Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ

ကျည်ကာအင်္ကျီတွေကိုတော့ စစ်ဘက်ဆိုင်ရာနဲ့ တကိုယ်ရေ ကာကွယ်မှုဆိုင်ရာ ကဏ္ဍတွေမှာအသုံးပြုကြပါတယ်။ ကျည်ကာအင်္ကျီတွေ ကိုတော့ အပူခံနိုင်ပြီး အလွန်မာကြောခိုင်ခံ့တဲ့ Kevlar လူလုပ်ဖိုက်ဘာမျှင်နဲ့ ဖန်တီးပြုလုပ်ထားတာဖြစ်ပါတယ်။ Kevlar ဟာလွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ဝန်းကျင်ကတည်းက ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး တီထွင်ခဲ့သူကတော့ အမျိုးသမီးတဦးဖြစ်ပါတယ်။

သူအမှန်တကယ်တီထွင်ခဲ့တာက Kevlar လူလုပ် ပိုလီမာ ပဲ ဖြစ်ပေမယ့် ကျည်ကာအင်္ကျီတီထွင်သူလို့ပဲ လူသိများပါတယ်။ ဒီတခါတော့ ဒီတီထွင်သူ အမျိုးသမီးကြီးရဲ့ အကြောင်းကို ဗဟုသုတ အနေနဲ့ ဝေမျှလိုက်ပါတယ်။

သူ့နာမည်ကတော့ Stephanie Louise Kwolek စတက်ဖနီလူဝီခရိုးလက်ခ် ဖြစ်ပြီးအမေရိကန်နိုင်ငံသူပိုလန်အမျိုးသမီးတယောက် ဖြစ်ပါတယ်။ သူ့ကို ပိုလန်လူမျိုးမိဘနှစ်ပါးမှ ၁၉၂၃ခုနှစ်က အမေရိကန် Pittsburgh မြို့မှာမွေးဖွားခဲ့ပါတယ်။

ဖခင်ဖြစ်သူက သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးပညာရှင်ဖြစ်ပြီး မိခင်က စက်ချုပ်သမတဦးဖြစ်တာကြောင့်ငယ်စဉ်ကတည်းက သဘာဝသိပ္ပံ နဲ့ ဖက်ရှင်ဒီဇိုင်း တို့ဘက်ကို စိတ်ဝင်စားခဲ့ပါတယ်။

၁၉၄၆ ခုနှစ် အသက် ၂၃နှစ် အရွယ်မှာ မာဂရက်မောရစ်ဆန် ကာနယ်ဂျီကောလိပ်ကနေ ဓာတုဗေဒအထူးပြု နဲ့ ဘွဲ့ရရှိခဲ့ပါတယ်။ အဲဒီနောက် တော့သူမဟာ ဆရာဝန် တယောက်ဖြစ်လာဖို့ ထပ်ကြိုးစားခဲ့ပါတယ်။ ဆေးကျောင်းတက်ဖို့ဝင်ငွေရှာတဲ့အနေနဲ့ ဓာတုဗေဒပညာနဲ့ဆက်စပ် တဲ့ယာယီအလုပ်တခုရှာဖွေကာ ဝင်လုပ်ခဲ့ပါတယ်။ သူမလုပ်ခဲ့တဲ့ကုမ္ပဏီကဘတ်ဖဲလိုးမြို့မှာရှိတဲ့ နာမည်ကျော်ဓာတုဗေဒကုမ္ပဏီ DuPont ဖြစ်ပါတယ်။

သူ့ရဲ့ရည်ရွယ်ချက်ကတော့ ဆေးကျောင်းတက်ဖို့ ငွေလုံလောက်စွာ ရရှိပြီဆိုတာနဲ့ ဒီအလုပ်ကထွက်ကာဆေးကျောင်းဆက်တက်ဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် DuPont မှာ လုပ်ရင်း လုပ်ရင်း နဲ့ သူတကယ်ဝါသနာပါတဲ့ အလုပ်ဆိုတာသိရှိလိုက်ပြီးတဲ့နောက်မှာတော့ ဆရာဝန်လုပ်ဖို့ အိပ်မက်ကိုစွန့်ပစ်လိုက်ကာ ဓာတုဗေဒ သုတေသနနယ်ပယ် အလုပ်မှာပဲဇောက်ချလုပ်ကိုင်ခဲ့ပါတော့တယ်။

ဓာတုဗေဒ သုတေသန နယ်ပယ်မှာ ၉နှစ်ဆက်တိုက် လုပ်ခဲ့ပြီးတဲ့နောက်မှာတော့ ကျည်ကာအင်္ကျီတီထွင်နိုင်မယ့် နည်းပညာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ဒီမတိုင်ခင် တနှစ်လောက်ကတည်းက ကားတာယာတွေက စတီးနေရာမှာ အစားထိုးဖို့ ပေါ့ပါးတဲ့ ပလတ်စတစ်တမျိုးကို ရှာဖွေတွေ့ရှိခဲ့ပြီးဖြစ်ပါတယ်။ ၁၉၆၅ ခုနှစ်မှာ Kelvar ကို စတင်တီထွင်နိုင်ခဲ့တာဖြစ်ပြီး ၁၉၇၀ မှာတော့ ထုတ်ကုန်များထုတ်လုပ်ပြီး စီပွားရေးဈေးကွက်မှာ စတင် အသုံးပြုလာခဲ့ပါတယ်။

Kelvar ဟာ တွေဟာပေါ့ပါးပြီးအလွန်ခိုင်ခံ့တာကြောင့် ကားတာယာတွေမှာသာမကပဲ ဒီထက်ပိုတဲ့နယ်ပယ်မှာအသုံးပြုနိုင်ဖို့ စဉ်းစားရာကနေကျည်ကာအင်္ကျီတွေ ဖြစ်ပေါ်လာခဲ့ပါတော့တယ်။ အပူဒဏ်ကို ခံနိုင်သလို သံမဏိထက် ၅ဆလောက်ပိုကြံ့ခိုင်ပါတယ်။ (Kelvar မှာ K-29 ၊ K49 ၊ K100 စသည်ဖြင့် အမျိုးအစားများစွာ ရှိပါတယ်)

Kevlar ကို ကျည်ကာအင်္ကျီ ၊ ကျည်ကာဦးထုပ်တွေမှာသာမက အာကာသယာဉ် ၊ ဆဲလ်ဖုန်း ၊ ဆိုင်ကယ်၊ ကားတာယာ ၊ မော်တော် ကားအစိတ်အပိုင်းများအပြင် စက်မှု နဲ့ ဆောက်လုပ်ရေး ဆိုင်ရာနယ်ပယ်တို့မှာပါ စုစုပေါင်း ပစ္စည်းထုတ်ကုန် ၂၀၀ ကျော်မှာ အသုံးပြုလျှက်ရှိပါတယ်။

သူဟာ ဒီထုတ်ကုန်တွေက အကျိုးအမြတ်တစုံတရာမယူခဲ့ပဲ မူပိုင်ခွင့်ကို မိခင်ကုမ္ပဏီကိုပဲ ပေးအပ်ခဲ့ပါတယ်။ Kevlar တီထွင်နိုင်မှုအတွက် Perkin Medal ၊ အမေရိကန် သမ္မတချီးမြှင့်တဲ့ နည်းပညာ ဂုဏ်ထူးဆောင်ပုဂ္ဂိုလ် ဆုတွေအပြင် ဆုတံဆိပ်ပေါင်းများစွာ ချီးမြှင့်ခံခဲ့ရသလို အမေရိကန်နိုင်ငံရဲ့ အထင်ကရ တီထွင်သူပုဂ္ဂိုလ်များစာရင်းမှာလည်း ထည့်သွင်းဂုဏ်ပြုခြင်း ခံခဲ့ရပါတယ်။

ဓာတုဗေဒ သုတေသနနယ်ပယ်ထဲမှာပဲနှစ်ပေါင်း ၄၀ ကျော် အလုပ်လုပ်ခဲ့ပြီး ၁၉၈၆ ခုနှစ်မှာတော့အလုပ်ကနေအနားယူခဲ့ပါတယ်။ သူဟာ နှစ်ပေါင်း ၄၀ ကျော်အတွင်းဓာတုဗေဒဆိုင်ရာရှာဖွေတွေ့ရှိမှုများစွာအတွက်မူပိုင်ခွင့် ၂၈ ခုအထိရရှိခဲ့ပါတယ်။အနားယူပြီးတဲ့နောက်မှာ လည်း DuPont ရဲ့အတိုင်ပင်ခံအဖြစ်သာမကသိပ္ပံအကယ်ဒမီရဲ့ကောင်စီဝင်အဖြစ်ဆက်လက်ရှိနေခဲ့ပါတယ်။

သူ့ရဲ့အားလပ်ချိန်တွေမှာတော့ ကလေးတွေကို စာသင်ခြင်း နဲ့ အခြားအမျိုးသမီးငယ်တွေကို သိပ္ပံပညာရှင်တွေ ဖြစ်လာစေဖို့ကူညီသင် ကြားပေးခဲ့ပါတယ်။ သိပ္ပံဆိုင်ရာ စာတမ်းများစွာကိုလည်းရေးခဲ့ပြီး သူမရဲ့စာအုပ်တွေကို ကျောင်းတွေမှာ သင်ကြားရေးအတွက် အသုံးပြုနေကြဆဲဖြစ်ပါတယ်။သူမရဲ့ တီထွင်မှုဟာအခြားသူတွေရဲ့ အသက်တွေကိုကယ်တင်နိုင်တာကြောင့် ဒီတီထွင်မှုအတွက် အားရကျေနပ် ဂုဏ်ယူတယ်လို့ သူက ဆိုခဲ့ပါတယ်။

စတက်ဖနီ ဟာ ၂၀၁၄ ခုနှစ် ဇွန်လ ၁၈ ရက်နေ့ အသက် ၉၀ အရွယ်မှာ ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။ သူမရှိတော့ပေမယ့် သူတီထွင်ခဲ့တဲ့ Kevlar ကျည်ကာ အင်္ကျီတွေဟာ ရဲအရာရှိတွေ နဲ့ လူပေါင်းများစွာရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့ပြီးဖြစ်သလို နောက်ထပ်လည်း ကယ်တင်နေဦးမှာ ဖြစ်ပါတော့တယ်။

credit : thutazone

Likes:
0 0
Views:
933
Article Categories:
KNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *