ကမ္ဘာကျော် စောင်းပညာရှင်ကြီး အင်းလေးမြင့်မောင်Mr. Full Moon Night of Burmese ၊

၁၉၈၇ ခုနှစ် ဇွန်လ တွင် BBC နှင့် တောင်အာရှ ဗဟိုဘဏ်တို့ ပူးပေါင်းစီစဉ်သော ၉နိုင်ငံ ဂီတဖျော်ဖြေပွဲ တစ်ခုကို အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ Purcell Room, Queen Elizabeth Hall မှာ ကျင်းပခဲ့ပါသည်။ ထိုပွဲတွင် စောင်းဆရာကြီး အင်းလေး မြင့်မောင် တီးခတ်ခဲ့သည့် လပြည့်ည (ညှင်းလုံး) က ဦးမြင့်မောင်ကို ကမ္ဘာကျော် စောင်းဆရာကြီးအဖြစ် အသိမှတ်ပြုခံရခြင်း ခံခဲ့ရပါသည်။ နိုင်ငံတကာ ဂီတပညာရှင်များ ရှေ့မှောက်၌ တီးခတ်ခဲ့၍ ပွဲအပြီးတွင် ဆရာ အင်းလေးမြင့်မောင်ကို Mr. Full Moon Night of Burmese ဟု ဂုဏ်ပြုခေါ်ဝေါ်ခဲ့ကြပါသည်။

ထိုပွဲတွင် ဆရာ အင်းလေး မြင့်မောင်သည် လပြည့်ည (ညှင်းလုံး)အပြင် :- မြန်မာဇာတ်ပွဲ သွားကြည့်ရအောင် (ပြည်တော် ပြန်)- ဇင်ယော်မြူးကြွ တေးအလှ (ငါးပေါက်)- ဒီကနေ့ လောက နဲ့ မနေ့တုန်းက လောက (F# C# ၅ ပေါက်။ ၆ ပေါက်။ အပိုး သံစဉ်)- အလင်းစျေး (အပိုး သံစဉ်)- သစ်ရွက်ခြောက် လှေကလေး (အပိုး သံစဉ်)တို့ကိုပါ တီးခတ်ခဲ့ပါသည်။

ဆရာ အင်းလေး မြင့်မောင်ကို ၁၉၃၇ ခုနှစ်၊ ဇူလိုင်လ ၃ရက် ကြာသပတေးနေ့တွင် အဖ ဦးချိန် (ကုန်သည်) နှင့် အမိဒေါ်ဇင် တို့မှ ရှမ်းပြည်နယ် တောင်ပိုင်း အင်းလေး ဟဲရာရွာမတွင် မွေးဖွားခဲ့ပါသည်။ ယနေ့ အဆိုကျော်များဖြစ်သည့် လေးဖြူတို့ အငဲတို့၏ ဦးလေးအရင်း တော်စပ်ပါသည်။

ငယ်စဉ်ကပင် ဂီတဝါသနာထုံခဲ့ပြီး ဆရာ့အဖေက ပတ္တလားတီး၊ တယော ထိုးတတ်ပြီး အဒေါ်များက သီချင်းဆိုကြသူများ ဖြစ်သည်။ ဆရာ့ အဖေက ဆရာ့ကို သူ့ရင်ခွင်ထဲမှာထားပြီး ခုနစ်လုံးမောင်း အတီး သင်ပေးခဲ့သည်။ အင်းလေး ဘုန်းကြီးကျောင်းမှာပဲ ပညာစသင်ခဲ့သည်။ ခုနစ်လုံးမောင်း တီးပြီးတော့ ဆရာ့က ပတ္တလား တီးသင်သည်။ စန္ဒရား မတောက်တခေါက် တီးတတ်ကာ မယ်ဒလင်ကိုတော့ ကြိုးငါးကြိုးပဲ ရှိစဉ်ကတည်းက တီးခဲ့သည်။

ထို့ပြင် ဂစ်တာနှင့် ဒုံမင်းလည်း တီးတတ်သည်။အတန်းပညာများကို အင်းလေး၊ တောင်ကြီး၊ ညောင်ရွှေမြို့များမှာ သင်ခဲ့ပြီး ၁၉၅၆ ခုနှစ် တွင်ညောင်ရွှေ အ-ထ-ကမှ(၈) တန်း အောင်ခဲ့သည်။ ၁၉၅၆ ဇွန်လမှာပင် မန္တလေး ပန်တျာကျောင်းမှာ စောင်းပညာသင်ခဲ့ပြီး ၁၉၅၇ ၌ သင်တန်းဆင်းသည်။

၁၉၅၇ မှ ၁၉၆၂ ထိ တောင်ကြီးမြို့မှာ “ဂီတ ပန်တျာ” ဆိုသော ကိုယ်ပိုင် ကျောင်း ဖွင့်ခဲ့ပြီး ၁၉၆၂ – ၆၃ မှာ တောင်ဥက္ကလာပမြို့မှာ အလင်္ကာကျော်စွာ ဦးဘသန်း တည်ထောင်ခဲ့သည့် ဂီတအမြန် သင်တန်းကျောင်းမှာ လက်ထောက်ဆရာ လုပ်ခဲ့သည်။

သင်တန်းသားများကို အနောက်တိုင်း ဂီတသင်္ကေတတွေ ပို့ချခဲ့သည်။ ၁၉၆၄ မန္တလေးမြို့ ဆရာအတတ်သင် ဂီတ ကထိက အငြိမ်းစား ဆရာကြီး ဦးဘသင်ရဲ့ မဟာဂီတ တက္ကသိုလ်မှာ ဆရာအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၆၅ တောင်ကြီးမြို့မှာ ကိုယ်ပိုင်ကျောင်း တည်ထောင်ကာ အနောက်တိုင်း သင်္ကေတနှင့် ပို့ချခဲ့ပြီးနောက် မန္တလေး ပန်တျာကျောင်းတွင် စောင်းနည်းပြ အဖြစ် သင်နေခဲ့သည်။

၁၃၂၀ တပိုတွဲလ ၁၂ ရက်နေ့တွင် ဆရာမ ဒေါ်ခင်မေ (စောင်း) နှင့် လက်ထပ်ခဲ့ပြီး သားတစ်ဦး သမီးလေးဦး ထွန်းကားခဲ့သည်။ ၁၉၉၄ ခုနှစ်တွင် ဆရာက မဟာဂီတ သီချင်းကြီး အပုဒ်သုံးရာကျော်ကို(အင်တာနေရှင်နယ်နုတ်) ထုတ်ပြီး ထိုကမ္ဘာသုံး သင်္ကေတအားလုံးကို နိုင်ငံတော်သို့ လှူဒါန်းခဲ့သည်။

ဆရာ့ကို ထိုသို့ကျွမ်းကျင်နိုင်နင်းစွာ ရေးသားနိုင်ရန် သင်ကြားပေးခဲ့ကြသော ဆရာများမှာ ဒေ၀ဣမောင်မောင်ကြီး၏ တပည့် စောင်းဆရာမကြီး ဒေါ်ခင်မေ၊ အလင်္ကာကျော်စွာ စောင်းဦးဘသန်း၊ ဆရာထူး၊ ဆရာဦးအုန်းမောင်၊ ဒေါ်လှကလေးစိန်၊ ဆရာဦးကျော်ဒင် (သင်္ကေတ)၊ ဆရာဦးချစ်ထွေး (ကြိုးတပ်)၊ အလင်္ကာကျော်စွာ ဦးဘကလေး၊ ဦးစိန်လှမောင်တို့ ဖြစ်ခဲ့ကြသည်။

ဆရာ၏ အောင်မြင်သော နိုင်ငံခြားခရီးစဉ် အချို့မှာ ၁၉၇၅ ခုနှစ်၊ နို၀င်ဘာလတွင် ဂျပန်အစိုးရ ယဉ်ကျေးမှု အေဂျင်စီနှင့် NHK ဂျပန်အသံလွှင့် ကော်ပိုရေးရှင်းတို့ ပူးတွဲကျင်းပသည့် ဂျပန်အစိုးရ အနုပညာပွဲတော် အထိမ်းအမှတ်နှင့် NHK အသံလွှင့် လုပ်ငန်း အနှစ် ၅၀ ရွှေရတု သဘင်ပွဲသို့ ယဉ်ကျေးမှု ကဇာတ်ဌာနနှင့် လိုက်ပါပြီး စောင်းတီးခတ် ဖျော်ဖြေခဲ့သည်။ ၁၉၇၈ နို၀င်ဘာ၂၃ မှ ဒီဇင်ဘာ ၁၀ ရက်ထိ ဂျပန်မှာ ကျင်းပသော ဒုတိယအကြိမ် အာရှရိုးရာဂီတ နှီးနှောဖလှယ်ပွဲ ATPA သို့ တက်ရောက်ခဲ့သည်။

၁၉၈၂ သြဂုတ်လမှ စက်တင်ဘာလအထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကိုရီးယား ဒီမိုကရက်တစ်နိုင်ငံများသို့ ယဉ်ကျေးမှုအဖွဲ့နှင့် လိုက်ပါဖျော်ဖြေခဲ့သည်။ ၁၉၈၇ ဇူလိုင် ၄ ရက်က ၁၄ ရက် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ BBC မှာ စောင်းလက်သံမိနစ် ၃၀ စာတဂွင်နဲ့ TV ရိုက်ဖို့ Music of Royal အဖွဲ့မှ ဖိတ်ကြား ခံခဲ့ရသည်။၁၉၈၇ ခုနှစ် ဇွန်လ တွင် BBC နှင့် တောင်အာရှ ဗဟိုဘဏ်တို့ ပူးပေါင်းစီစဉ်သော၍ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ Purcell Room, Queen Elizabeth Hall မှာ ကျင်းပခဲ့သည့် ၉နိုင်ငံ ဂီတဖျော်ဖြေပွဲသည်

ဆရာ့၏ အအောင်မြင်ဆုံးသော ပွဲဟု ဆိုရပေမည်။ ဆရာ၏ အလင်္ကာကျော်စွာ စောင်းဆရာကြီး ဦးဘသန်းထံမှ ပညာသင်ကြားနေစဉ်က စောင်းကို လက်နှစ်ချောင်းနဲ့ တီးခတ်ရာမှ ရှေးရိုးလမ်းကို ဆင့်ထွင်ကာ သူ၏ မူပိုင်စိတ်ကူးဖြင့် လက်ငါးချောင်းဖြင့် တီးခတ်ခဲ့သူဖြစ်သည်။ စောင်းဦးဘသန်းထံ ပညာသင်ယူချိန်မှာပဲ ဆရာကြီးခွင့်ပြုချက်အရ လက်ငါးချောင်း တီးရာမှ နောက်တစ်ဖန် ၁၉၇၇ နှစ်တွင် လက် ၁၀ ချောင်းဖြင့် တီးခတ်ဟန်ကိုဒုတိယ အကြိမ် ထပ်ဆင့်တီထွင်ခဲ့ပြန်သည်။

နောက်တစ်ဖန် စောင်းလက်သံတစ်ခုကို တီထွင်လိုက်သေး၏။ မြန်မာတို့၏စောင်းကို စောင်းကြိုး တစ်ချောင်းထဲမှ သံစဉ် ခုနစ်ပါးလုံးကို တစ်သံစီ တစ်သံစီ ထွက်အောင် တီးခတ်နိုင်သည့် တီးကွက်များဖြင့် ပထမဆုံးတီထွင်၍ လက်စွမ်းပြခဲ့သော မြန်မာ့စောင်းပညာရှင်ကြီး ဖြစ်တော့သည်။

သီချင်းတစ်ပုဒ်ကို တီးခတ်ရာမှနေ၍ တစ်သံစီ တီးခတ်ရင်း စီးချိန်၊ ဝါးချိန်၊ ဟန်၊ မင်မောင်း မထိခိုက်စေဘဲ နရီကိုက်အောင်ပင် စောင်းကြိုးများကို တီးခတ်ရင်းနှင့် ညှိနှိုင်းပြီးတီးခတ်နိုင်ခြင်း၊ ထိုနည်းကို တီထွင်နိုင်ခြင်းသည်လည်း ကမ္ဘာကျော် အင်းလေးမြင့်မောင်၏ ဂုဏ်ရည်ဂုဏ်သွေး တစ်ရပ်ပင်ဖြစ်သည်။

မြန်မာသံစဉ် ခုနစ်ပါးမှနေပြီး ကမ္ဘာ့သံစဉ် ၁၂ သံထိ ညှိပြီး တီးခတ်နိုင်မှုက မြန်မာတို့၏ စောင်းဂုဏ်ရည် ဘယ်မျှ နက်ရှိုင်းကြောင်း ပြသနိုင်သူ ဖြစ်သည်မို့ ဆရာသည် ဂီတသမိုင်း၏ Science of Music ကို တကယ်နားလည် တတ်ကျွမ်းသိရှိသူ ပညာရှင်ဟု ဆိုရခြင်း ဖြစ်သည်။

ထိုကဲ့သို့သော ကမ္ဘာကျော် စောင်းပညာရှင်ကြီး Mr. Full Moon Night of Burmese ၊ အင်းလေးမြင့်မောင်သည် ၂၀၀၁ ခုနှစ် ကွယ်လွန်ခဲ့ပါသည်။

Credit to Original post writer

Via : Aung ThihaRe-

post byThuzar Aye April

Likes:
0 0
Views:
463
Article Categories:
BooksHistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *