ပြန်လမ်းဆုံးရင် (ဝတ္ထုတို)

“မင်းမကျေနပ်ရင် တိုင်ချင်ရာတိုင်လိုက်ပါကွာ၊ အခု ငါဘာကောင်လဲဆိုတာ မင်းသိဖို့ကောင်းတယ်”ခနိုးခနဲ့ရယ်သံတွေနှင့် အောင်မင်း၏ ပြောစကားကို အံကြိတ်ခံရင်းတကွေ့ကွေ့တော့တွေ့ကြသေးတာပေါ့ သူခိုးရယ် ဟုသာ စိတ်ထဲမှာကြိမ်းဝါးလိုက်သည်။သည်ကောင်မိသားစု ဘာကြောင့်ချမ်းသာလာတာလဲ လို့ရွာသားတွေကိုမေးရန်မလို။ ကျည်ဆံတစ်တောင့်အကြောင်းကောင်းကောင်းသိကြပါသည်။

ရပ်ရွာလူကြီးတွေက ပညာမတတ်သူတွေများသည်။ ပညာတတ်သူတွေကလည်း ခေါင်းမဆောင်ချင်ကြ။မိမိစီးပွားရေးထိခိုက်ခံပြီး ရပ်ကျိုးရွာကျိုးမလုပ်ချင်ကြတာများသည်။ တစ်ချို့ကလည်း အစိုးရဝန်ထမ်း ကုမ္ပဏီဝန်ထမ်းတွေဖြစ်ကြ၍ ရပ်ရွာလူကြီးအဖြစ်တာဝန်မယူနိုင်ကြချေ။သည်တစ်ခါလာလည်း မဲပြာပုဆိုး ဟုဆိုရတော့မလိုလို၊ ပညာမတတ်သူတွေပဲဆက်လုပ်လာတော့ အုပ်ချုပ်ပုံကနည်းမကျ။

သည်ကြားထဲ အဂတိလိုက်စား၊ မျက်နှာကြီးရာ ဟင်းဖတ်ပါ ဆိုသလို ကြီးနိုင်ငယ်ညှင်းစိတ်ကလုံးဝမပျောက်သေး။ လယ်ကိစ္စလား မြေကိစ္စလား လာထား ။နောက်ဆုံး ရွာဘုန်းကြီးကျောင်း ၏တစ်နှစ်တစ်ကြိမ် ရွေးချယ်ရသော ဂေါပက အဖွဲ့လား ၊ သူနှင့်အဆင်မပြေလို့ကတော့ ဘယ်လောက်ပဲငွေကြေးပြည့်စုံလှူဒါန်းပြီးဘာသာ သာသနာအကျိုးကိုဆောင်ရွက်နေသူဖြစ်ပါစေ ဂေါပကထဲမှာနေရာပေးစရာမရှိ။ အများဆုံးဖြတ်ချက်ထက် ကိုယ်တင်တဲ့ပုဂ္ဂိုလ် ကိုကိုယ့်ဘာသာထောက်ခံရင်း သူတို့တစ်ဆွေလုံးတစ်မျိုးလုံး ဂေါပက ရာထူးတွေပါယူသွားကြပြန်သည်။တကယ်တော့ မိမိနိုင်ငံကောင်းစားရေးအတွက်မိမိတို့ရွေးချယ်ပေးလိုက်သောအစိုးရသာဖြစ်ပေသည်။ သို့သော် စုန်းပြူးးတွေပါလာတော့ လုပ်သမျှခံနေကြရုံသာ။

မိမိအိမ်ရှေ့မှာ မိုးရွာလျှင် ရေအိုင်ဗွက်များဖြစ်နေတတ်သည်။ ကားတွေဆိုင်ကယ်တွေဥဒဟိုသွားလာနေသော ရွာလမ်းမလည်း ဟိုနေရာပျက်လိုက် သည်နေရာပျက်လိုက်ဖြင့် ပြင်မည့်သူကိုမျှော်နေသလိုပင်။ကျောက်လှည်းနှစ်စီးတိုက်ဝယ်ပြီး မိမိအိမ်ရှေ့မှ ရေအိုင်ဗွက်များကို ညီညာစွာခင်းပြီးချိန်မှာ ညခြောက်နာရီ ထိုးလုပြီ။ပေါက်တူးကို ကိုင်ရင်း ခဏအမောဖြေလိုက်သည်။ ချောင်းရေပြင်ကို ဖြတ်သန်းတိုက်ခတ် လာသောလေအေးအေးကြောင့်အမောပြေသည်။ဆိုင်ကယ်တစ်စီး ကိုယ့့်ဘေးမှာထိုးရပ်သည်။”မင်းကိုဘယ်သူကလမ်းခင်းခိုင်းလို့လဲ”နည်းနည်းတော့ ကျွဲမီးတိုသွားသည်။

“နေပါအုံးကွာ၊ ငါ့အိမ်ရှေ့မှာပျက်နေတဲ့လမ်းကို ငါ့အသိစိတ်နဲ့ငါ့ငွေကြေးနဲ့ ငါ့ခွန်အားနဲ့ လမ်းခင်းတာကို မင်းကိုသံတော်ဦးတ င်နေရမှာလား”လက်ထဲမှ ပေါက်တူးကို အဆင်သင့်ပြင်လိုက်သည်။သည်ကောင်နည်းနည်းတော့ရှိန်သွားသည်။ ငယ်ငယ်ကထဲက ကိုယ့်လက်စလက်နကို သည်ကောင်မြည်းဖူးပြီးသားမို့ အေးလေ ၊ခုတော့ထားလိုက်တော့၊ နောင်ဆို ရပ်ရွာကိစ္စတွေ ငါ့ကိုအသိမပေးပဲဘာမှမလုပ်နဲ့ ဟုပြောပြီး ဆိုင်ကယ်ကိုစက်နှိုးကာအပြင်းမောင်းထွက်သွားသည်။လက်ထဲကပေါက်တူးရိုးကိုလွှဲလိုက်ပြီးမှ မိမိဒေါသကို ထိန်းရင်း”ဒီကောင်တော့ကွာ “ရွာပြင်က တဲသာသာအရက်ဆိုင်လေး။တောအရက်နှင့်အရက်ဖြူသာရောင်းသည်။

ဟင်းချက်ကောင်းသော သူတို့လင်မယား၏လက်ရာကြောင့် အမြည်းကောင်းကောင်းလည်းရသည်။အမဲရိုးဆွတ်ပြုတ်၊ ဝက်လက်ဟင်း၊ ဆိတ်ကလီစာ၊ ဆိတ်ရိုးဆွတ်ပြုတ် ဟင်းတွေကနံမည်ကြီးသဖြင့် ရွာထဲမှ တကူးတကထွက်၍ဝယ်စားရသည်။အရက်ကောင်းကောင်းနှင့်ရာသီပေါ်ဒေသထွက်အမြည်းစုံစုံလင်လင်လည်းရတတ်သဖြင့် လိုင်စင်မဲ့အရက်ဆိုင်ဆိုပေသည့် စားသုံးသူတွေအပြည့်။မိမိတို့ရွာကလည်း လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သဖြင့် ခရီးသွားတွေ နားခိုစားသောက်ကြရင်း တစ်ထောင့်နားတတ်ကြသည်။လိုင်စင်မဲ့အရက်ဆိုင်ကလေးကလည်း ပို၍ရောင်းကောင်းလာရင်း။

ပထမဆုံး ယိုင်နဲ့နဲ့အိမ်လေးကိုပြင်လိုက်သည်။နှစ်ထပ်တိုက်ခံအိမ်ကြီးတစ်လုံးပေါ်ထွက်လာသည်။ကုန်စုံဆိုင်ကြီးတစ်ဆိုင်ကဘွားကနဲပေါ်လာပြန်သည်။မြို့စျေးအတိုင်းရောင်းချသောစျေးနှုန်းကြောင့် ဝယ်သူတွေကြိတ်ကြိတ်တိုးလျှက်။”အရက်ဆိုင်လေးကိုသတိရလိုက်တာဗျာ၊အမြည်းကောင်းကောင်းလည်းမစားရတာကြာပြီ””ထမင်းဆိုင်ပါတွဲဖွင့်ပါအုံး၊ဆိတ်ကလီစာချက်ကလေးလွမ်းလို့၊”စသည့်အပြောအဆိုတွေကို ခေါင်းခါငြင်းရင်း ကုန်စုံဆိုင်လုပ်ငန်းမှာ ခဏချင်းအောင်မြင်လာပြန်သည်။ငွေကြေးကလည်း အခြားဆိုင်တွေထက်ပိုရင်းနှီးနိုင်သည်ကိုး။သို့လောသို့လောအတွေးတွေနှင့်အတူ အရက်ပုန်းနှင့်အမြည်းရောင်း၍ ခဏချင်းကြီးပွားနိုင်သည်လားဟု ရွာသားတွေဇဝေဇဝါနှင့်။

အောင်မင်းကသူ့မိဘဆိုင်မှာစားပွဲထိုး။ဆယ်တန်းသုံးခါကျပြီး မိဘကိုဝိုင်းကူရင်း အရက်မသောက်တတ်သော သားလိမ္မာပါ။ခရီးသွားတစ်ဦး အလွန်အကျွံ သောက်စားမူးယစ်ပြီး ကားထွက်ချိန်မှာ အိတ်တစ်လုံးကျန်ခဲ့သည်။ထိုအိတ်ထဲမှာရွှေလက်ဝတ်ရတနာတွေ၊ငွေသားတွေ အတော်များများပါသည်၊ထိုခေတ်ကသိန်းရာချီတန်ကြောင်းလည်း တစ်စွန်းတစ်စကြားရသည်။ထိုခရီးသွားကြီး နောက်တစ်ကြိမ်ပြန်လာတောင်းတော့ မကျန်ခဲ့ပါဟုငြင်းပြီး အဒိန္နာဒါနာကံ ကိုကျူးးလွန်လိုက်သည်။

ကုန်စုံဆိုင်ရှေ့မှာ ကျည်ဆံတစ်တောင့်နှင့်စာတစ်စောင် လါထားသွားကြောင်း ထိုခေတ်ထိုအချိန်က အတော်နံမည်ကြီးသွားသေးသည်။သူတို့ကံကောင်းနေသေးသဖြင့် နောက်ထပ်တော့ခြိမ်းခြောက်သံ မကြားရတော့။ ဒါပေမဲ့စိုးရိမ်စိတ်ဖြင့်ရပ်တည်နေရသော သူတို့မိသားစုမှာ စိတ်ဝေဒနာတွေ ကြိတ်မှိတ်ခံနေကြရသည်။တစ်ခါတစ်ရံ လူကြီးသူမတွေက အရက်ရောင်း၊သူတစ်ပါးဥစ္စာကိုခိုးပြီးကြီးပွားချမ်းသာလာသောသူတို့မိသားစုကို အကုသိုလ်ဖြင့်အတော်အကျိုးပေးကြတာပဲဟုလည်း ပြောဆိုကြပြန်သည်။

ခေတ်စနစ်တွေပြောင်းလဲလာချိန်။ကိုယ်ပိုင်ကားနှင့်၊ကုန်တင်ကားနှစ်စီးနှင့် ၊မီနီမားကက်ကြီးတစ်ခုနှင့် ၊သည်ရွာမှာတော့ရွာမိရွာဖ ရွာမျက်နှာဖုံးတွေအဖြစ် ခန့်ခန့်ကြီးနေရာယူလာခဲ့သည်။ တစ်ချိန်က အမဲစက်ဆိုတာတွေလည်း မှေးမှိန်ကုန်ချိန်။ ရွာဦးကျောင်းမှာလည်းအလှူဒါနတွေမကြာခဏပေးရင်း ကောင်းသတင်းတွေနှင့် ဖုံးအုပ်ထားဆဲ။တစ်ဦးသောသား အောင်မင်းက အိမ်ထောင်ရက်သားကျပြီး မိဘလက်ငုတ်တွေကိုဦးဆောင်လျှက်။

ပညာမပြည့်စုံပေမဲ့ စီးပွားကပြည့်စုံလာပြီ။ သူ့မှာလည်းနာကျည်းချက်တော့ရှိပါသည်။ ငယ်စဉ်က မိဘအရက်ပုန်းဆိုင်မှာ စားပွဲထိုးစဉ် နှိမ်ချဆက်ဆံခံခဲ့ရသော အတိတ်အကြောင်းကမဖျေက်ပစ်နိင်။ ရွာပြင်က မိမိတို့အရက်ပုန်းရောင်းချခဲ့ရသော ဆိုင်နေရာသို့ရောက်တိုင်း မခံချင်စိတ်က နိုးကြွလာတတ်သည်ပဲလေ။ ငါ့ကိုချိုးနှိမ်ခဲ့ကြသူတွေကို ပညာပြန်ပေးမည်ဟု ဆုံးဖြတ်လိုက်သည်လားမပြောတတ်တော့။အာဏာရအောင်လူရောငွေရောအကုန်အကျခံကာ ကြိုးစားသည်။ ချက်ချင်း နိုင်ငံချစ်စိတ် ကိုယ့်ရွာကိုတိုးတက်လိုစိတ် တွေ သူ့ထံမှာတွေ့မြင်ရပြန်တော့ သည်ကောင်ဟုတ်မှဟုတ်သေးရဲ့လားဟု မယုံကြည်စိတ်တို့က အမြဲရှင်သန်လျှက်။

ကျောင်းရံပုံငွေကိစ္စဖြင့် သည်ကောင်နှင့်ငြိပြန်သည်။ မင်းပြောတဲ့ကိစ္စက အဓိပ္ပါယ်မရှိဘူး အောင်မင်း၊ ငါ ကျောင်းအုပ်လုပ်လာတာကြာပြီ၊ ပညာရေးအတွက် လောင်းကစားဒိုင်ဖွင့်ပြီးတော့မှ ရံပုံငွေမရှာနိုင်ဘူး ဟုကျွန်တော့စကားအဆုံးတွင် သည်ကောင် ခွက်ထိုးခွက်လှန်ရယ်သည်။ ကျောင်းကော်မတီဝင်တွေကိုလေးစားရကောင်းမှန်းလည်းမသိ။”ငါ့အပိုင်မှာငါ ပြီးရင်ပြီးပါတယ်ကွာ၊ အဓိက က ဘယ်လိုပဲငွေရှာရှာရဖို့ အဓိကပဲမဟုတ်လား၊ မင်းကျောင်းအတွက်ရံပုံငွေရအောင်လုပ်ပေးမယ်၊ မင်းမကျေနပ်ရင် တိုင်ချင်ရာတိုင်လိုက်ပါကွာ၊ အခုငါဘာကောင်လဲဆိုတာ မင်းသိဖို့ကောင်းတယ်”ကျောင်းကော်မတီဝင်တွေက သူ့ကိုအာမခံရဲသော ရွာသားများသာ။

အောင်မင်းကုန်ကားတစ်စီး ချောက်ထဲထိုးကျပြီး မီးလောင်သွားတယ်တဲ့ ဟုအမင်္ဂလာသတင်းကိုကြားရသည်။ကုန်တွေဆုံးရှုံးပြီးကားဒရိုင်ဘာအသက်မသေပေမဲ့ကားကတော့ပြန်ယူမရအောင်မီးလောင်သွားသည်။အောင်မင်းကတော့ သည်လောက်နှင့်မမှုသေး။နောက်ကုန်ကားတစ်စီးက ရှမ်းပြည်ဘက်တက်ရင်း မူးယစ်ဆေးဝါးသယ်ဆောင်မှုဖြင့် အမှုတွေရင်ဆိုင်လျှက်။အကုသိုလ်ကံတော့စပြီးအကျိုးပေးပြီထင့်။

သူကတော့ နောင်တတရားတွေရှိပုံမပေါ်။ သူနှင့်မတည့်သော ပုဂ္ဂိုလ်တွေကို နည်းအမျိုးမျိုးဖြင့် ချောက်တွန်းတတ်၍ မိမိဇနီးကရှင်လည်းအောင်မင်းနဲ့တည့်အောင်ပေါင်းနော်၊တော်ကြာ ကျွန်မ ထောင်ဝင်စာလာတွေ့နေရဦးမယ်ဟုရယ်သလိုမောသလို သတိပေးတတ်သည်။လောကပါလတရား ဆိုတာ တကယ်ရှိတယ်ကွ။ သူဘယ်လိုပဲအာဏာပါဝါတွေပြပြီး လူတွေကိုအနိုင်ကျင့်နှိပ်စက်နေပါစေ တစ်ချိန်ချိန်တော့ သူ့အကုသိုလ်တွေသူ့ကိုပြန်အကျိုးပေးမှာပါကွာ၊မင်းစောင့်ကြည့်လိုက်ပါ။ သည်ကောင် သူ့မီနီမားကက် ဖောက်ထွင်းခံရတော့ ဆောက်တည်ရာမရ။ သူတစ်ပါးပစ္စည်းခိုးခဲ့စဉ်က ပိုင်ရှင်ကိုသနားစာနာစိတ်တွေအခုတော့ ဖြစ်တန်ကောင်းပါရဲ့ဟု တွေးမိသည်။ရွေးကောက်ပွဲတွေနီးလာပြန်ပြီ။

သည်တစ်ခါတော့ သမာသမတ်ရှိသော ပညာတတ်စီးပွားရေးရှင်တွေ လှုပ်လှုပ်ရှားရှားဖြစ်လာကြသည်။ တစ်ကြိမ်မကနှစ်ကြိမ်တိတိ ရွာကို ထင်သလိုလုပ်နေသော အောင်မင်းလို လူမျိုးကိုဖယ်ရှားရတော့မည်။သည်ကောင်ခုတလော အချုိုးတွေပြောင်းနေသည်။တွေသမျှလူတွေကိုရယ်ပြပြုံးပြ နှုတ်ဆက်လိုက်နှင့်။

ဆရာတော်ကျောင်းမှာလည်းအလှူတွေမကြာခဏလုပ်ရင်း။ဒါပေသည့် သူ့နောက်လိုက်သူ့အမျိုးတွေကလွဲ၍ကျန်ရွာသားများတော့ သည်ကောင်ကို အတော်ချဉ်နေကြပြီ။သူ့မီနီမားကက်မှာ ရွာသားတွေအတွက်ကုန်ပစ္စည်းတွေစျေးချပေးရင်း၊ လက်ဆောင်ပစ္စည်းတွေဝေရင်း စည်းရုံးရေးဆင်းပြန်သည်။ပေးသောလက်ဆောင်ကိုတော့ယူကြသည်။ ကွယ်ရာမှာတော့ သူနှိပ်စက်ထားသမျှနှင့်သည်လက်ဆောင်လောက်က မတန်ဟု ရယ်ပွဲဖွဲ့ကြရင်း။

သည်တစ်ခေါက် ရွေးကောက်ပွဲမှာ အောင်မင်းမပါလိုက်ရ။ခရီးသည်ကြီး၏ မျိုးဆက်တစ်ယောက် မနက်စောစောရွာကိုရောက်လာသည်။ ဆိုင်ဖွင့်နေသည့်ဇနီးကိုကူညီနေသော အောင်မင်းရှေ့မှာရပ်လိုက်သည်။သူ့ကိုအောင်မင်းမသိပါ။သူကတော့ခရေစေ့တွင်းကျပြောသည်။ သူ့အဖိုးကျန်ရစ်ခဲ့သောရွှေငွေရတနာအားလုံး ပြန်မရတော့၍ မိသားစုဆင်းရဲတွင်းနက်ခဲ့ပြီး အဖိုးလည်းထိုစိတ်နှင့်ပင်အသက်ဆုံးခဲ့ရသည်။ ကိုအောင်မင်းတို့ မိသားစုထံက ဘာမှပြန်မယူလိုတော့ပေမဲ့ လက်ဆောင်ကျည်တစ်တောင့်ပါထပ်ပေးခဲ့သည် ဟုပြောအပြီး။

လာရင်ပြန်ရမည်။ယူလျှင်ပြန်ပေးရမည်။အကြွေးတင်လျှင်ဆပ်ရမည်။အောင်မင်းယူခဲ့သော သူတစ်ပါး၏ ဥစ္စာတို့ကား သက်တမ်းပြည့် အောင်မခံစားလိုက်ရ။သည်ကောင်ဆုံးတော့အသက်ငါးဆယ်မပြည့်သေး။သူ့ပြန်လမ်းခရီးကား အေးချမ်းရာသို့တော့ဖြစ်မည်မထင်။

မိမိရွာကလေး ကံကောင်းစပြုလာပြီ။

မေတ္တာဖြင့်မွန်းသည်းအိမ်

Likes:
3 0
Views:
575
Article Categories:
Booksဝတ္ထုတို

Leave a Reply

Your email address will not be published. Required fields are marked *