နမ်းမှာလားမောင်ရဲ့ မွှေးတယ်ရှင် ( နုနုရည် (အင်းဝ)

နမ်းမှာလားမောင်ရဲ့ မွှေးတယ်ရှင်(ခိုင်စပယ်ဆောင်ရှေ့၊ သောကြာနေ့၊ ည​နေ ငါးနာရီ…)”သွားတော့လေ မောင်၊ မိတာ အဆောင်ပေါ် တက်တော့မယ်””ခဏလးပါ မိတာရယ်၊ ငါးနာရီတောင် မခွဲသေးပါဘူး””ဟုတ်ဘူးလေကွာ မောင်ကလဲ၊ ဒီမှာ မိတာ ရေလဲ မချိုးရသေးဘူး၊ အဝတ်အစားလဲ မထည့်ရသေးဘူး။ တော်ကြာနေ လာတော့မှာ””ဟင့်အင်းကွာ၊ ဆယ်မိနစ် ဆယ်မိနစ်။ နောက်ထပ် ဆယ်မိနစ် မိတာ နေရဦးမယ်။ ခြောက်နာရီထိုးမှ လာမှာကိုများ၊ ခုမှ အစောကြီး ရှိသေးတယ်”ခက်လိုက်တဲ့ မောင်ရယ်၊ မိတာ ဘာများ တတ်နိုင်ဦးမှာလဲ။

မိတာ လက်ကို အတင်း ဆုပ်ထားတဲ့ မောင့်မျက်နှာကို မိတာ ကြည့်ရင်း သက်ပြင်းပဲ ချရတော့တယ်။ ‘တစ်နေကုန် ကလပ်စ်လစ်ပြီး လျှောက်လည်ရတာတောင် မဝေသးဘူးလား မောင်ရဲ့ ‘လို့ မိတာ မမေးရက်တော့ပါဘူး။ မိတာလဲ မောင့်လိုပဲ ခံစားနေရလို့ပေါ့။ ခဏလးဖြစ်ဖြစ် မောင်နဲ့ နေချင်သေးလို့ပေါ့။”သောကြာနေ့ကို မောင်မုန်းတယ်ကွာ၊ ဘယ်တော့များမှ မောင်တို့နှစ်ယောက် စ​နေ၊ တနင်္ဂနွေတွေကို လျှောက်လည်ရမှာပါလိမ့်။ သူများတကာတွေဆို…””အို မောင်ကလဲကွာ မကြာတော့ပါဘူး၊ တစ်နှစ်ပဲ လိုတော့တာဥစ္စာ။ မိတာတို့ ကျန်တဲ့ရက်တွေလဲ တွေ့နေရသားနဲ့။

မကောင်းဘူးလေ မောင်ရဲ့၊ သူတို့က မိတာကို အားလုံး တာဝန်ယူထားတော့…”မိတာမျက်နှာ ချက်ချင်းညှိုးကျပြီး မျက်ရည်ဝိုင်းပြန်တော့လဲ မောင့်ခမျာ သနားစရာ။”အေးပါကွာ၊ ဟုတ်ပါတယ်။ မိတာကို မောင် မခွဲနိုင်လို့ပါ။ စ​နေ၊ တနင်္ဂနွေ နှစ်ရက်လုံးက တစ်ယောက်တည်း သိပ်ယောင်တာ မိတာရ။ ဘယ်သွားပြီး ဘယ်လာရမှန်းလဲ မသိဘူး”ရုတ်တရက် မိတာ ဆွံ့အသလို ဖြစ်ပြီး ပြန်မပြာနိုင်ဘဲ အပြစ်ကင်းစင်တဲ့ မောင့်မျက်လုံးတွေကို မိတာ ဝမ်းပန်တနည်း ကြည့်မိတယ်။

မောင်… မိတာရဲ့ မောင်။”ကဲ သွားတော့၊ မျက်ရည်လေး ကလယ် ကလယ်နဲ့ ဟင်း၊ တော်ကြာ ခုနေ ဦးလေးကြီး လာခေါ်တာနဲ့ တိုးနေမှ သူ့တူမကို နှိပ်စက်နေရသလား ဆိုပြီး ကိုယ့်ကို ရိုက်ခံထိနေဦးမယ်””တော်ပါတော့ မောင်ရယ် တော်ပါတော့”ကျလုဆဲဆဲ မျက်ရည်ကို မိတာ သိမ်းပြီး မျက်နှာကိုပြင်လို့၊ မိတာကို နောက်ပြောင် စိတ်သက်သာစေတဲ့ မောင့်လက်တွေကို ဖျစ်ညှစ် နှုတ်ဆက်လိုက်တယ်။”တနင်းလာနေ့ စောင့်နေနော် မောင်၊ မောင့်ကို မိတာ အချစ်ဆုံး”လှစ်ခနဲ မိတာ အဆောင်ပေါ်ကို ပြေးတက်ခဲ့တယ်။

မောင် မိတာကို နောက်ကနေ ငေးကြည့်နေလိမ့်မယ်။ အခန်းတံခါးကို အမြန်ဖွင့်ဝင်ရင်း စားပွဲတင် နာရီလေးကို လှမ်းကြည့်မိတယ်။ ငါးနာရီခွဲပြီးပြီ။ အိပ်ရာပေါ်ကို ပစ်လှဲပြီး မောင့်ကို တလို့နေချိန် မရ​တော့ပါဘူး မောင်ရယ်။ ကျချင်နေတဲ့ မျက်ရည်တွေကို ရေနဲ့အတူ ရောချိုးပစ်လိုက်တယ်။ ခေါင်းလျှော်ပစ်လိုက်တယ်။ မောင်ကြိုက်တယ်ဆိုတဲ့ တရုတ် သာတီသရီး ခေါင်းလျှော်ရည် များများနဲ့လေ။

မျက်နှာကို မွှေးသင်းနေအောင်၊ လည်ပင်းနဲ့ နားရွက်လေးတွေ မွှေးသင်းအောင် မိတ်ကပ်ပါးပါးကို အနှံ့အပြား ပွတ်လိမ်းလိုက်၊ ခုတင်အောက်က သေတ္တာ ဆွဲထုတ်လိုက်၊ ယပ်တောင်တဖျပ်ဖျပ် ခတ်လိုက်၊ နာရီကြည့်လိုက်နဲ့ လုပ်နေတဲ့ မိတာကို ခရီးသွားနေတဲ့ ကြိုင်လေးသာ ရှိရင်တော့ တစ်ဘက်ခုတင်ပေါ်ကနေ အင်း … ဒုက္ခ၊ ဒုက္ခ လို့ ညည်းညူပေလိမ့်မယ်။ ကြိုင်လေးလဲ နက်ဖြန်လောက်တော့ ပြန်ရောက်လိမ့်မယ် ထင်တယ်။

ဒီတစ်ခါ သုံးရက်တည်းလို့ ပြောသွားတာပဲ။ခရီးဆောင် အိတ်သေးသေးလေးထဲကို အင်္ကျီနှစ်စုံထည့်၊ မိတ်ကပ် .. ပေါင်ဒါ… နှုတ်ခမ်းနီဘူး ထည့်၊ သွားတိုက်ဆေး … သွားပွတ်တံ ထည့်၊ လိုအပ်တဲ့တခြား ပစ္စည်းလေးတွေရော အားလုံးထည့်ပြီး အိတ်ဇစ်ကို ဆွဲပိတ်လိုက်တဲ့ အချိန်မှာပဲ အဆောင်အောက်က နားယဉ်နေတဲ့ ကားဟွန်းသံကို မိတာ ကြားရတယ်။ တစ်ဆက်တည်းမှာပဲ… “တာတာရေ… ဦးလေး လာပြီ””လာပြီ လာပြီ ခဏ​လေး”ဦးလေး လာပြီတဲ့။ တစ်ကိုယ်လုံး မွှေးကြိုင်သင်းပျံ့နေတဲ့ မိတာ၊ မှန်ထဲကို နောက်ဆုံးအနေနဲ့ ကြည့်လိုက်တယ်။

မိတ်ကပ်ပါးပါး နှုတ်ခမ်းရဲရဲနဲ့ ဆယ့်ကိုးနှစ်အရွယ် မိန်းမချောလေး တစ်ယောက်က ကျောက်စိမ်းနားဆွဲ ရှည်ရှည်လေးကို ခါရမ်းပြီး မိတာကို ပြန်ကြည့်နေတယ်။ မောင်ချစ်တဲ့ တာတာဝင်း ဆိုတဲ့ ကောင်မ​လေးရဲ့ လူတကာ ငေးကြည့်ရတဲ့ အလှ။ နောက်ပြီးတော့ ဘယ်လိုပြောမလဲ။ မိတာနဲ့ မောင့်ဘဝကို အဆင်ပြေ ချောမောစေမယ့်အလွ။အဖိုးတန် အဆောင်အယောင် အဆင်အပြင်တွေနဲ့ တစ်ကိုယ်လုံး စိမ်းမြနေတဲ့ မိတာကို အဆောင်ရှေ့မှာ ရပ်စကားပြောနေတဲ့ လူတွေ အကုန်လုံးက ဝိုင်းကြည့်နေကြတယ်။ အားကျတဲ့ အကြည့်တွေ၊ မနာလိုတဲ့ အကြည့်တွေ။

ဟဲ ဟဲ အကြည့်ခံရတဲ့ မိတာ ကြည်နူးလိုက်ပါ့မယ်လေ။ကားတံခါးကို မိတာ ဆွဲဖွင့်ပြီး ဝင်ထိုင်လိုက်တာနဲ့ မိတာတို့ အဆောင်ပိုင်ရှင်ကစပြီး မိတာ သူငယ်ချင်းတွေထိ အားလုံး ရှိန်ကြတဲ့ ကားလက်ကိုင်ရဲ့ နောက်မှာ ခပ်တည်တည်ကြီး ထိုင်နေတဲ့ ထိပ်ပြောင်ပြောင်၊ ဗိုက်ရွှဲရွဲ၊ အသားမည်းမည်း မိတာရဲ့ ဦးလေးက ကားကို ချက်ချင်းထွက်တယ်။ မိတာက ကုပ်ကုပ်​လေး။ ဦးလေးကြီးကို ကြောက်ရွံ့ရိုသေတဲ့ ပုံစံကအပြည့်။ ကားက မညီမညာ မြေနီလမ်းကလေးထဲမှာ တလိမ့်လိမ့် တလူးလူး လှုပ်ခါနေသလို မိတာရင်ထဲမှာလဲ ထုံးစံအတိုင်း ထိတ်ခနဲ လှုပ်ခါရပြန်ပြီ။ မြေနီလမ်းအထွက် ကားလမ်းမကြီးအရောက်၊ ကားကွေ့ဖို့ စောင့်ရတဲ့နေရာမှာ။ဟော ဟိုမှာ၊ ပြောမရတဲ့ မိတာရဲ့ မောင်။

သစ်ပင်အကွယ်မှာ။ မိတာရင်တွေကို တစစ်စစ် နာလာစေတဲ့ မောင့်မူပိုင်အကြည့်နဲ့။ ပြီးတော့ မိတာသာ အဓိပ္ပါယ်ဖော်ရနိုင်တဲ့ အသံတိတ်နည်းနဲ့ “မိတာကို လွမ်းတယ်၊ ဦးလေးကြီးကို မုန်းတယ်” တဲ့လေ။ မောင်ရယ်… မောင့်လိုတော့ မမုန်းပေမယ့် မိတာ မချစ်ပါဘူး။ ဒါပေမယ့် မောင်ရယ် မချစ်သော်လည်း မိတာ အောင့်ကာ နမ်းမယ်။ဝူးခနဲ ကားကွေ့ပြီး လမ်းမကြီးပေါ်မှာ မြားကလေး တစ်စင်းလို ပြေးနေတုန်းမှာပဲ မိတာရဲ့ဦးလေးဆိုသူကို အလှဆုံးအပြုံးနဲ့ မိတာ နှုတ်ဆက်လိုက်တယ်။”နေကောင်းရဲ့လား ကိုကို၊ တာတာ လှရဲ့လားဟင်”* * * (အမှတ် ၁၂-အေ၊ ဆိတ်ငြိမ်ရပ်ကွက်၊ ညဆယ်နာရီ)”ကိုကို သွားမယ်နော် တာတာ၊ မနက် ကိုးနာရီလောက် ရောက်မယ်။

ဟုတ်လား””တာတာ စောင့်နေမှာပေါ့”မိတာကို နှုတ်ဆက်အနမ်း။ နမ်းတဲ့ သူ့ပါးစပ်က အရက်နံ့။ မိတာပါးမှာ စွဲထင်ကျန်ရစ်တယ်။ သူ အခန်းထဲက ထွက်သွားတဲ့ အသံ၊ တံခါး ပြန်ပိတ်သံ၊ ကားစက်နှိုးသံ။ အားလုံးကို မိတာ မျက်လုံးစုံမှိတ်ထားရင်းက နားထောင်နေမိတယ်။ခဏ​နေ​တော့ အားလုံးဟာ ငြိမ်သက်တိတ်ဆိတ်သွားလိုက်တာ။ ပတ်ဝန်းကျင် အသံဗလံ ဘာဆိုဘာမှ မကြားရလောက်အောင် ချောက်ချားလာအောင် ငြိမ်လိုက်တဲ့ည။ ဪ ဒါ ဆိတ်ငြိမ်ရပ်ကွက်ကိုး။ ဒီလို ဆိတ်ငြိမ်စွာ နေရဖို့အတွက် ဘယ်လောက်တန်ဖိုးကြီးပေးထားရတယ် မှတ်လဲ။

မိတာ ဘယ်လောက်များ နားလည်လို့လဲ။အဆောင်မှာတော့ ဒီအချိန်လောက်ဆို ဆူလို့ညံလို့ ကောင်းတုန်း၊ တစ်ခန်းနဲ့တစ်ခန်း ကူးပြီး စကားစမြည်ပြောလို့ ကောင်းတုန်း၊ လက်ဖက်သုတ်စားလို့ ကောင်းတုန်း၊ အဆောင်ရှေ့ မြေနီလမ်းပေါ်မှာလည်း ဂစ်တာအဖွဲ့တွေနဲ့ စည်ကားဆူညံတုန်း။ ခု… ဒီမှာတော့ မိတာ တစ်ယောက်တည်းရယ်။အခန်းတစ်ခန်းလုံးမှာ မျက်နှာကြက်ပေါ်က တဝီဝီလည်နေတဲ့ ပန်ကာအသံကလွဲရင် ငြိမ်လို့ တိတ်လို့။ အားလုံးဟာ မလှုပ်မယှက်။ အခန်းထောင့်က ရေခဲသေတ္တာလေးကလည်း မလှုပ်မယှက်။ အနားက စားစရာသောက်စရာတွေ တင်ထားတဲ့ စားပွဲကုလားထိုင် တစ်စုံကလည်း မလှုပ်မယှက်။ နံရံပေါ်က နှစ်ဟောင်းပြက္ခဒိန်ထဲက ပန်းလှလှလေးကလည်း မလှုပ်မယှက်။

အို ခုတင်ပေါ်မှာ သက်ရှိဖြစ်တဲ့ မိတာတောင်မှ တကယ့်ကို မလှုပ်မယှက်။စားပွဲပေါ်က တရုတ်စာ အထုပ်တွေကိုလည်း မိတာ ဖြည်တောင် ကြည့်ချင်တဲ့စိတ် မရှိပါဘူး။ အင်း .. ရေအေးအေးလေး တစ်ခွက်လောက် သောက်ရရင်တော့ ကောင်းမယ်။ ရေသောက်ပြီးရင် မိတာ ဘာလုပ်ရမလဲ။ အိပ်ချင်စိတ်ကလဲ မရှိသေးဘူး။ မိတာနဲ့ ခင်မင်နေပြီဖြစ်တဲ့ တိုက်နံရံထူကြီးရဲ့ ဟိုဘက်ခြမ်း တိုက်ကြီးပေါ်က လူတွေနဲ့ စကားသွားပြောနေရ ကောင်းမလား။ တော်ပါပြီလေ။ မသွားတော့ပါဘူး။ ဒီည​တော့ ကိုယ့်ဘာသာ နေရတာပဲ ကောင်းပါတယ်။ ဘာပဲပြောပြော သူတို့က ကိုယ်ကို ဝတ္တရားအရသာ ဆက်ဆံတာ၊ လူမှုရေးကြောင့်သာ ဆက်ဆံတာ၊ တကယ်တော့ မိတာကို သူတို့ ဘာဆက်ဆံစရာရှိလို့လဲ။

မိတာနဲ့ သူတို့နဲ့ တစ်ယောက်နဲ့တစ်ယောက် သိစရာ ဘာမှမလို။ သူတို့က သူတို့အခြေအနေနဲ့ သူတို့။ မိတာတို့ လိုချင်တဲ့အခန်းကို ငှားတယ်။ တစ်နေ့ကို တစ်ရာ့ငါးဆယ် ယူတယ်။ တိုက်ခန်းက သီးသန့်။ ရေချိုးခန်း၊ အိမ်သာတွဲလျက်။ အခန်းထဲမှာ အိပ်ရာခမ်းနား ပစ္စည်းပစ္စယ အပြည့်အစုံနဲ့၊ ရေခဲသေတ္တာတောင် ပါလိုက်သေး။ မီးဖိုတစ်ခုပဲ မပါတာ။ မီးဖိုကတော့ လိုလဲမလိုပါဘူးလေ။ မိတာတို့ ချက်ပြုတ်မစားပါဘူး။ စားစရာအပြင်က ဝယ်လာလိုက်တာပဲ။ဒီအခန်းကို မိတာတို့အနေနဲ့ကလဲ ယူပျော်တယ်။ ဆိတ်ငြိမ်ရပ်ကွက်ထဲက အစွန်ဆုံးနဲ့ အလုံခြုံဆုံး ခြံထဲက သီးသန့်နေရာ။

မိတာအတွက်လည်း ကောင်းတယ်။ နောက်ကြောင်း ရန်မ​အေးတဲ့ မိတာရဲ့ ကိုကိုအတွက်လည်း ကောင်းတယ်။ မိတာတို့က စ​နေ၊ တနင်္ဂနွေ နှစ်ရက်နဲ့ သောကြာနေ့ ညပိုင်းပဲ သုံးတာ။ သောကြာနေ့ ညနေလာတယ်၊ မိတာနဲ့ ကိုးနာရီခွဲလောက် ထိနေပြီး ဆယ်နာရီဆို သူက အိမ်ပြန်တယ်။ ဒီမွာ ဘယ်တော့မှ ညမအိပ်ဘူး။ နောက်နေ့ စနေနေ့ မနက် ကိုးနာရီလောက်မှ လာတယ်။ တစ်နေကုန်နေတယ်။ ပြီးတော့မှ ညကိုးနာရီလောက် အိမ်ပြန်တယ်။ နောက် တနင်္ဂနွေမနက် လာတယ်။ တစ်နေကုန်နေတယ်။ ညနေငါးနာရီလောက်ကျမှ အဆောင်ပိတ်ချိန်နဲ့ အကိုက် မိတာကို ပြန်လိုက်ပို့တယ်။ အဆောင်ကတော့ တာတာဝင်းတစ်ယောက် ဦးလေးအိမ်က ပြန်လာပြီပေါ့။

ပိုက်ဆံချမ်းသာပြီး တူမကို ဂရုတစိုက်ရှိလှတဲ့ ဦးလေးက သူကိုယ်တိုင် သေချာလာကြို၊ သေချာပြန်ပို့တာ။ မျက်မှန်တဝင့်ဝင့်၊ ခပ်ဝဝ၊ ဆံပင်ဖြူ တစ်ပင်နှစ်ပင်စနဲ့ အရွယ်ချင်းကလည်း ဒါလောက် ကွာနေတာ။ ဘယ်သူကများ ဦးလေး ဟုတ်ရဲ့လားလို့ ယောင်လို့တောင် သံသယဖြစ်မှာလဲ။ တစ်ချို့က အားကျရတဲ့ ရည်းစားချောချောလေး တစ်ယောက်နဲ့ တတိယနှစ်ကျောင်းသူ ချောချောလေး တာတာဝင်းပေါ့။ အများနည်းတူ ဝတ်နိုင်၊ စားနိုင်၊ သုံးနိုင်၊ ဖြုန်းနိုင်တဲ့ တာတာဝင်းပေါ့။ဪ မိတာရဲ့ မောင်တောင်မှ သေသပ်ပိရိတဲ့ မိတာကို တစ်စက်က​လေး ရိပ်မိလို့လား။ အပတ်စဉ် သောကြာ၊ စ​နေ အပြင်ထွက် အိပ်တဲ့ ရည်းစားကို မောင် မသင်္ကာလို့ စောင့်ကြည့်လေ။ သောကြာနေ့ ည​နေ မောင်ပြန်ပို့ပြီး တစ်နေရာကကြည့်ပေါ့။

မိတာရဲ့ ဦးလေး လာခေါ်တယ်လေ။ အပတ်စဉ် ဒီလူပဲ။ တနင်္ဂနွေ ညနေ ပြန်ပို့တယ်လေ။ ဒီလူပဲ။ ဘာအထင်မှားစရာလိုလို့လဲ။ ဒါပေမယ့်ကွယ် မောင်ကတော့ မိတာကို မသင်္ကာစိတ်နဲ့ စောင့်ကြည့်ရှာတာ မဟုတ်ပါဘူးကွယ် နော်။ ပကတိ ရိုးသားစိတ်နဲ့ မိတာကို မြေနီလမ်းအထွက် သစ်ပင်ကွယ်ကနေ လူလုံးပြရတာ မောလို့။ခဏ​လေးပါ မောင်ရယ်၊ ခဏ​လေးပါ။ မိတာတို့အတွက် မဝေးတော့ပါဘူး။ ပျော်စရာကောင်းတဲ့ အချိန်တွေ ရောက်လာတော့မှာပါ။ မိတာ မိုက်နေတာ မဟုတ်ပါဘူး မောင်ရဲ့။ လော်လီဖောက်ပြားတာလဲ မဟုတ်ရပါဘူး။ လောလောဆယ် မိတာ ကျောင်းစရိတ်အတွက်၊ မောင်နဲ့မိတာရဲ့ အနာဂတ်အတွက် မိတာ အလုပ်လုပ်နေတာ။

စိတ်သန့်သန့်ရှင်းရှင်းနဲ့ မိတာ အလုပ်လုပ်နေတာ။မိတာက​တော့ ရှင်းတယ် မောင်ရေ။ မိတာ မောင့်ကို သိပ်ချစ်တယ်။ မောင့်ကို ပိုင်ဆိုင်ချင်တယ်။ သာယာတဲ့ အိမ်ထောင်လေးတစ်ခုကို တည်ဆောက်ချင်တယ်။ မိတာ မောင်နဲ့လက်ထပ်မယ်။ ဘာဖြစ်သလဲ။ အသည်းနင့်အောင် ချစ်သူရသူမို့ မသန့်ရှင်းတဲ့ ခန္ဓာကိုယ်ကို မအပ်ရက်ပါဘူး ဆိုတဲ့ ဟိုရှေးတုန်းက ခပ်တုံးတုံး အတွေးအခေါ်တွေ ဒီခေတ်မှာ သွားစမ်းပါ။ မိတာက​တော့ သိပ်မုန်းတာပဲ။ခုဆို မိတာ ပိုက်ဆံတော်တော် စုမိနေပြီ။ မိတာကို သူက တစ်လတစ်ထောင် ပေးတယ်။ တစ်ပတ်တစ်ခါပဲ တွေ့တယ်။ ဒါတောင် သူက ညအိပ်တာမဟုတ်ဘူးလေ။ သူ့မှာကလဲ သူ့အကြောင်းနဲ့သူ။ အိမ်ကမိန်းမကြီးနဲ့ သားသမီးတွေ မသိအောင်က ပိပိရိရိ နေတတ်ရသေးတာ။

သိပ်အလုပ်များတဲ့ စီးပွားရေးသမားတစ်ယောက်အနေနဲ့ ညကိုးနာရီ၊ ဆယ်နာရီ ဆိုတာ နောက်ကျနေကျလေ။ ဘာဖြစ်သလဲ။ တစ်ခြားအချိန်တွေ ဘာလုပ်နေနေ ကိုးနာရီ ဆယ်နာရီ အိမ်ပြန်ရောက် ပြီးတာပဲမဟုတ်လား။ သူကလဲ သူ့တွက်ကိန်းနဲ့သူ အဟုတ်။ မိတာကလဲ မိတာတွက်ကိန်းနဲ့ပေါ့။ သူ့ဆီကရတဲ့ တစ်လတစ်ထောင်ကို မိတာ ချွေချွေတာတာ သုံးတယ်။ မကုန်မဖြစ်တဲ့ ကျောင်းစရိတ်က လွဲရင် အစားအသောက်လဲ မိတာချွေတာတယ်၊ သူများတွေကတော့ ဘယ်သိမလဲ။ ဝတ်လိုက်၊ စားလိုက်တာလို့ ရှိမှာပေါ့။ တကယ်တော့ မိတာ ဝတ်တဲ့ အဖိုးတန်အဝတ်အစားတွေက သူကြီးဆီက အပိုဘောက်ဆူးအဖြစ် ဝယ်ပေးတာတွေ။

သူ့သမီးတွေအတွက် ဝယ်ရင်း မိတာအတွက်ပါ ဝယ်လာတာမျိုးတွေပေါ့။သူနဲ့ဆက်သွယ်မိတဲ့ တစ်နှစ်အတွင်းမှာ မိတာ လေးထောင်လောက် စုမိနေပြီ။ နောက်တစ်နှစ်၊ မိတာ ကျောင်းပြီးထိဆိုရင် ရှစ်ထောင်လောက်တော့ ရလိမ့်မယ်နဲ့ တူရဲ့။ တော်ပြီလေ၊ ကျောင်းပြီးတာနဲ့ မိတာ မောင်နဲ့ လက်ထပ်မယ်။ အိမ်ခန်းလေးတစ်ခန်း ငှားမယ်။ နှစ်ယောက် အလုပ်လုပ်မယ်။ အင်း၊ မိတာ အိမ်ကို ထောက်ပံ့ချင်တယ် ဆိုရင်တော့ မိတာနဲ့ မောင် ချွေတာရဦးမှာပေါ့။ အဖေတို့ အမေတို့ကတော့ မိတာကို ပြောမှာမဟုတ်ပါဘူး။ သူတို့ မထောက်ပံ့နိုင်တာကို ကိုယ့်စရိတ်ကိုယ်ရှာပြီး ကျောင်းတက်တဲ့သမီးရယ်လို့ ကြံဖန်ပြီး ကျေးဇူးတင်နေရှာတာ။မိတာတို့အိမ်က ဆင်းရဲတယ်။ မောင်နှမလဲများတယ်။

မိတာ ဆယ်တန်းအောင်တော့ အဖေရာ အမေ​ရော ကျောင်းဆက်တက်စေချင်ကြတယ်။ ဒါပေမယ့် မူလတန်းကျောင်းအုပ် အဖေ့လခနဲ့ အ​မေ ဈေးရောင်းတာလေးနဲ့က မိသားစု စားသောက်ဖို့တောင် အနိုင်နိုင်ရယ်။ မိတာပဲ ကံကောင်းတာလား၊ ကံဆိုးတာလား မသိပါဘူးလေ။ ရန်ကုန်မှာ အသင့်အတင့် ချောင်လည်တဲ့ အဖေ့အစ်ကိုတစ်ယောက်က မိတာကိုခေါ်ပြီး ကျောင်းထားပေးတယ်။ အဖေ့အစ်ကိုအိမ်က ရန်ကုန်ဆိုပေမယ့် မင်္ဂလာဒုံဆိုတော့ မိတာ ကျောင်းတက်ရမှာ ဝေးတယ်ဆိုပြီး အပြင်ဆောင်မှာ ထားပေးပြီး ကျောင်းတက်ခိုင်းတယ်။ ကံဆိုးချင်တော့ မိတာ ဒုတိယနှစ် ဖြေနေတုန်းမှာ အဖေ့အစ်ကို မိတာဘကြီးခမျာ ရုတ်တရက် ကားတိုက်မှုနဲ့ ဆုံတယ်။

မိတာ ဘယ်လိုလုပ် ဆက်နေသင့်တော့မလဲ။ မိတာကို ဘယ်သူက ထားပေးတော့မလဲ။ နှစ်နှစ်ပဲလိုတော့မှ ဖြစ်ရတဲ့အဖြစ်ကို မိတာ ဝမ်းနည်းရင်း ဆက်နေဖို့ လမ်းစကို မိတာ ရှာဖွေမိတယ်။အင်း… တစ်ခါတစ်လေတော့လဲ တွေးမိတယ်မောင်ရယ်။ အဲဒီအချိန်မှာ ကြိုင်လေးနဲ့ မတွေ့ဘဲ မောင်နဲ့တွေ့ခဲ့မိရင် မိတာဘဝ တစ်မျိုးတစ်မည် ဖြစ်ချင်ဖြစ်မှာလို့။ ဒါပေမယ့် မဖြစ်နိုင်ပါဘူးလေ။ မောင်ဟာလဲ မရှိမရှား မိဘက တတ်စေချင်လွန်းလို့ ထားပေးတဲ့ ကျောင်းသားတစ်ယောက်ပဲ ဥစ္စာ။ မောင်လဲ မိတာပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ ကြိုင်လေးက ခိုင်စပယ်ဆောင်မှာ မိတာနဲ့ ခုတင်ချင်း ကပ်လျက် နေတာ။ သူ့ကို ရုံးမှာ အလုပ်လုပ်တယ်လို့ပဲ တစ်ဆောင်လုံးက သိထားတာ။

မနက်ဆို ရိုးရိုးလေးပဲ ခြင်းလေးနဲ့ ထွက်သွားတာပဲ။ ည​နေ ရုံးဆင်းချိန် ပြန်လာပေါ့။ အေးအေးဆေးဆေး၊ ဘယ်မှလဲ မသွားတတ်ဘူး။ ဒါပေမယ့် သူ့ရုံးက အလုပ်ဆိုပြီး တစ်လတစ်ခါ၊ လေးငါးရက်၊ တစ်ပတ်ခရီးတော့ သူထွက်တယ်။ တကယ်တော့ အဲဒီခရီးဟာ သူ အလုပ်လုပ်ဖို့ ထွက်ထွက်သွားတာ။ တစ်ယောက် ဒါမှမဟုတ် တစ်စုနဲ့ သူလိုက်သွားတာ။ တစ်ထောင်ကနေ နှစ်ထောင် သုံးထောင်ထိ ရတယ်။ ကြိုင်လေး အကြောင်းကို ဘယ်သူမှ မသိဘူး။ မိတာကိုတော့ သူသိပ်ခင်တယ်။မိတာ အားလုံးကို လက်လျှော့ပြီး ငိုကြီးချက်မနဲ့ အိမ်ကို အပြီးပြန်ဖို့ ပစ္စည်းသိမ်းနေတုန်းမှာပဲ ကြိုင်လေးက မိတာကို သနားပြီး ဒီအကြောင်းတွေကို ဖွင့်ပြောခဲ့တယ်။ မိတာကို အကြံဉာဏ်ပေးခဲ့တယ်။

မိတာဟာ ချောတယ်။ တက္ကသိုလ်ကျောင်းသူ အဆင့်အတန်းရှိရှိ၊ တိတ်တိတ်ဆိတ်ဆိတ်နဲ့ ဘယ်သူမှလဲ သိစရာမလိုဘူးတဲ့။ ပြီးတော့ တစ်သက်လုံးမှ မဟုတ်တာ၊ နှစ်နှစ်တည်းလေ … နှစ်နှစ်တည်း။ မိတာ ဘာဖြစ်သွားမှာမှတ်လို့။ မိတာ လှလှပပ ဝတ်စားပြီး ကျောင်းဆက်နေနိုင်မယ်။ အဖေတို့၊ အမေတို့၊ မိတာတို့ လိုချင်တဲ့ ဘွဲ့ ရမယ်။ မိတာ ခေါင်းတစ်ချက် ညိတ်လိုက်တာနဲ့ အားလုံးဟာ အဆင်ပြေသွားတယ် မောင်ရယ်။တတိယနှစ် နှစ်လယ်မှာ မောင်နဲ့မိတာ တွေ့ခဲ့ကြတာနော်။ ချစ်မိတာ မိတာ ဘာတတ်နိုင်မှာလဲကွယ်။ မိတာ မောင့်ကို မချစ်သင့်ဘူးလို့ မိတာ မတွေးခဲ့မိပေါင်။

မိတာ အလုပ်လုပ်တာပဲမောင်ရဲ့။ တစ်ခါတစ်လေ စိတ်မကောင်း ဖြစ်ရတာတော့ ရှိတာပေါ့မောင်ရယ်။ အထူးသဖြင့် သောကြာနေ့ ည​နေ မောင်ပြန်ခါနီးအချိန်တွေပေါ့။ မိတာ ဘယ်လိုထိန်းပေမယ့် အဆောင်ပေါ်ရောက်တာနဲ့ ငိုရော။တော်ပါပြီမောင်ရယ်၊ မိတာ မစဉ်းစားချင်တော့ဘူး။ တစ်ယောက်တည်း အထီးကျန်နေရမှ မောင့်ကို ပိုသတိရတယ်။ ‘စ​နေ၊ တနင်္ဂနွေနှစ်ရက်လုံး တစ်ယောက်တည်း သိပ်ယောင်တာ မိတာရ’ ဆိုတဲ့ မောင့်အသံက ရင်ထဲမှာ ပဲ့တင်ထပ်နေသလိုပဲ။ တော်ပါတော့မောင်ရယ်။ မိတာ အိပ်ပါရစေတော့။ မိတာ အိပ်ချင်နေပြီ။ မိတာလေ ဟိုလူကြီးဝယ်လာတဲ့ ချောကလက်နှစ်ခု မိတာ မစားဘဲ မောင့်အတွက် တိတ်တိတ်လေး သိမ်းထားတယ်။ မဝေးတော့ပါဘူး မောင်ရယ်။ တစ်နှစ်ဆိုတာ ခဏလေးရယ်။ တနင်းလာနေ့ မနက် အဆောင်ရှေ့ကနေ မိတာကို မောင် ဆက်ဆက် လာစောင့်နော် သိလား။

#နုနုရည် (အင်းဝ)သာရ မဂ္ဂဇင်း၊ ဖေဖော်ဝါရီ၊ ၁၉၈၇။

Leave a Reply

Your email address will not be published. Required fields are marked *