ဒွတ္တဘောင် မင်း က စလိုက်တဲ့ရိန္ဒမာလှံတံ ရာဇဝင်

ဒွတ္တဘောင်မင်းကစလိုက်တဲ့ အရိန္ဒမာလှံတံ ရာဇဝင်

 

 

သိကြားမင်း သည် ဘီစီ ၆၀၆ ခုနှစ်တွင် ဒဂုန်၌ နန်းတက်ခဲ့သည့် ဒဂုန်မင်းဆက်၏ ၃၂ ဆက်မြောက် ဘုရင် ဥက္ကလာပ မင်းကြီး ၏ ခမည်းတော် ဖြစ်သည်ဟု ဆိုသည်။သိကြားမင်း နှင့် ကြင်ယာတော် မယ်လမုတို့မှ ဥက္ကလာပမင်းကြီးကို ဖွားမြင်ခဲ့ခြင်း ဖြစ်သည်ဟုဆို၏။ရွှေ တိဂုံစေတီတော် တည်စဉ်ကလည်း သိကြားမင်းသည် သားတော် ဥက္ကလာပမင်းကြီး၊ ကုန်သည်ညီနောင်တို့နှင့်အတူ ပါခဲ့သေးသည်။သိကြား မင်း ၏ အရိန္ဒမာလှံတံကို အစောဆုံး ဆက်သခံခဲ့ရသူမှာ ဒွတ္တဘောင်မင်း ဖြစ်သည်ဟု ဆိုပါသည်။ဒွတ္တဘောင်သည် သိကြားမင်းနှင့် အ တော်အတန် ရင်းနှီးသူဟု ဆိုနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဘုံအဆင့်ဆင့်ပါ နန်းတော် ၃ ဆောင် ပြီးစီးချိန်တွင် သိကြားမင်းကိုယ် တိုင် ဒွတ္တဘောင်မင်း၏ လက်ကိုဆွဲလျက် နန်းတင်ပေးခဲ့ခြင်း ဖြစ်သည်။ထိုစဉ်တွင် သိကြားမင်းက ဒွတ္တဘောင်အား အရိန္ဒမာလှံတံကို ပေးအပ်ခဲ့ခြင်း ဖြစ်သည်။အရိန္ဒမာသည် ပုဂံခေတ်ဦးတွင် ပြန်လည် ပေါ်ပေါက်လာခဲ့ပြန်သည်။ ပုဂံတွင် မင်းလောင်းပေါ်နေသည်ကိုသွား ရောက်ကြည့်ရှု့ လိုသည့် ကွမ်းဆော်လုလင်အား အဘိုးအို ယောင်ဆောင်ထားသည့် သိကြားမင်းက မြင်းကို ပေးအပ်ရာတွင် အရိန္ဒမာလှံတံလည်း ပါဝင်ခဲ့သည်။ကွမ်းဆော်လုလင်သည် ကျောင်းဖြူမင်းအဖြစ် ပုဂံတွင် ထီးနန်းစိုးစံခဲ့ပြီးနောက် နန်းကျသွားသောအခါ အရိန္ဒမာလှံတံက သားတော် အနော်ရထာမင်းထံသို့ ရောက်ရှိသွားပါသည်။စုက္ကတေးမင်းက အမိကွဲညီတော် အနော်ရထာမင်းသားအပေါ် မောက်မာစော်ကား လာသည်ကို နန်းကျဘုရင် ကျောင်းဖြူမင်းက မကျေမနပ်ဖြစ်ကာ တန်ခိုးထက်လှသော အရိန္ဒမာလှံတံကို သားတော် အနော်ရထာထံသို့ လွှဲပြောင်းပေးအပ်ခဲ့ခြင်း ဖြစ်သည်။အနော်ရထာ လက်ထက်တွင် အရိန္ဒမာလှံတံက အထူးထင်ရှားခဲ့သည်။ ထို့ကြောင့်လည်း အရိန္ဒမာလှံတံ အ ကြောင်း နှောင်းခေတ်ပြည်သူတို့ သိရှိလာခဲ့ရခြင်း ဖြစ်သည်။အနော်ရထာ ဘုရင်ဖြစ်လာပြီးနောက် ဥဿာပဲခူးမှ ပြန်လာသော ကျန်စစ်သားအ ပေါ် မဏိစန္ဒာမင်းသမီးနှင့် ပတ်သက်၍ သံသယရှိ အမျက်တော်ရှကာ အရိန္ဒမာလှံတံဖြင့် ပစ်လိုက်သည်။ဤတွင် အရိန္ဒမာလှံတံက နှောင်ကြိုးကို ထိမှန်ပြတ်တောက်သွားရာ ကျန်စစ်သားက လှံတံကို ကောက်ယူပြေးတော့သည်။သို့ဖြင့် အရိန္ဒမာလှံတံသည် ကျန်စစ်သားလက်ထဲသို့ ရောက်သွား၏။ကျန်စစ်သားသည် ကျောင်းဖြူရပ်ရှိ မထီးကျောင်းသို့ ရောက်သောအခါ သံပုရာချဉ်သီးများကို လှံတံဖြင့် ထိုးဆွတ်စားသောက်လေရာ သံပုရာသီးများက ချိုမြသွားသည်ဟု ဆိုပါသည်။ကျန်စစ်သားနှင့် သိကြားမင်းတို့ကလည်း အလွမ်းသင့်ကြဟန် တူပါသည်။ သိကြားမင်းသည် မိမိ၏ အရိန္ဒမာလှံတံ ကျန်စစ်သားလက်တွင်းသို့ ရောက်သွားသည်ကို ကျေကျေနပ်နပ် လက်ခံထားပုံရသည်။ အနော်ရထာမင်းလက်ထက်က မပြီးပြတ်ခဲ့သည့် ရွှေစည်းခုံစေတီတော်ကို ဆက်လက်တည်ထား ကိုးကွယ်ခဲ့ရာတွင် သိကြားမင်းသည် ပန်းရံကြီးယောင်ဆောင်၍ ဝင်ရောက်ကူညီခဲ့သေးသည် ဆို၏။သိကြားမင်းက ကျောက်ရွေလုပ်ငန်း၊ သရွတ်ကျံလုပ်ငန်းများကိုလည်း စေ့စပ်သေချာမှုရှိစေရန် ပါဝင်လုပ်ဆောင်ခဲ့သေးသည်။ ထို့ပြင် ရွှေစည်းခုံစေတီတော် အရှေ့တောင်ထောင့်မှ ကျောက်ခြင်္သေ့ရုပ်တုကိုပင် ဝင်ရောက်ထုလုပ် ပေးခဲ့သည် ဆိုပါသည်။ကျန်စစ်သား၏ အရိန္ဒမာလှံတံသည် သူ့အားဆက်ခံ သည့် မြေးတော် အလောင်းစည်သူမင်းထံသို့ ဆက်လက်ရောက်ရှိသွားသည်ဟု မှန်းဆရပါသည်။သို့သော် ရာဇဝင်ကျမ်းများတွင် အရိန္ဒမာလှံတံ အကြောင်း စိုးစဉ်းမျှ မတွေ့ရတော့။ အလောင်းစည်သူမင်းကို ဘိသိက်ပေးခဲ့သူက သိကြားမင်းကိုယ်တိုင် ဖြစ်ပါသည်။သို့ကြောင့်လည်း အရိန္ဒမာလှံတံသည် အလောင်းစည်သူထံတွင် ရှိမည်ဟု မှန်းဆမိခြင်း ဖြစ်သည်။ ပုဂံခေတ်၊ အင်းဝခေတ် စသည့် ခေတ်အဆက်ဆက်သာ ပြောင်းလဲသွားသည်။ အရိန္ဒမာ အ ကြောင်းက သဲလွန်စပင် မရတော့။အရိန္ဒမာလှံတံ ရာဇဝင်ထဲမှ ပျောက်ဆုံးသွားခြင်းကို ဘဝင်မကျ ဖြစ်နေမိသည်။ မဆီမဆိုင် အတွေးက အရိန္ဒမာဆီသို့ ရောက်နေမိသည်။ရာဇဝင်ကျမ်းများ၊ သမိုင်းစာအုပ်များကို ဖတ်တိုင်း သတိထားရှာဖွေရမည့် ဝေါဟာရများထဲတွင် အရိန္ဒမာ ပါလာသည်။ အရိန္ဒမာလှံ ဘယ်ရောက်သွားသနည်း။ ရာဇဝင်ကျမ်းများကို ဖတ်ရင်းအတွေးပေါက်လာမိသည်။အရိန္ဒမာလှံသည် သိကြား မင်းပိုင် လှံတံဖြစ်သည်။ တန်ခိုးထက်သော လှံတံလည်း ဖြစ်သည်။ သံပုရာသီး အချဉ်ကိုပင် ချိုနိုင်အောင် စွမ်းဆောင်နိုင်စွမ်းရှိသော ပစ္စည်းဖြစ်သည်။သိကြားမင်းက ဘုရင်တစ်ပါးပါးအပေါ် စိတ်ခုပြီး အရိန္ဒမာလှံတံကို ပြန်လည်သိမ်းယူသွားလေသလား အတွေးနယ်ချဲ့မိသည်။နောက်ဆုံးတော့ ပျောက်သောသူ ရှာရင်တွေ့ ဆိုသကဲ့သို့ အရိန္ဒမာလှံတံကို အမှတ်မထင် ပြန်လည်တွေ့ရှိရတော့သည်။

 

 

 

အလောင်းမင်းတရားကြီး၏ အမိန့်တော်များထဲတွင် အမှတ်မထင် တွေ့ရှိရခြင်းဖြစ်၏။၉ ဧပြီ ၁၇၅၆ တွင် သိကြားမင်းထံမှ စာလွှာအဖြစ် အမိန့်တော်ထုတ်ပြန်ရာ၌ အရိန္ဒမာလှံတံ ပါဝင်လာခဲ့ခြင်း ဖြစ်ပါသည်။သိကြားမင်းထံမှ စာလွှာ၌ “ငါ့ကိုလည်း ဘုရားသခင် ပရိနိဗ္ဗာန် ယူတော်မူခါနီး၌ သာသနာတော်မြတ်ကို စောင်မရမည် အမိန့်တော်ရှိ၍ ကုန်းဘောင်ပြည်မင်းကို ငါ စောင်မရသည်။ ဆင်ဖြူလည်း ၅ စီး ငါပေးပြီ။ အရိန္ဒမာလှံလည်း ငါ အပ်ပြီ´´ ဟူ၍ ပါရှိပါသည်။ ယင်းနောက်ပိုင်း၌ အလောင်းမင်းတရား အမိန့်တော်များတွင် “အရိန္ဒမာ စကြာရွှေလှံရ အဆောင် ဆောင်သော ပြာသာဒ်သခင် ဖြစ်တော်မူသော´´ စသည်ဖြင့် ထည့်သွင်းဖော်ပြလာပါသည်။သို့သော် အလောင်းမင်းတရားနောက် ပိုင်း ဆက်ခံကြသည့် ကုန်းဘောင်မင်းများလက်ထက်တွင် အရိန္ဒမာလှံတံအကြောင်း လုံးဝ ဖော်ပြခြင်း မရှိတော့ချေ။အရိန္ဒမာလှံတံကား ပျောက်ခြင်းမလှ ပျောက်သွားပြန်လေပြီ။ သီပေါမင်းနှင့်အရိန္ဒမာလှံပျံတော် – ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ဟန်လင်းကြီးမြို့ဟောင်းတွင် “ဖော့တစ်ပင်ရှောင်၊ အိုအောင်မဆင်းရဲ´´ ဟု အများက သတ်မှတ်သမုတ်ခံရသော လူရှုပ်လူပွေ ဖိုးသူတော်ကြီး ဦးဖော့ ၏ ပါးစပ်ဆော့မှုကြောင့် လက်ယာကြောင်း သေနတ်ဗိုလ် ဗိုလ်အိမ်ကြီးမောင် ဆိုသူ ဒုက္ခရောက်ခဲ့ဖူးသည်။မဟုတ်တမ်းတရားများကို ကြံကြံဖန်ဖန် ပြောဆိုတတ်သော ဖိုးသူတော်ကြီး ဦးဖော့သည် ရတနာပုံ နေပြည်တော် သို့ ရောက်ရှိလာကာ မဟာရာဇာဓိရာဇဂုရု တံဆိပ်တော်ရ သောဘိတာရာမ ဆရာတော်ကြီးအား ဝင်ရောက်ဖူးမျှော်ပါသည်။ထို့နောက်ဆရာတော်ကြီးအားဟန်လင်းကြီးမြို့ဟောင်းရှိ ပုဂံပြည့်ရှင် နရပတိစည်သူမင်းကြီး၏ ကုသိုလ်တော် ရွှေရပ်တော် စေတီတော် အနီးတွင် ဘုန်းသမ္ဘာ ထူးမြတ်သည့် မင်းကောင်းမင်းမြတ်များနှင့်သာ ထိုက်တန်သော အရိန္ဒမာလှံပျံစကြာကို မြှုပ်နှံထားကြောင်း ရှေးဟောင်း ကြေးပုရပိုက်တွင် အထင်အရှား တွေ့ဖူးကြောင်း ဖြီးဖြန်းလျှောက်ထားခဲ့ပါ၏။ဖိုးသူတော်ကြီး ဦးဖော့၏ အကျင့်စရိုက် ကို သိတော်မမူရှာသော သောဘိတာရာမ ဆရာတော်ကြီးသည် ဤအကြောင်းအရာကို သီပေါမင်းတရားအား ထပ်ဆင့်မိန့်မြွက်တော်မူလေတော့သည်။ထို့အခါသီပေါမင်းသည် စိတ်ဝင်စားတော်မူသဖြင့် ရတနာသိင်္ဃမြို့ဝန် ရဲဘက်မြင်းဝန် ရှေ့ဝင်းတော်မှူး သတိုးမင်းကြီး မဟာမင်းခေါင်ရာဇာဘွဲ့ခံ ဗိုလ်ပြင်နှင့် လက်ယာကြောင်း သေနတ်ဗိုလ် ဗိုလ်အိမ်ကြီးမောင်တို့အား ယင်းလှံပျံစကြာကို တူးဖော်ဆက်သရန် မြန်မာခုနှစ် ၁၂၄၀ ပြည့်နှစ် တပေါင်းလတွင် အမိန့်တော် ချမှတ်ပါ၏။ယင်းအမိန့်တော်နှင့်အညီ လက် ယာကြောင်း သေနတ်ဗိုလ် ဗိုလ်အိမ်ကြီးမောင်သည် ဟန်လင်းကြီးကျေးရွာသို့ လာရောက်ကာ ဖိုးသူတော်ကြီး ဦးဖော့ ညွှန်ပြသော နေရာ၌ မြန်မာခုနှစ် ၁၂၄၀ ပြည့်နှစ်၊ တပေါင်းလဆန်း ၈ ရက်၊ ကြာသပတေးနေ့ (ခရစ်နှစ် ၁၈၇၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်) တွင် စတင် တူးဖော်ပါ၏။နေပူကျဲကျဲတောက် အရိပ်အာဝါသ ကင်းမဲ့သော လွင်တီးခေါင်၌ တူးဖော်ကြရသောကြောင့် တူးဖော်ရသူများ အလွန်ပင်ပန်း ဆင်းရဲကြပါ၏။ရက်အနည်းငယ် ကြာမြင့်လာသော်လည်း ဖိုးသူတော်ကြီး ပြောဆိုသကဲ့သို့ လှံပျံစကြာကို မတွေ့ရသောကြောင့် တူးဖေါ်ရသူလက်အောက်ငယ်သားများလည်း များစွာ ပင်ပန်း ဆင်းရဲရလေသည်။အထက်မှလည်းလှံပျံစင်္ကြအား မြန်မြန်တွေ့ချင် မြင်ချင်ဖြစ်သောကြောင့် ဖိအားပေးစေခိုင်းလျှက် ရှိနေပါ၏။ထိုအခါစိတ်ဆိုးစိတ်ထွက်လာသော ဗိုလ်အိမ်ကြီးမောင်က ဖိုးသူတော်ကြီး ဦးဖော့ အား လှံပျံစကြာ တွေ့လျှင်တွေ့၊ မတွေ့လျှင် လူ့ပြည်မှာ အရှင်မထားဘူး စသည်ဖြင့် လည်ကုပ်ပေါ် ဓားတင်ကာ ကြိမ်းဝါးလေတော့သည်။သည်တွင် ဖိုးသူတော်ကြီး ဦးဖော့ သည် လှံအကျိုးအပဲ့ အဟောင်းအမြင်း တစ်စင်းကို မရမနေ ရှာယူကာ လူသူမသိ ညဉ့်ကာလအချိန်တွင် ကျင်းထဲသို့ တိတ်တဆိတ် လာရောက်မြှုပ်နှံရကြောင်း ရှေ့မီနောက်မီ ပုဂ္ဂိုလ် များက ပြောပြဖူးပါသည်။ကုသိုလ်တော်ပွားကန်တော် တူးဖော်ရာ၌လှံပျံစကြာ တွေ့ရှိသောကြောင့် မြန်မာခုနှစ် ၁၂၄၀ ပြည့်နှစ်၊ နှောင်းတန်ခူးလဆန်း ၄ ရက်၊ ဗုဒ္ဓဟူးနေ့ (ခရစ်နှစ် ၁၈၇၉ ခုနှစ်၊ မတ်လ ၁ ရက်)တွင် သီပေါမင်းတရား၏ ရှေ့တော်သို့ တပ်ဝင်းအခမ်းအနားဖြင့် တင်သွင်းရကြောင်း ဖော်ပြထားသည်ကို ဖတ်ရဖူးသဖြင့် ကုန်းဘောင်ဆက် မဟာရာဇဝင်လာ လှံပျံစကြာအရိန္ဒမာ နှင့် ပတ်သက်သော အကြောင်းခြင်းရာများကို ဆင်ခြင်ရန် ရှိပါလေတော့သည်။ ကိုးကား – မဟာရာဇဝင်ကြီးတော်ကြီး-ဦးကုလား

 

Credit

 

Leave a Reply

Your email address will not be published.