မြန်မာ့ပထမဆုံး ဝထ္ထုရေးသားသူ ဂျိမ်းစ်လှကျော်

မြန်မာသက္ကရာဇ် ၁၂၄၇ ခုနှစ်၊ အင်္ဂလိပ်သက္ကရာဇ် ၁၈၈၆ ခုနှစ်တွင် မြန်မာနိုင်ငံတော်တခုလုံးကိုအင်္ဂလိပ်တို့တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး သည့်နောက်ရေးသားပေါ်ပေါက်ခဲ့ကြသည့်နှောင်းခေတ်မြန်မာ ဝတ္ထုများအနက်အင်္ဂလိပ်သက္ကရာဇ် ၁၉ဝ၁ ခုနှစ်တွင်ဗြိတိသျှဘားမား ပုံနှိပ်တိုက်မှရိုက်နှိပ်ထုတ်ဝေသောဂျိမ်းစ်လှကျော်၏ ‘မောင်ရင်မောင် – မမယ်မ’ ဝတ္ထုမှာရှေးအကျဆုံးသောမြန်မာဝတ္ထုဟူ၍ပင် ဆိုရပေမည်။

စင်စစ်ဤဝတ္ထုမှာ ကိုယ်ပိုင်ရေးသားထုတ်ဝေသောဝတ္ထုမဟုတ်။ ပြင်သစ်စာရေးဆရာကြီး အလဇ္ဇန္နားဒူးမား (Alexander Dumas) ၏ ‘မွန်တီကရစ္စတိုမြို့စားကြီး’ဝတ္ထု (The Count of Monte Cristo) ကိုမှီး၍ရေးသားထားခြင်းမျှသာဖြစ်ပေသည်။မည်သို့ပင်ဖြစ်စေ ရှေးအခါက ဤဝတ္ထုမျိုးတခါမျှမပေါ်ပေါက်ဖူးသေးသောကြောင့် ဂျိမ်းစ်လှကျော်၏  ‘မောင်ရင်မောင်မမယ်မ’ ဝတ္ထုကိုအထူးနှစ်ခြိုက် သဘောကျကြလေသည်။

ဂျိမ်းစ်လှကျော်ကိုတောင်ငူခရိုင် ရွှေကျင်မြို့မင်းလမ်းတွင် (အင်္ဂလိပ်သက္ကရာဇ် ၁၂၂၈ – ၁၂၈၁) သက္ကရာဇ် ၁၂၂၈ ခုနှစ် ပထမဝါဆိုလဆန်း ၁ဝ ရက်ဗုဒ္ဓဟူးနေ့ကဖွားမြင်ခဲ့ပါ၏။ အဖမှာ ဦးစွပ်၊ အမိမှာ ဒေါ်ဆိုင်းတို့ ဖြစ်ကြသည်။  အမိ၊ အဖတို့မှာမောင်လှကျော်ငယ်ရွယ်စဉ်ကပင် ကွယ်လွန်သွားကြသဖြင့် အဒေါ်ဖြစ်သူဒေါ်မျှင်နှင့် ခင်ပွန်းသည်စစ်ကဲဦးညိုတို့ကကျွေးမွေးစောင့်ရှောက်လာခဲ့ကြရသည်။

ထို ဦးညို – ဒေါ်မျှင်တို့မှာပထမသော်ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြငြားလည်းတစတစဖြင့် ခရစ်ယာန်ဘာသာကိုသက်ဝင်ယုံကြည်လာကြကာ နောက်ဆုံးတွင်ဗုဒ္ဓဘာသာကိုလုံးဝစွန့်ပစ်ထားကြသူများ ဖြစ်ရကား၊ မွေးစားသားမောင်လှကျော်အားလည်းခရစ်ယာန်ဘာသာထုံးစံအတိုင်း နှစ်ခြင်း မင်္ဂလာဖြင့် ‘ဂျိမ်းစ် လှကျော်’ ဟု ခေါ်ဝေါ် တွင်မှတ် ကြစေသည်။

သို့နှင့် ဂျိမ်းစ်လှကျော်သည် ပထမဦးစွာရွှေကျင်မြို့ပေါ်ရှိ အင်္ဂလိပ် – မြန်မာ အစိုးရကျောင်းတွင် ၇ တန်း အောင်မြင်သည်အထိသင်ကြား ပြီးနောက် ရန်ကုန် မြို့သို့ ပြောင်းရွှေ့ကာဆရာမှတ်ကျောင်းတွင်ပညာဆက်လက်ဆည်းပူးသည်။ ထိုမှတဆင့် ရန်ကုန် ဟိုက်စကူး ကျောင်းသို့ပြောင်းရွှေ့လိုက်ပြန်ကာထိုကျောင်းမှပင်ထိုစဉ်ကခေါ်သော ‘ဘင်္ဂလားစာမေးပွဲ’ ခေါ် ‘အိုင်-အေ’ စာမေးပွဲကိုအောင်မြင် သွားလေသည်။

ဂျိမ်းစ်လှကျော်သည်ဟိုက်စကူးကျောင်းမှ အသက် ၂ဝ ခန့်တွင် ထိုသို့အောင်မြင်သွားချိန်သည်ကားအထက် မြန်မာနိုင်ငံတော်ကိုပါ အင်္ဂလိပ်များ သိမ်းပိုက်လိုက်သောအချိန်ပင် ဖြစ်ပေသည်။ ထိုအခါအခွင့်လည်းကြုံသည်နှင့် ဂျိမ်းစ်လှကျော်သည်အင်္ဂလိပ်စစ်မင်းကြီး၏ စကားပြန်အဖြစ်ဖြင့်အထက်မြန်မာနိုင်ငံတော်သို့ လိုက်ပါ သွားခဲ့သည်။

မန္တလေး မြို့တော်သို့ ရောက်လျှင် ထိုစကားပြန် အလုပ်၌ပင်အမှုထမ်းနေစဉ် အတွင်းနန်းတော်သုံးကျောက်ကုန်သည် ဦးထယ်၏ သမီး မန္တလေး မြို့ရိုးတွင်းနေခင်လေးငယ် ခေါ် ခင်ခင်ငယ် ဆိုသူနှင့်ရေစက်ဆုံကာ သမီးတင်တင်ကိုရရှိခဲ့လေသည်။

ထို့နောက်မန္တလေးမြို့မှ ရန်ကုန်မြို့သို့ ပြန်လည်ပြောင်းရွှေ့လာခဲ့ပြီးစာတော်ပြန် ဌာနတွင် ၃ နှစ်ခန့်မျှ စာတော်ပြန်အဖြစ်ထမ်းရွက် နေလေသည်။ ထိုအတောအတွင်း ဂျိမ်းစ်လှကျော်သည်အအားမေနေပေ။ လက်လှမ်းမီရာစာပေ ဗဟုသုတများကိုဆည်းပူးလျက် ဒုတိယတန်းရှေ့နေ စာမေးပွဲနှင့်မြို့အုပ်စာမေးပွဲများကိုဝင်ရောက်ဖြေဆိုအောင်မြင်သည်။

ထို့နောက်မှဘုရင်ခံအိမ်တော်တွင်စာတော်ပြန် မြို့အုပ် အဖြစ်ငါးနှစ်ခန့် လုပ်ကိုင်ပြန်သေး၏။ ပြီးမှဟံသာဝတီ ငွေတိုက်ဝန်ထောက်အဖြစ် ခန့်အပ်ခြင်းခံရ၍ရန်ကုန်မြို့ တွင်ပင် ၃ နှစ်ခန့် ဆက်လက်နေထိုင်သည်။

ထိုမှ တဖန် စစ်ကိုင်း၊ ချောင်းဦး၊ ဘုတလင်မြို့များတွင် ငွေတိုက် ဝန်ထောက် ဘဝ၊ မြို့အုပ်ဘဝအဖြစ်အမှုထမ်းပြီး သည့်နောက် နောက်ဆုံးတွင် မြင်းမူမြို့၌ နယ်ပိုင် ဝန်ထောက်အဖြစ်ထမ်းရွက်ရင်းမကျန်းမမာ သဖြင့် ခွင့်ယူကာရန်ကုန်မြို့သို့ ပြန်ခဲ့သည်။ ရန်ကုန်မြို့ တွင်လည်း ရောဂါ၏ အခြေအနေမှာသက်သာသည်မရှိသဖြင့် ဂျိမ်းစ်လှကျော်သည် ၃၇ နှစ် အရွယ်တွင်အလုပ်မှနုတ်ထွက် လိုက်လေသည်။

သို့ရာတွင် အအားအလကားကားမနေပေ။ ရန်ကုန်မြို့စဉ့်အိုးတန်းအထက်တန်းတွင်နေထိုင်ကာရှေ့နေလိုက်ရင်း ဥပဒေကျောင်းနှင့် မြို့အုပ်၊ နယ်ပိုင်သင်တန်းကျောင်းများကိုဖွင့်လှစ် သင်ကြား နေလေသည်။ တဖက်မှလည်း အားလပ်ချိန်ရတိုင်းဥပဒေစာအုပ်များ၊ ဝတ္ထု စာအုပ်များကို ရေးသား ထုတ်ဝေခဲ့ပါ၏။

‘မောင်ရင်မောင်မမယ်မ’ ဝတ္ထုမှာထိုအချိန်အခါကပေါ်ပေါက်လာခဲ့ရသောဝတ္ထုပင်ဖြစ်ပေသည်။ ထို့အပြင်ထိုစဉ်ကရန်ကုန်မြို့တွင် ထုတ်ဝေလျက်ရှိသော ‘သည်ဘားမားကရဂစ်တစ်’ (The Burma Critic) သတင်းစာတွင်လည်းဝတ္ထု တစ်ပုဒ်ကို အပတ်စဉ်ရေးသား ပေးပို့သေး၏။ မည်သည့်ဝတ္ထု ဟူ၍မူအမှတ်အသားမရှိဖြစ်ခဲ့သည်။

ဂျိမ်းစ်လှကျော်သည်ဟံသာဝတီ သတင်းစာဆရာ၊ မြန်မာအဆွေသတင်းစာဆရာအဖြစ်လည်းလုပ်ကိုင်ဖူးသေး၏။ ဤသို့လျှင် မနားမနေပင် စာရေး၊ စာဖတ်၊ စာသင် ပြုလုပ်နေရင်းကသွက်ချာပါဒရောဂါစွဲကပ်လာကာ လက်ဝဲလက်တစ်ခုလုံးသွေးလေမလျှောက်ဘဲ သေသွားရသည့် အဖြစ် သို့ပင် ဆိုက်ခဲ့ရပေသည်။ သို့နှင့်ဆရာဝန်၏ ညွှန်ကြားချက်အရပူရာဒေသဖြစ်သည့် မိတ္ထီလာမြို့သို့ပြောင်းရွှေ့နေထိုင်ရပြန်သည်။

မိတ္ထီလာမြို့တွင်လည်း ထိုသို့ရောဂါကြီးတစ်ဖက်နှင့် အအားမနေသေး။ ဥပဒေကျောင်း ဖွင့်ပြန်ကာဥပေဒ ပညာရပ်များကိုသင်ကြားပို့ချ ပေသေး၏။ ထိုကမှ တဖန် ၁၉၁၂ ခုနှစ် ဒီဇင်ဘာလ ၈ရက်နေ့တွင် ရွှေဘိုမြို့သို့ ပြောင်းရွှေ့ကာရောဂါ ဝေဒနာလည်း သက်သာလာသည့် အလျောက်ထိုမြို့တွင်အခြေစိုက်တော့သည်။

ရွှေဘိုရောက်ပြီး များမကြာမီအတွင်းမွေးစားအမိ၊ အဖ တို့ကို နွယ်၍ ခရစ်ယာန်ဘာသာဝင်ဖြစ်လာရရှာသောမစ္စတာ ဂျိမ်းစ် လှကျောက်သည်မည်သူ၏တိုက်တွန်းချက်မှ မပါဘဲ မိမိ၏ အလိုအလျောက်ပင် ဗုဒ္ဓဘာသာသို့ ကူးပြောင်းသွားခဲ့သည်။

ကူးပြောင်း ရုံမျှမက သက္ကရာဇ် ၁၂၈ဝ ပြည့်နှစ် (အင်္ဂလိပ် သက္ကရာဇ် ၁၉၁၉ ခုနှစ်) တွင် အလောင်းမင်းတရားကြီး၏ ကုသိုလ်တော် တစ်ရပ် ဖြစ်သော မြတ်သိန်းတန်စေတီတော်ကိုပြန်လည်ပြုပြင်မွမ်းမံလျက် ၁၂၈၁ ခုနှစ်တွင်ထီးတော်ပင်တင်သေးသည်။

သို့ရာတွင်ဝမ်းနည်းဖွယ်ကောင်းသည်ကားမြတ်သိန်းတန် ဘုရားကိုထီးတော်တင်သည့်နှစ်သက္ကရာဇ် ၁၂၈၁ ခုနှစ်တန်ဆောင်မုန်း လပြည့်ကျော် ၁၁ ရက်နေ့တွင် ဂျိမ်းစ် လှကျော်ခေါ် ဦးလှကျော်မှာအဖျားရောဂါဖြင့် အနိစ္စရောက်ရရှာလေသည်။ကြွင်းကျန် ရစ်ခဲ့သော သမီး၊ သား၊ မြေး တစုတို့က ဆရာကြီး၏ ‘အရိုးအိုးဂူ’ ကို ဆရာကြီး၏ ကောင်းမှုဖြစ်သော မြတ်သိန်းတန်ဘုရားတံတိုင်း အတွင်းမှာပင် တည်ထား ကိုးကွယ်ကြကုန်သည်။

ဂျိမ်းစ် လှကျော်သည်အထက်ဖော်ပြရာပါဝတ္ထုများအပြင်မြို့အုပ် အလုပ်ကိုလုပ်စဉ်ကကိုယ်တွေ့အဖြစ်အပျက်များပါဝင်သော ‘ကိုမြို့အုပ်’ ဝတ္ထု၊ ‘မောက်လင်’ ဝတ္ထုနှင့် အခြားဝတ္ထုများကိုလည်းရေးသားခဲ့ပါသေး၏။ စက်တင်ပုံနှိပ်ထုတ်ဝေခြင်း မရှိခဲ့ချေ။

ထိုဝတ္ထုများမှတပါးလည်း ဥပဒေနှင့် သက်ဆိုင်သည့် ဥပဒေမေးခွန်းပုစ္စာအဖြေကျမ်းနှင့် ဓမ္မသတ်မေးခွန်းပုစ္စာအဖြေ များကို လည်းကောင်း၊ ရှေ့နေဥပဒေမေးခွန်း ပုစ္စာ ၈ နှစ် အတွက်နှင့်ရှေ့နေစာမေးပွဲ အောင်မြင်ရန်လမ်းညွှန်စာတမ်း ၂ စောင် တွဲကို လည်းကောင်းရေးသားခဲ့ပေသေးသတည်း။

(တစ်ထောင့်တစ်ညပသီပုံပြင်များဝတ္ထု ကိုလည်းပထမဆုံး ဝတ္ထုဟုညွှန်းဆိုကြသေးသည်)

ရည်ညွှန်းကိုးကား

စာဆိုတော်များ အတ္ထုပ္ပတ္တိ၊ မောင်သုတ (ခ) ဗိုလ်မှူးဘသောင်း (မဟာ ဝိဇ္ဇာ၊ ရွှေတံဆိပ်ရ)ပြုစု၊ ဦးခင်အေး (မောင်ခင်မင်၊ ဓနုဖြူ) ပါမောက္ခ၊ မြန်မာစာဌာန၊ ရန်ကုန်တက္ကသိုလ်တည်းဖြတ်ဖြည့်စွက်၊ ရာပြည့်စာအုပ်တိုက်၊ ပဉ္စမအကြိမ် ၁၊ ဩဂုတ်၊ ၂ဝဝ၂။ရှုမဝ မဂ္ဂဇင်း၊ အတွဲ ၁၂၊ အမှတ် ၁၁၃ လာ ဒဂုန်ရွှေပြည်စိုး၏ ‘ဂျိမ်းစ်လှကျော်’ အတ္ထုပ္ပတ္တိ။

မန္တလးမြို့ ကြီးပွားရေး စာပုံနှိပ်တိုက်ထုတ် ‘မောင်ရင်မောင် မမယ်မ’ ဝတ္ထုလာဂျိမ်းစ် လှကျော်၏မြေး ‘ခင်ထားဦး’ ရေး ‘စာရေးဆရာကြီးဂျိမ်းစ်လှကျော်’ အတ္ထုပ္ပတ္တိ။

Myanmar Wikipedia

credit : thutazone

Likes:
0 0
Views:
1399
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *