“ကျွန်ုပ်နှင့်သက်မှူးခင်” ( မင်းသိင်္ခ )

တနေ့သ၌ ကျွန်ုပ်ထံသို့ အသက် ၂၀ ပင် မပြည့်တတ်သေးသော ရုပ်မလှပသည့် မိန်းကလေးရောက်ရှိလာလေ၏။ သူသည် ကျွန်ုပ်ကို စတင်၍ မိတ်ဆက်စကားပြော၏။“သမီးနာမည် သက်မှူးခင်လို့ခေါ်ပါတယ်။ မနှစ်ကကျောင်းပြီးသွားပါပြီ။ အခု သမီးအဘဆီလာတာကတော့ သမီးအမေရိကားကို သွားချင်တာ သွားဖို့ ကံပါ မပါ လက္ခဏာ ကြည့်ချင်လို့” ဟု ပြောလေတော့၏။ထိုအခါ ကျွန်ုပ်က…“လက္ခဏာကြည့်ပေးပါ့မယ်။ သွားဖို့ ကံပါ မပါလည်းပြောပြပါ့မယ်။

တခုတော့ရှိတယ်။ ဒီမှာမနေဘဲ နိုင်ငံခြားထွက်သွားတာဟာ မှန်တယ် မမှန်ဘူးဆိုတာကို သမီးဟာသမီး စဉ်းစားပြီး ဆုံးဖြတ်ရမယ်နော်” ဟု ပြောလိုက်ရာ သက်မှူးခင်က..“ဒီလိုရှိပါတယ်အဘ၊ သမီးဘဝမှာ ကောင်း မကောင်းတို့၊ မှန် မမှန်တို့ကနေ လွတ်အောင်နေပါတယ်။ အဲဒီဟာတွေဟာ သမီးကို အနှောင့်အယှက်ပေးချင်လည်း ပေးနိုင်တယ်။ အဲဒီဟာတွေဟာ သမီးနဲ့လည်း သိပ်ပြီးမပတ်သက်ပါဘူး” ဟု ပြောလေတော့၏။

ထို့ကြောင့် ကျွန်ုပ်က..“ဟေ့ ကလေးမ၊ မင်းစကားက ကြီးကျယ်ခမ်းနားလှချေလား။ ကောင်းမကောင်းနဲ့လည်း မပတ်သက်ဘူး” ဟု ကျွန်ုပ်က မေးလိုက်ရာ သက်မှူးခင်က… “ကောင်းတယ် မကောင်းဘူးဆိုတာ တကယ်ရှိတဲ့အရာတွေမဟုတ်ဘူး အဘ၊ ခံစားမှုကို နာမည်တပ်ထားတဲ့အရာတွေ၊ ဒီဟာတစ်ခုကို ကိုယ်ကကြိုက်ရင်ကောင်းတယ်။ ကိုယ်က မကြိုက်ရင် မကောင်းဘူးပေါ့။ အဲဒီအရာထဲမှာ ကောင်း မကောင်းက မပါဘူး။ အပြင်က ကိုယ်က ဝင်ပြီးဆုံးဖြတ်လိုက်တာ၊ အဘ ရှင်းအောင်ပြောရမယ်ဆိုရင် ဝက်သားဆိုပါတော့။ ဝက်သားထဲမှာ တခြားဘာမျှ မပါပါဘူး။

မစားတဲ့ကုလားနဲ့ တွေ့တော့ မကောင်းဘူးပေါ့။ စားတဲ့တရုတ်နဲ့ တွေ့တော့ကောင်းတယ်ပေါ့။ အဲဒါတွေဟာ ဝက်သားထဲကဟာမဟုတ်ဘူးနော်။ အပြင်က ကုလားနဲ့ တရုတ်က ဆုံးဖြတ်နေကြတာ” ဟု ပြောလေ၏။ ကျွန်ုပ်လည်း သက်မှူးခင်၏စကားကို နားထောင်ပြီးနောက် ပြုံးမိသေးတော့၏။ ထို့နောက် ကျွန်ုပ်က… “ ထားပါတော့ သမီးရယ်၊ မှန်တယ် မှားတယ်ဆိုတဲ့ကိစ္စရှင်းစမ်းပါဦး” ဟု ပြောလိုက်ရာ သက်မှူးခင်က… ၊

“ဒါတွေကလည်း နှစ်ခုလုပ်ပြီး ပြောနေရပေမဲ့ စင်စစ်တော့ တခုတည်းပါ။ ဒင်္ဂါးပြားတစ်ခုရဲ့ ဟိုဘက်ဒီဘက် ဖြစ်ပါတယ်။ ဒင်္ဂါးပြားရဲ့ ခေါင်းဘက်ကို မှန်တယ်။ ပန်းဘက်ကိုမှားတယ်လို့ ဘယ်လိုလုပ်ပြီးပြောမလဲ။ ပန်းဘက်ကလည်း ဒင်္ဂါးပဲလေ။ မှန်တယ်ဆိုတဲ့ အရာရဲ့ တခြားတဘက်ကလည်း တခြားသော မှန်ကန်မှုပါပဲ။

အဲဒီလိုတခုတည်းသောအရာကို ဘာကြောင့်နှစ်ခုဖြည့်ပြီးထည့်ပြီး စဉ်းစားနေရာတလဲလို့ စိစစ်ကြည့်ရင် အဘတို့ သမီးတို့က မတူရင် ဆန့်ကျင်တယ်လို့ ထင်နေတာကိုး၊ မတူတာဟာ မတူတာပါပဲ။ ဆန့်ကျင်တာ မဟုတ်ပါဘူး။ ဥပမာ ဆိုပါတော့ … အစနဲ့အဆုံး တူသလားလို့မေးရင် မတူဘူးလို့ ဖြေရမှာပါပဲ။ ဒါပေမဲ့ အဲဒီအရာနှစ်ခုဟာ မဆန့်ကျင်ဘူးနော်။

မဆန့်ကျင်ရုံတင် မကဘူး။ တစ်ခုကို တစ်ခုက ပြည့်စုံအောင်တောင် လုပ်ပေးသေးတယ်။ ဥပမာဆိုပါတော့ … ဝတ္ထုဇာတ်လမ်းအစနဲ့ ဝတ္ထုဇာတ်လမ်းအဆုံးဟာ ဆန့်ကျင်တာမဟုတ်ဘူး။ နှစ်ခုစလုံး ဝတ္ထုဇာတ်လမ်းတွေချည်းပဲ။ အဆုံးမပါတဲ့ ဝတ္ထုဇာတ်လမ်းဟာ ဘယ်ပြည့်စုံပါ့မလဲ အဘရဲ့ ။ အမှန်ကတော့ အဘရယ် မတူပေမဲ့ မဆန့်ကျင်ပါဘူး။

ခြားလည်းမခြားနားပါဘူး။ မတူမခြားပေါ့။ အပူအအေးတိုင်းတဲ့ ပြဒါးတိုင်လိုပေါ့။ ပြဒါးတိုင်ဟာ နှစ်ခုမဟုတ်ပါဘူး။ ဒီတစ်ခုတည်းပါပဲ။ အပေါ်ကိုတက်နေရင် ပူတယ်။ အောက်ကိုကျနေရင် အေးတယ် မဟုတ်လား။ နှစ်ခုစလုံးဟာ ပြဒါးတိုင်ရဲ့ အမှတ်အသားပြချက်တွေပါပဲ” ဟု ပြောလိုက်ရာ ကျွန်ုပ်သည်အူကြောင်ကြောင်ဖြစ်၍ သွားလေတော့၏။

ထို့နောက် ကျွန်ုပ်က… ။ “ကဲ မိန်းကလေးမင်းရဲ့ မွေးခုနှစ်ကို အင်္ဂလိပ်လိုပြောပေတော့ … မှတ်မိတယ် မဟုတ်လား” ဟု ပြောလိုက်ရာ သက်မှူးခင်က.. “သမီးဟာ ၁၉၈၉ ခု၊ ၁ လပိုင်း၊ ၁၆ ရက်နေ့မှာ မွေးပါတယ်” ဟု ဖြေ၏။ ထို့ကြောင့် ကျွန်ုပ်က “မင်းရဲ့ မွေးခု၊ မွေးလ၊ မွေးရက်ထဲကမှာ (၁) ဂဏန်းက သုံးလုံးတောင်ပါနေတယ်။ ဒါကြောင့် နိုင်ငံခြားကို မုချသွားရလိမ့်မယ်။

သွားဖို့ကြိုးစားထားတယ်ဆိုရင်တော့ ဒီနှစ်ထဲမှာ သွားရမယ်။ သွားရရင်လည်းအောက်တိုဘာလလောက်မှာ သွားရမယ်။

အမေရိကားရောက်တဲ့အခါမှာ “c’ စာလုံး၊ “G” စာလုံး၊ “s” စာလုံး၊ L” စာလုံးစတဲ့ မြို့တွေမှာ နေရလိမ့်မယ်” ဟု ပြောလိုက်ရင် သက်မှူးခင်က… “အများကြီးဖြစ်နိုင်တယ်အဘ၊ ကာလီဖိုးနီးယားမှာက သမီးရဲ့ သူငယ်ချင်း ကောင်မလေးတယောက် နာမည်ကြီးအဆိုတော် ဖြစ်နေတယ်။

သူ့ကိုချိတ်ရင်ချိတ်ရမှာ။ လောစ်အိန်ဂျလစ်မှာက ဘွိုင်းဖရန့် (Boy friend) တယောက် ဆူရှီထမင်းလိပ်ဆိုင်ကြီး ဖွင့်ထားတယ်။ ဆန်ဖရစ်စစ္စကို မှာက သမီးမေမေရဲ့ ငယ်ရည်စားတယောက် စိန်ပွဲစားကြီးဖြစ်နေတယ်။ အဲဒီအထဲက တယောက်ယောက်နဲ့ ချိတ်ပြီး သွားရမှာပဲ။

အဘဟောတာ ကွက်တိလောက်နီးနီးပါပဲ” ဟု ထောက်ခံလိုက်လေတော့၏။ “နောက်တခု အဘကို တင်ပြချင်တာကတော့ သမီးမှာ “ဒိုးဆီ” ၄ ပိဿာလောက်ရထားတယ်။ အဲဒါကို အရောင်းအဝယ်ဖြစ်မဖြစ် သိချင်တာပါပဲ အဘ” ဟု သက်မှူးခင်က မေးပြန်၏။ ထိုအခါ ကျွန်ုပ်က…“ဒိုးဆီဆိုတာ အဘမကြားဖူးလို့ ရှင်းပြစမ်းပါဦး” ဟု ပြောလိုက်ရာ သက်မှူးခင်က … ။“ဒိုးဆီဆိုတာက တခြားမဟုတ်ဘူးအဘ၊ ဒိုးပင်က ထွက်တဲ့အဆီတမျိုးပဲ။

အပင်တသန်းမှာတောင် တပင်မပါတတ်ဘူး။ အဲဒီအဆီဟာ အပင်ပေါ်မှာလည်း မတွေ့ရဘူး။ အပင်အောက်ကို တွေးကြည့်မှ အိမ်ဖွဲ့ပြီးနေတာကို တွေ့ရမှာ။ တွင်းဖြစ်ပြီးနေလိမ့်မယ်။ အဲဒီတွင်းထဲကနေ ခပ်ယူရတာ” ဟု ပြောလေတော့၏။ ထိုအခါ ကျွန်ုပ်က.. “ဟုတ်ပါပြီး သမီးရယ်။ အဲဒီဒိုးဆီက ဘာသုံးလို့ရမလဲ” ဟု မေးလိုက်ရာ သက်မှူးခင်က …. ။ “ဘယ်လောက်မာတဲ့ သံချောင်းပဲဖြစ်ဖြစ် ဒိုးဆီထဲမှာနှစ်ပြီး ကွေးလိုက်ရင် ဖယောင်းလိုပျော့သွားတယ်။

ခြောက်မူးလုံးလောက်ရှိတဲ့ သံချောင်းကြီးကို ဒိုးဆီစိမ်ပြီး သမီးတို့နားက မင်းသုခဆိုတဲ့ ကလေးတယောက်ကို ကွေးခိုင်းလိုက်တာ သံချောင်းကြီးက ခွေခေါက်ပြီး ကွေးသွားတယ် အဘရဲ့။ အဲဒါကို ဘယ်သံရုံးက အလိုရှိမှန်းတော့ မသိဘူး။ တစ်ပိဿာကို (၁၁)သိန်းရမယ်။ သမီးမှာ (၄)ပိဿာရှိတယ်။ (၄၄)သိန်းပေါ့ အဘရယ်။ နိုင်ငံခြားကို မသွားခင် အမေ့ကိုလည်း ပေးသွားချင်တယ်။ သမီးအမေက မုဆိုးမပါ။ ဒေါ်အေးမူလို့ ခေါ်ပါတယ်။

မှော်ဘီမြို့ အထွက်နားမှာ ထမင်းဆိုင်ကလေး ဖွင့်ထားပါတယ်။ သမီးတို့ဆိုင်က စားတဲ့လူနည်းလို့ ညဉ့်နက် သန်းခေါင် ထိဖွင့်ပြီး ရောင်းရပါတယ်။ အဲဒီပတ်ဝန်းကျင်မှာ လူသိပ်ပြီး မရှိပါဘူး။ လူပါးတယ်။ ရပ်ကွက်ရယ်လို့ မဟုတ်ဘူး။ ခြံကြီးတွေနဲ့ နေကြတာ လူကျဲတယ်။ ညတညမှာ ဘယ်ကနေဘယ်လိုရောက်လာမှန်းမသိဘူး။ လူ (၅၀) လောက် ထမင်းစားမယ်ဆိုပြီး ဝင်လာကြတယ်။ ဆိုင်မှာက အဲဒီလူတွေထိုင်ဖို့ ခုံအလုံအလောက်မရှိဘူး။

တချို့လူတွေဆိုရင် မတ်တတ်ရပ်ပြီး စားကြရတယ်။ အမေက ဟင်းချက်သိပ်ကောင်းတာ။ စားမယ့်လူတွေ အားလုံးကလည်း အမဲသားဟင်းနဲ့ စားမယ်လို့ မှာကြတယ်။ ဆိုင်မှာက လူ(၅ဝ)အတွက် အမဲသားဟင်း အလုံအလောက်မရှိတော့ ဆိတ်ကလီစာနဲ့ တွဲရပါတယ်။ အဲဒီလူတွေ အားလုံးရဲ့ မျက်နှာကို သမီးတို့သားအမိ တခါမျှမမြင်ဖူးပါဘူး။ မျက်နှာစိမ်းတွေချည်းပါပဲ။ စားပြီးတော့ တထောင်တန်အစိမ်းတွေ တရွက်စီ ပေးကြပါတယ်။ ။

အဲဒီအထဲက လူကြီးတယောက်က သမီးကို ကြေးနဲ့ထုထားတဲ့ ဘုရားဆင်းတုလေးပေးတယ်။ သမီးက ဘာဘုရားလဲလို့မေးတော့ သူက ဒါဟာ ဘုရားမဟုတ်ဘူးတဲ့။ ညာတကုတ်လို့ ခေါ်တယ်တဲ့။ အမေကတော့ အဲဒီလူကြီးရဲ့ နောက်ကနေ မယူဖို့ ခေါင်းခါပြပါတယ်။ ဘုရားဆင်းတုတွေ့ရဲ့ သားနဲ့ ညာတကုတ်လို့ ဖြေတော့ သမီးလည်း နားမလည်နိုင်အောင် ဖြစ်သွားပြီး ရှင်းပြပါဦးလို့ ပြောတယ်။ အဲဒီတော့ အဲဒီလူကြီးက စာလေးတပုဒ် ရွတ်ပြတယ်။

“ငါဟာ ဘုရားမဟုတ် ညာတကုပ် ကို ကိုင်လိုက်ရင် လက်တဆုပ် မီးမှာပြရင် တဟုတ်ဟုတ်”လို့ဆိုပါတယ်။ အဲဒီဆင်းတုကလေးက ကိုင်လိုက်ရင် လက်တဆုပ်ပဲ ရှိပါတယ်။ ဖယောင်းတိုင်မီးထွန်းပြီး အဲဒီနားကို ဆင်းတုတော်လေးပြလိုက်ရင် အဲဒီဖယောင်းတိုင်မီးတောက်ဟာ ဆင်းတုတော်နောက်ကို လိုက်ပါတယ်။ တပေလောက်အထိ လိုက်ပါတယ် ဟု ကျွန်ုပ်အား ပြောလေတော့၏။ ထိုအခါ ကျွန်ုပ်က “နေစမ်းပါဦး သက်မှူးခင်ရဲ့။

မင်းပြောတဲ့ ညာတကုပ်နဲ့ အခြားဆင်းတုနဲ့ ဘာကွာလဲကွဲ” ဟု မေးလိုက်ရာ ၎င်းက…“တခြားဆင်းတုတော်တွေက သင်္ကန်းကို ဘယ်ဘက်ပခုံးပေါ်မှာတင်တယ်။ ညာတကုပ်က ညာဘက်ပခုံးပေါ်မှာ တင်တယ်။ အဲဒါထားတာပါပဲ။ နောက်တခုရှိသေးတယ် အဘ။ စိတ်မဆိုးနဲ့နော် ဆက်ပြီး ပြောမယ်။ ခြေထောက် ၆ ချောင်းပါတဲ့ မြွေတကောင် သမီးရလို့ မွေးထားတယ်။ အရောင်က အဖြူအဘရဲ့။ သူက သွားရင် တခြားမြွေတွေလို ဗိုက်နဲ့ခြစ်ပြီးသွားတာ မဟုတ်ဘူး။ အဲဒီခြေထောက်တွေနဲ့ သွားတာပါ။ မြွေဆရာတွေကို ခေါ်ပြီးပြကြည့်ပါတယ်။

သူတို့လည်း မတွေ့ဖူးဘူးလို့ ပြောကြပါတယ်။ ဒါပေမဲ့ မြွေဆရာတွေက သမီးရဲ့ မြွေကိုအမိန့်ပေးကြပါတယ်။ မြွေကလိုက်ပြီးမလုပ်ဘူး။ ရန်လည်း မမူပါဘူး။ မြွေဆရာတွေကို အထူးအဆန်းတွေ့ရသလို သူ့မျက်လုံးက ကြည့်တယ်။ လူတွေအလိုဆိုရင်တော့ ဘာကောင်တွေလဲမသိဘူး။ ငါ့ကို ဘာတွေလာပြောနေကြတာလဲ မသိဘူးဆိုတဲ့ မျက်နှာပေးမျိုးနဲ့ ကြည့်နေပါတယ်။ တော်တော်စပ်စုတဲ့ လူတယောက် ဒီမြွေကိုသတ်ပြီး ယိုထိုးစားမယ်တဲ့။

အဲဒီလိုစားလိုက်ရင် လောကကြီးတခုလုံးမှာရှိတဲ့ တိရစ္ဆာန်တွေရဲ့ စကားကို နားလည်သွားလိမ့်မယ်တဲ့။ သမီးတော့ မသတ်ရဲလို့ မသတ်ဘူး။ သတ်ရဲတယ်ပဲထားဦး။ ယိုထိုးပြီး စားဖြစ်မှာမဟုတ်ဘူး။ တကယ်လို့ စားဖြစ်လို့ရှိရင် နိုင်ငံခြားဘာသာသင်တဲ့ တက္ကသိုလ်တခုမှာ တိရစ္ဆာန်တွေရဲ့ စကားကို စာတန်းတခုတင်ချင်ပါတယ်။ အဲဒီမြွေကိုလည်း သံရုံးတရုံးက ရှာနေတယ်ဆိုပဲ။ ရရင် သိန်း ၅၀ ပေးမယ်တဲ့။ အဲဒါကိုလည်း သမီးရောင်းချင်ပါတယ်” ဟု ပြောလေ၏။

ထို့ကြောင့် ကျွန်ုပ်က…“သက်မှူးခင် နင့်ဟာလည်း အဆန်းတွေချည်းပါလား။ အဘဖြင့် တခါမျှတောင် မကြားဖူးပါဘူး” ဟု ပြောလိုက်လေ၏။ထို့နောက် သက်မှူးခင်က… “တခါက အင်္ဂလန်ပြည့်ရှင် ဂျော့ဘုရင်မင်းမြတ်ဟာ နောက်လိုက်နောက်ပါတွေနဲ့ ခရီးထွက်ခဲ့တယ်။ တောရွာကလေးတရွာရောက်တော့ သူ့နန်းတော်ကို စာတစောင်ရေးချင်စိတ် ပေါ်လာတာနဲ့ စာတစောင် ကောက်ရေးပစ်တယ်။ ပြီးတော့ စာအိတ်အသစ်တလုံးဝယ်ပြီး အဲဒီစာအိတ်ထဲကို ထည့်လိုက်တယ်။

အဲဒီလိုလုပ်ပြီးရင် နီးရာ စာတိုက်ပုံးထဲ ထည့်ရမယ် မဟုတ်လား။ ဒါပေမဲ့ တံဆိပ်ခေါင်းကပ်ရဦးမယ်။ ဂျော့ဘုရင်မင်းမြတ်မှာ တံဆိပ်ခေါင်းမပါဘူး။ သူကလည်း တံဆိပ်ခေါင်းမပါတဲ့စာကို မထည့်ချင်ဘူး။ စာပို့ စည်းကမ်းကို ချိုးဖောက်သလိုဖြစ်နေတယ်။ နောက်လိုက်နောက်ပါတွေကို မေးကြည့်ပြန်တော့လည်း တယောက်မျှမရှိဘူး။

ဘုရင်ဖြစ်ပြီး အဲဒီစာပို့စည်းကမ်းကို ချိုးဖောက်လို့ ဘယ်သင့်တော်ပါ့မလဲ။ အမှန်က တပဲနိတန် တံဆိပ်ခေါင်းမှာကလည်း သူ့ပုံပါပဲ။ အဲဒါကြောင့် စာအိတ်ထောင့်မှာ တံဆိပ်ခေါင်းပုံ လေးထောင့်ကွက်ကလေးဆွဲပြီး “ကင်းချော့လို့ လက်မှတ်ထိုးလိုက်တယ်။ အဲဒါကိုလည်း စာတိုက်က တံဆိပ်ခေါင်းအဖြစ်လက်ခံတယ်။

အဲဒီတံဆိပ်ခေါင်းဟာ ကမ္ဘာပေါ်မှာ တလုံးတည်းပဲရှိမှာပေါ့။ အဲဒါကိုလည်း မြန်မာပြည်မှာရောက်နေတယ် သတင်းကြားလို့ အင်္ဂလန်သံရုံးက ရှာနေပါတယ်။ ရရင်ဒေါ်လာ တသန်းပေးမယ်တဲ့။ ဒေါ်လာတသန်းရရင် မြန်မာငွေ သန်း ၁ဝဝဝ ရမှာပေါ့။ ဒီတံဆိပ်ခေါင်းလေးဟာ လောစ်အိန်ဂျလစ်ရောက်နေတဲ့ သမီးချစ်သူက ပေးခဲ့တာပါ” ဟု ပြောလျှင် ကျွန်ုပ်က.. “မင်းပြောတော့ ဘွိုင်းဖရင့်ဆို” ဟု ထောက်လိုက်ရာ သက်မှူးခင်က… “အဘကလည်း နားထောင်ကောင်းအောင် ပြောတာပါ။

ဘွိုင်းဖရန့်ဆိုတာ ရည်းစားပဲပေါ့” ဟု သွက်လက်စွာ ပြန်၍ ဖြေလေ၏။ ထိုအခါ ကျွန်ုပ်က.. “ကလေးမရယ် မင်းဆီရောက်နေတာတွေကလည်း အထူးအဆန်းတွေချည်းပါလား။ တန်ဖိုးငွေကလည်း မသေးဘူးနော်” ဟု ပြောလိုက်လျှင် ၎င်းက… “နောက်တခုရှိသေးတယ် အဘ၊ အဲဒါကတော့ သမီးလက်ဝါးလောက်ရှိတဲ့ ကြေးမိုးကြိုးသွားပါပဲ။

သူ့ရဲ့ ထူးခြားချက်ကတော့ လျှပ်စစ်မီးအောက်ကို ယူသွားရင် မီးဟာ အလိုလိုငြိမ်းသွားတယ်။ ရေဒီယိုနားသွားရင် ရေဒီယို ရပ်သွားတယ်။ အဲဒါကိုလည်း ဂိုဏ်းဖွဲ့ပြီး လိုက်ဝယ်နေကြတယ်။ အစစ်တွေ့ ရင် သိန်း ၄၀ ပေးမယ်တဲ့” ဟု ပြောလေတော့၏။ကျွန်ုပ်သည် ရှည်ရှည်ဝေးဝေး မပြောနိုင်တော့ဘဲ“ဆန်းပေါ့ကွာ…” ဟုပင် ပြောလိုက်လေတော့၏။

ထို့နောက် သက်မှူးခင်၏ ထူးဆန်းသော ပစ္စည်းများအမြန်ဆုံး ရောင်းထွက်နိုင်ရန်အတွက် ဓာတ်ရိုက်ဓာတ်ဆင် လုပ်ပေးလိုက်ရတော့သတည်း။

ဆရာ၏မင်းနန်သူနှင့်ဂမ္ဘီရဝတ္ထုတိုများစာအုပ်မှစာစီ-

ဇေယျာမိုး(မွန်းလေးဖေဖေ)

Leave a Reply

Your email address will not be published.