။ လှေပြေးတုန်းတက်ကျိုးဆိုသလိုဖြစ်နေ၍စိတ်မကောင်းဖြစ်ကြသည်။ သို့သော်…ကိုသန့်မှာကား မိမိစိတ်ကူးနှင့် မိမိဆုံးဖြတ်ပြုဆောင်ရသည်ဖြစ်သောကြောင့်ကျေနပ်နေသည်။

မိခင်ကြီးကို လုပ်ကျွေးသမူပြုရတော့မည်ဖြစ်သောကြောင့်ကိုသန့်မှာများစွာဝမ်းမြောက်ဝမ်းသာဖြစ်လျက်ရှိပေသည်။ ကိုသန့်သည် ပန်းတနော်မြို့ အစိုးရအထောက်ပံ့ခံ အမျိုးသား အထက်တန်းကျောင်းတွင် ၁၉၂၈ ခုနှစ်မှစ၍ အထက်တန်းပြဆရာအဖြစ် ပြန်လည် အမူထမ်းခဲ့သည်။

တက္ကသိုလ်မှ ဘွဲ့မရခဲ့သောကိုသန့်သည်နောင်တွင်ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး၏ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ကမ္ဘာ့အရေး အခင်းပေါင်းများစွာကိုအောင်မြင်စွာ ဖြေရှင်းနိုင်ခဲ့ပြီးကမ္ဘာ့နိုင်ငံအသီးသီးမှ ပေးအပ်ခဲ့သော ဘွဲ့ ၊ ဆုတံဆိပ်ပေါင်းများစွာကိုရရှိခဲ့ သည့်အပြင် နိုင်ငံတချို့တွင်သူ၏နာမည်ကို လမ်း ၊ ခန်းမ ၊ ကျွန်းအမည်များပေးကာမှတ်တမ်းတင်ဂုဏ်ပြုခြင်းကိုခံခဲ့ရလေသည်။

Credit : thutazone

Likes:
0 0
Views:
2280
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *