” ဘကြီးအောင် ညာတယ် ” ( မင်းသု၀ဏ် )

အရှေ့ကျောင်းသား သူတောင်းစား၊ သူတောင်းစား၊ လယ်ပေါ်ကျောင်းသား အကောင်းစား ကျောက်မီးသွေးမို့ မည်းသကို၊ တို့ကျောင်းသားမို့ ရဲသကို။ ဟေ့လာမောင်ရို့ ဝါး ’ ဟု အားရပါးရ ဆူညံစွာ အော်ဟစ်ပြေးလွှားလာကြသောကလေးတစုသည်ကား လယ်ပေါ်ဘုန်းကြီးကျောင်းသားကလေးများ ဖြစ်ကြ၏။

ယင်းတို့ ကျောဘက် တင်းချ လယ်တကွက်လောက်အကွာတွင် ချည်လုံချည်ကို ပြာတာကွင်းသိုင်း၍ သင်တိုင်းအင်္ကျီကို လျော့ရိလျော့ရဲ၀တ်လျက် ခေါင်းငိုက်စိုက်နှင့် တလှမ်းချင်း လာနေသော မောင်ချစ်သည် ‘ဧဝံမေသုတံ ဧကံသမယံ’ ဟု တတွတ်တွတ် ရွတ်လျက်ရှိ၏။ ဆေးတအိုးကျွမ်းလောက်အကြာတွင် အရှေ့သို့ လှမ်းကြည့်လိုက်ရာ ပန်းပုဆရာကြီးဦးအောင်ချာ ကနားဖျင်းထဲ၌ ကျောင်းသားသူငယ်ချင်းများ ဝိုင်းအုံနေသည်ကို တွေ့ရလေသည်။

မိမိသည်လည်း အကြောင်းကို သိလိုသောကြောင့် ပြေးသွားတိုး၀င် ကြည့်ရှုလေ၏။ ဦးအောင်ချာသည် ဆင်စွယ် မင်းသမီးရုပ်ကလေးတခုကို ထုလျက်ရှိ၏။ ထုလုပ်စဖြစ်၍ ရုပ်လုံးပေါ်ရုံမျှပင် ရှိသေးသော်လည်း အရုပ်ကလေးမှာ နွဲ့နှောင်းဖြူဖွေး ချစ်စရာကလေး ဖြစ်ပေ၏။

အတန်ကြာသောအခါ မောင်ထွေး၊ မောင်ခွေး၊ ဖိုးစံ၊ ဖိုးလှတို့ တစု ထ ပြန်သွားလေ၏။ မောင်ချစ်ကား မြေကြီးပေါ်တွင် ဒူးထောက်၍ ကွပ်ပျစ်ခါးပန်းတွင် မေးတင်ပြီးလျှင် အငေးသား ကြည့်လျက်ပင် ရှိသေး၏။ ‘ဘကြီးအောင်၊ ဒီမင်းသမီးရုပ်ကလေးကို ဘယ်သူ့ပေးဖို့ ထုနေတာလဲဟင်’ ဟု မျက်စိကလေး ပေကလက် လုပ်၍ မေးလေ၏။

ဆောက်ပုတ်နှင့် ဆောက်ကလေးကို အသာချ၍ ဆောက်ပုံးထဲတွင် ဆေးလိပ်တိုတိုစမ်းနေသော ဦးအောင်ချာက ‘ငါ့တူ လိုချင်လို့လား၊ ငွေတကျပ်ယူခဲ့ရင် ဘကြီးပေးမယ် သိလား’ ဟု အမှတ်မဲ့ပြောလိုက်သောအခါ မျက်မှောင်ကြုတ်ရင်း ခေါင်းကုတ်လျက် ‘ငွေတကျပ်ဆိုတာ ဘယ်နှပြားလဲ ဘကြီးအောင်ရဲ့’ ဟု မေးပြန်လေ၏။

ပန်းပုဆရာကြီးလည်း ဆေးလိပ်ကို ချ၍ လက်ဝါးနှစ်ဖက်ကို ထောင်ပြလျက် ‘ဆယ်ပြားဆယ်ပြား ခြောက်ခါ၊ နောက်ပြီးတော့ လေးပြားထည့်၊ ပေါင်း ခြောက်ဆယ့်နဲ့လေးပြား၊ အဲသလောက်ကို တကျပ်ခေါ်တယ်၊ ကြားလား’ ဟု ကလေးသူငယ်များကို ချစ်ခင်သော ဝါသနာရှိသည့်အတိုင်း စိတ်ရှည်လက်ရှည် ခြေဟန် လက်ဟန်နှင့် ရှင်းလင်းပြောပြလေ၏။

‘၆၄ ပြားပေးရင် ကျနော် ဒီအရုပ်ကလေးကို တကယ်ပဲရမလား၊ နောက်တော့ မညာနဲ့နော် ဘကြီးအောင်’ ဟု ပြောရင်း ရောင်ဆံမြိတ်ကလေးကို ချာချာလည်အောင် ပတ်ရစ်လျက် အိမ်ရှိရာသို့ ရွှင်လန်း၀မ်းမြောက်စွာ ခုန်ပေါက်ပြေးလွှားသွားလေ၏။မောင်ချစ်သည် နေ့လယ်ချိန် ကျောင်းတွင် မုန့်၀ယ်စားဖို့ရန် မိခင်ပေးလိုက်သော တပြား တပြားသော အသပြာကို မသုံးရက် မစွဲရက်ဘဲ အင်္ကျီသင်ပုန်းခေါင်းတွင် အပေါက်ငယ်ဖောက်၍ စုထားသည်မှာ ခြောက်ပြားမျှ ရလေ၏။

တထွာမျှ ကျယ်သော မိမိ၀မ်းခေါင်း သမုဒ္ဒရာအတွက်မူကား နေ့ဆွမ်းစား ကလတက်ခေါက်တွင် ဘုန်းတော်ကြီး ဦးခေမာဝေသော ငှက်ပျောသီးတလုံးနှင့် ကျေနပ်ဖူလုံလျက် ရှိလေ၏။ ဆင်စွယ်ရုပ်ကလေးသည် တနေ့တခြား သားနားကြော့ရှင်း၍ လာ၏။ သွားကလေး ပေါ်လုမတတ်ရှိအောင် ပြုံးလိုက်ရန် ဟန်ပြင်နေသော အသွင်သည် အိပ်ပျော်နေသော ညအချိန်တွင်ပင်လည်း မောင်ချစ်မျက်လုံးတွင်းမှ မထွက်။

ကြည့်ရပါများလေး အရုပ်ကလေးမှာ လှလာလေ၊ လိုချင်စိတ် ပွားလာလေ ဖြစ်ရကား တနေ့မှ တပြားတပြားစုရသည်ကို အလွန်ဖင့်လေး ကြန့်ကြာသည်ဟု သိသာလေ၏။ ပိုက်ဆံရလွန်းလို၍ ဥပုသ်နေ့များကိုပင် စာသင်ရင်ဖြစ်ပါစေတော့ဟု ဆုတောင်းမိ၏။ တပေါက်တလမ်းက ဘယ်နည်းနှင့် ပိုက်ဆံရအောင် ကြိုးစားရပါမည်နည်းဟု ကြံစည်ပြန်၏။ ထိုစဉ်အခါက ကမ္ဘာစစ်ကြီးအတွင်းဖြစ်၍ ကျောက်တံအလွန်ရှား၏။

မောင်ချစ်သည် အစ်ကိုကြီး ကိုသစ်၏ ကျောက်သင်ပုန်းကွဲများကို ညောင်ရေအိုးစင်မှ ယူ၍ ညဉ့်နက်သန်ခေါင်းမရှောင် မှိုင်းတလူလူထွက်နေသော ရေနံဆီမီးခွက်ကြီးကို ထွန်းညှိလျက် ချွန်တက်သော ဖဲထီးသံချောင်းဖြင့် ကျောက်တံတိုက်လေ၏။ ကျောက်တံရောင်း၍ ပိုက်ဆံခြောက်ပြားရ၏။ ကျောင်းသားကြီး ဖိုတေက အနိုင်ကျင့်၍ မပေးဘဲထားသော အကြွေးတပြားအတွက် တွေးမိတိုင်း ဆွေးမိ၏။

တဆယ့်နှစ်ပြားမျှ ရလာသောအခါ အင်္ကျီသင်ပုန်းခေါင်းမှာ မဆံ့ပြီဖြစ်၍ နှစ်ဖက်ပိတ်ကြသောင်းဝါး တဆစ်တွင် ထိပ်က အပေါက်ဖောက်ကာ ဝေလခေါင်း၊ ဂျော့ခေါင်း၊ နတ်ဖိုးချွန်စသော တံဆိပ်အမျိုးမျိုးခတ်နှိပ်သည့် ကြေးပြား တဆယ့်နှစ်ပြားတိတိကို သွင်းလှောင်သိုမှီးထားလေ၏။ နှစ်ဆန်းတရက်နေ့တွင် ဒွေးလေးညို ချစ်စနိုး၍ပေးသော သူငယ်ဖော်မောင်ထွေးက အလိုက်နှစ်ပြားပေး၍ ပိုက်ဆံချင်းလဲစဉ် မလဲရက်ဘဲ တွယ်တာခဲ့သည့် ထုံးအမှတ်နှင့် ဒေါင်းပိုက်ဆံကလေးကိုလည်း ဖျာအောက်မှထုတ်ယူ၍ ကြေးပြားအဖော်များရှိရာ ကြေးတိုက်တွင်းသို့ သွတ်သွင်းလိုက်လေ၏။

ကြေးပြားအရေအတွက်ကိုလည်း ဝါးကြောတွင် စူးဖြင့်ခြစ်၍ မှတ်ထားလေ၏။ ‘ပဲဟင်းချက်တဲ့နေ့က တပြား၊ ဘကြီးထူး ကျွဲပျောက်တဲ့နေ့က တပြား’ စသည်ဖြင့် လက်ချောင်းကလေးများ ချိုးကာ ချိုးကာ ပိုက်ဆံစာရင်း တွက်ရစစ်ရသည်မှာ နေ့စဉ်နှင့်အမျှဖြစ်၏။ ရေတံလျှောက်ထဲမှာ ထားရကောင်းနိုးနိုး၊ သင်္ဘောကြမ်းပေါ်တွင် ဝှက်ထားရလျှင် လုံနိုးနိုးနှင့် ပိုက်ဆံဗူး နေရာကြပ် ပြောင်းရသည်မှာလည်း အမောပင်ဖြစ်၏။ အရုပ်ကလေးကိုရလျှင် ထည့်ထားဖို့ရန် ထန်းရွက်ဖာချောကလေးကို အမျိုးမျိုး ပြုပြင်ဆင်ယင် မွမ်းမံရသည်မှာလည်း မအားပင်ဖြစ်လေ၏။

စျေးသည် ဒေါ်ခါဥ၏ တောင်းနီထဲ၌ အငွေ့ထောင်းထောင်းနှင့် ကောက်ဦး ငချိပ်ပေါင်းကို မြင်ရသောအခါ သွားရည်ယိုမိ၏။ သို့ပါသော်လည်း ၀ယ်မှရသော သရေစာတို့ကို သပိတ်မှောက်လေ၏။ သူငယ်ဖော်တို့ ဖန်ဒိုး၀ယ်၍ ဂေါ်လီရိုက်သောအခါ ကလေးတို့ဘာ၀ အများနည်းတူ ကစားလိုပါသော်လည်း မိမိတွင် ရှိရင်းစွဲ စည်ပတ်သံခွေ အဟောင်းကြီးကို ကျောင်းဝိုင်းပတ်လည်တွင် လှည့်ပတ်ရိုက်လျက် တယောက်ထီးတည်း ကျေနပ်တင်းတိမ်ရလေတော့၏။

သို့ဖြင့် တပြားတိုးလျှင် တမျိုး၀မ်းသာလျက် စုဆောင်းလာခဲ့ရာ ပိုက်ဆံ သုံးဆယ့်လေးပြား ပိုက်မိသော နေ့သို့ ရောက်လာလေသတည်း။ ညနေ လေးနာရီးကျောင်းလွှတ် ခေါင်းလောင်းသံသည် မောင်ချစ်၏ နှလုံးသွေးကို နှိုးဆွလိုက်လေ၏။ ဘုရားရှိခိုး ဆုံးခါနီး ‘အာမ’ ဟု ဆိုမိလျှင်ပင် ‘ဘန္တေ’ ကို မစောင့်နိုင်ဘဲ ထ၍ ပြေးလေရာ အစောင့်ကိုကြီးကြီးတပါးက အရင်လိုရကောင်းလားဟူ၍ ထိပ်ကို ဂေါင်ဂေါင်မြည်အောင်ခေါက်လိုက်၏။

အမှုမထားမိ။ လမ်းတွင် ခလုတ်တိုက်၍ ခြေမကွဲသွားသော်လည်း နာရမှန်းမသိ။ ဦးအောင်ချာ့ ကနားဖျင်းနား ရောက်သောအခါ အတင်းတိုး၀င်သွားလေ၏။ ဖော့ဦးထုပ်ကိုဆောင်း၊ ဘောင်းဘီအပြာကို ၀တ်လျက် ကွပ်ပျစ်ထက်တွင် အခံ့သားထိုင်ရင်း မင်းသမီးရုပ်ကလေးကို ဘယ်ပြန်ညာပြန် ပယ်ပယ်နယ်နယ် ကိုင်တွယ်ကြည့်ရှုနေသော လူကြီးတယောက်ကို မြင်မှသာ ကိုယ်အရှိန်သတ်၍ ပြောနေကြသော စကားကို ကြားမိလေတော့၏။

‘ဘယ့်နှယ်လဲ ဆရာကြီးရဲ့၊ ကျုပ်ပြောတဲ့ အဖိုးနဲ့ပဲ ပေးလိုက်မယ် မဟုတ်လား။ ခင်ဗျားတို့အရပ်မှာ ဒီအရုပ်ကလေးနဲ့ တန်တဲ့အိမ် တအိမ်မှ မရှိပါဘူး၊ ၀ယ်နိုင်မယ့်လူလည်း ရှိမှာမဟုတ်ပါဘူး’ ‘မှန်ပါ၊ ၀န်ထောက်မင်းဖို့ ဆိုရင်တော့ အလကားတောင်းလည်း ပေးရမှာပါပဲ။ နို့ပေမဲ့ အချောသတ် အမွှမ်းတင်ဖို့ လေးငါးရက်လောက် ဆိုင်းစေချင်ပါတယ်။ ပြီးရင် ပြီးချင်း ၀န်ထောက်မင်းတို့ဆီကို လာပြီး ပို့ပါမယ်’ ထိုမျှကို ကြားရလျှင်ပင် မောင်ချစ်၏ အသည်းနှလုံး အူသိမ်အူမ တို့သည် ကြွေကျမတတ် ဖြစ်လေ၏။

အရုပ်ကလေးကို အတင်းလု၍ ပြေးလိုသောစိတ် ပေါ်လာသော်လည်း ၀န်ထောက်မင်းဟု ကြားရရုံမျှနှင့်ပင် ရင် ဒူးတုန်နေရသော မောင်ချစ်မှာ အဘယ်သို့ ဝံ့ရဲပါအံ့နည်း။ ခါးကြားက ခြောက်လုံးပြုးသေနတ်သည်လည်း မောင်ချစ်၏ အကြံကို သိသည့်အလား မောင်ချစ်ဆီသို့ စိန်းစိန်းလှည့်၍ ခြောက်လှန့်မောင်းနှင်လေ၏။ ဝဲလာသော မျက်ရည်ကို အနိုင်နိုင်ထိန်း၍ မိမိဘက်သို့ ကျောခိုင်းနေသော ဆင်စွယ်ဒေဝီကလေးအား နောက်ဆုံးကြည့် ကြည့်လျက် ထွက်လာလေ၏။

လမ်းကြားငယ် တခုအတွင်းမှ ‘ဟိုကောင်ကလေး ညိုတိုတို၊ တို့ကို ကြိုက်လို့ ငို၊ နင်ငိုပေမဲ့ အလကား၊ တို့အမေက မပေးစား’ ဟု ထွက်ပေါ်လာသော တေးသံသည် တေးဆိုသူအား နှလုံးပွားဖွယ်ပင် ဖြစ်သော်လည်း မောင်ချစ်၏ နှလုံးသားကိုကား ဓားပါးနှင့် မွှန်းလိုက်လေတော့သတည်း။ တဆယ့်ငါးရက်မျှ ကြာသောအခါ ခေါင်းထက်တွင် တဘက်ကိုယ်စီတင်ထားသော မိန်းမကြီးတစုနှင့် ယောက်ျားကြီးတယောက်တို့ မောင်ချစ်တို့၏ ခြောက်သွေ့သော ခြံကလေးအတွင်းသို့ ၀င်သွားသည်ကို မြင်ရပါသည်။

အိမ်ရှေ့ ခွေးကတက်ကို တက်မိလျှင်ပင် တိုင်ဖုံးနား၌ မျက်ရည်စက်လက် ဦးဆံဖားလျားနှင့် ထိုင်နေသော မိန်းမတဦးသည် ယောက်ျားကြီး၏ ခြေစုံကို ပြေးဖက်လျက် ‘အမယ်လေး ကိုရင်အောင်ရဲ့၊ မောင်ချစ် ဖြစ်ပျက်ပုံတွေ မြင်ဝံ့သေးရဲ့လားရှင့်၊ မောင်ချစ်ရေ…အမေ့သားကြီးရဲ့၊ အမေလိုက်ခဲ့မယ်ကွယ့်နော်၊ ဟီး ဟီး’ ဟု ဟစ်အော်ပြောဆို ငိုကြွေးမြည်တမ်းလေ၏။

ဦးအောင်ချာလည်း မောင်ချစ်အလောင်းနားတွင် မလှုပ်မယှက် ထိုင်နေသော မောင်ချစ်ဖခင်အား ‘ဘယ့်နှယ် ဖြစ်ရတာလဲ မောင်ဖိုးငွေရဲ့၊ ကိုရင်လည်း မြို့တက်သွားတာ ဆယ့်လေးငါးရက် ကြာသွားလို့ ဘာသတင်းမှ မကြားမိဘူး၊ အခု ပြန်ရောက်ရောက်ချင်းပဲ အိမ်မှာထိုင်တောင် မထိုင်ခဲ့ဘဲ ပြေးလာခဲ့တာပဲကွယ့်’ ဟု ပြောလေ၏။ ‘

ကိုရင်ရယ်၊ ဘာရောဂါရယ်လို့လဲ မပြောတတ်ပါဘူး။ တမှိုင်မှိုင် တတွေတွေနဲ့ ထမင်းမစား ဟင်းမစား၊ တခါတလေ သူ့အမေကျွေးလို့ ဆန်ပြုတ်ကလေး တဇွန်းလောက် ၀င်သွားပေမဲ့ ချက်ချင်း အန်ပစ်လိုက်တာပဲ။ ပယောဂဆိုလို့ ဆရာသြခေါ်ပြပါလည်း ဘာမှ မထူးခြားပါဘူး။ ကလေးကို ညှဉ်းဆဲသလိုသာ ဖြစ်နေတာပဲ။ မေးလို့လည်း မပြောဘူး။

မနေ့ညကတော့ သူ့အမေကို ခေါ်ပြီး သူစုထားတဲ့ ပိုက်ဆံ ငါးမူးနှစ်ပြားကို သူ့ဆရာတော် လှူလိုက်ပါလို့ မှာပြီးတော့ ကိုရင်အောင်ကို မေးတာပဲ။ မြို့သွားတယ်လို့ ပြောတော့ အတန်ကြာကြာ ဘာမှ မပြောဘဲ မောနေပြီး “ဘကြီးအောင် ညာတယ်” လို့ မပီတပီပြောရင်း အသက်ပျောက်သွားတာပဲ’ ဟု ပြော၍ လုံချည်စဖြင့် မျက်ရည် သုတ်လေ၏။ ဦးအောင်ချာလည်း စဉ်းစား၍ အကြောင်းရင်းကို ရိပ်မိသော အခါ မျက်နှာညှိုးငယ်၍ သွားလေတော့သတည်း။

ယခုအခါတွင်ကား ရွာကလေးအနောက်ဘက် နွားစာကျက်အနီး ထိန်ပင်ကြီးတောင်ယွန်းရှိ သင်္ချိုင်းကုန်းထက်တွင် ထီးတည်းသော အုတ်ဂူကလေး တခုကို တွေ့နိုင်ပါသည်။ “အချစ်ဂူ” ဟူ၍ လည်းကောင်း၊ “မောင်ချစ် ဂူ” ဟူ၍လည်းကောင်း အမည်နှစ်မျိုးဖြင့် ခေါ်ကြရာ မည်သည်ကို အမှန်ဟူ၍ မပြောနိုင်ပါ။

ဂူကလေး၏ အရှေ့မျက်နှာလိုဏ်ပေါက်ကလေးထဲတွင် ကျွဲကျောင်းသား၊ နွားကျောင်းသားတို့၏ လက်ချက်ကြောင့် ကျိုးပဲ့ပျက်စီးနေသော အရုပ်ကလေး တစုံကိုတွေ့နိုင်ပါသေးသည်။ လိုဏ်၀အင်္ဂတေတွင် သွင်းနှံထားသော ကျောက်ပြားငယ်ထက်တွင်ကား “လို၍ မရသော ဆင်းရဲ” ဟု စာတန်းထိုးထားပါသည်။

ကျနော်၏ ဘိုးဘေးအား မေးမြန်းကြည့်ရာ သုံးနှစ်လောက်က ပျံတော်မူသွားသော တောထွက်ကြီး ဦးဣန္ဒ၏ လက်ရာဖြစ်သည်ဟု သာမန်မျှသာ သိရပါသတည်။

#မင်းသု၀ဏ် (တက္ကသိုလ်ကျောင်းတိုက် မဂ္ဂဇင်း၊ ဖေဖော်ဝါရီ ၁၉၃၂

)မှတ်ချက် – မင်းသု၀ဏ် ၀တ္တုတိုများ စာအုပ်မှ….

Likes:
4 2
Views:
765

Leave a Reply

Your email address will not be published. Required fields are marked *