ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင် (သို့) ရနောင်မောင်မောင်တုတ်(နောက်ဆုံးပိုင်း)

ရနောင်၏နောက်လိုက်များနှင့် ရနောင်ကိုအားကိုးလိုသူများ၊ ရနောင်နှင့်ကျေးဇူးမကင်းသူများသည် ရနောင်ကို ပိုမိုအထင်ကြီးအောင် မြှောက်ပေးကြသည်။ ရနောင်မောင်မောင်တုတ်သည် သီပေါဘုရင်ထက်(၁၀)နှစ်ခန့် ကြီးသည်။ထို့ကြောင့်ဘုရင်မင်းကလေးကလည်း အစစအရရာတွင် ရနောင်မပါလျှင်မပြီးသကဲ့သို့ အတွင်းရေးများကိုပါ တိုင်ပင်လေ့ရှိသဖြင့် တောင်ငူခေတ်က တပင်ရွှေထီး၏ အထိန်းတော်သား ဘုရင်နောင်နှင့်တူသည်ဟု ပြောကြသည်။

ဤကဲ့သို့ပင် ဘုရင်နောင်၏အချိုးကို မောင်တုတ်ကချိုးနေသည်ဟု စွပ်စွဲသူများကလည်း စွပ်စွဲနေကြသည်။တပင်ရွှေ ထီးအမ ခင်ခင်ကြီးနှင့် ဘုရင့်နောင်တို့လက်ဆက်ပြီးနောက် တပင်ရွှေထီး၏ထီးနန်းကိုပင် ဘုရင့်နောင်ကဆက်ခံခဲ့သည့် အတိုင်း ယခုလည်း ရနောင်မောင်မောင်တုတ်သည် ဘုရင့်နောင်လုပ်ချင်သည်ဟုဆိုကြသည်။

သီပေါဘုရင်ကလေးတွင် အစ်မတော်ပခန်းကြီး စုဘုရားနှင့် နှမတော်မိတ္ထီလာစုဘုရားတို့ ရှိနေသည်။ဘုရင်ကလေးသည် မောင်တုတ်နှင့်တိုင်ပင်ရာ၌ သင့်သည်မသင့်သည် အရေးမဟုတ်။ မောင်တုတ်၏ဆုံးဖြတ်ရာကိုသာ လုပ်လေ့ရှိသည်ဟုလည်းဆိုကြသည်။

ထိုအခါ မောင်တုတ်သည် တောင်ငူခေတ်၏ တပင်ရွှေထီးရာဇဝင်ကို စုဆောင်းလေ့လာသည်။ မောင်တုတ်၏ အိမ်တွင်ပွဲ လမ်းသဘင်များခံရာ၌ တောင်ငူရာဇဝင် တပင်ရွှေထီးနှင့် ဘုရင့်နော်တို့၏ ဇာတ်လမ်းကိုပင် ကပြစေခဲ့သည်။မောင်တုတ်ကို အားပေးအားမြှောက်ပြုနေသော တောင်သမန်လယ်စား မောင်ဖေငယ်ကလည်း အောက်ပါဘုရင့်နောင်၏ တေးထပ်ကို ရေးစပ်၍ မောင်တုတ်၏ဘဝကို မြင်စေသည်။

`ခပေါင်းရေစမ်းငဲ့ရယ်နှင့်၊သန်းရွှေထုသခင်၊နန်းကေတု ပလ္လင်၀ယ်၊တဘုရင်ရွှေထီး။ ပင်တိုင်နတ်လှမနော်၊ အမတော်နန်းလုံဆီမီး၊ရဲထွဋ်ဟု၍ တကိန်းပေါ်၊တစိမ်းနော်မနီး၊အထိန်းတော်ကြီးနှင့်၊ ဇနီးမြတ် လွန်သော်၊ဖွားဘက်တော်လူကလေးရယ်သို့၊ ကောက်ယူမွေးနန်းထက်မှာပျော်။လူရည်ဝ စန်းလဂ်ပေါ်လျှင်၊ကွမ်းဆက်တော်ဝင်ပြီးမှ တပင်ရွှေထီးအမပျို၊ရလိုကြောခို၊ဆင်ဖြူရှင်ဆံထုံးဆိုလျှင်၊ ကံဘုန်းကိုသိဖူးဖျော့လေး´ညစဉ်ညတိုင်း ရနောင်မောင်မောင်တုတ်၏အိမ်မှ တခြိမ့်ခြိမ့်ခံနေသော အငြိမ့်ပွဲသံများကို ဆူညံစွာကြားရသည်။

တောင်တွင်းကြီးမှဆင်ဖြင့်တင်ခိုးလာခဲ့သောအငြိမ့်မင်းသမီး၊ ရနောင်၏မယားတစ်ယောက်ဖြစ်သူ ဆင်ခိုးမလေးကလည်း ဤတေးထပ်ဖြင့် ရနောင်အားအဆိုတော်ဆက်ရသည်မှာ အကြိမ်ပေါင်းများလှချေပြီ။ရနောင်နှင့်မောင်ဖေငယ်တို့သည် ဘုရင်မင်းလေးထံသို့လည်း အမြဲခစားဝင်၍ ဘုရင်ကလေး၏အကြိုက်ကို အမြဲဆောင်ကျဉ်းပေးခြင်းဖြင့် မျက်နှာရအောင်ပြုသည်။

ဒိုင်းခင်ခင်နှင့် ဘုရင်ကလေးတို့ တွေ့ဆုံနိုင်ဖို့အရေးကိုလည်း အထောက်တော် အထပ်ထပ်၊ အစောင့်အရှောက် အယှက်ယှက်တို့၏ကြားမှ စွန့်စား၍ပို့ဆောင်ပေးသည်။သီပေါဘုရင်ကလေး၏စိတ်ထဲတွင် လောကစည်းစိမ်ဟူသမျှကို အမျိုးသမီးချောကလေးများ၏ အကြောင်းကို အခွင့်ရပါက စီကာပတ်ကုံးတင်လျှောက်ကြသည်။

နန်းတော်၌`ပန်းကြာဝတ်မှုံ´ ပြဇာတ်ကိုပင် တင်ဆက်စေသည်။သို့ဖြင့်မီးရှုး သန့်စင်တော်မူပြီး၍ မိဘုရားခေါင်ကြီး ကျန်းမာတော်မူလာပြီးနောက် ညအခါတောင်ဥယျာဉ်အတွင်း၌ ဒိုင်းခင်ခင်နှင့် သီပေါဘုရင်တို့ ပွေ့ဖက်နေကြသည်ကို ကိုယ်တိုင်ပက်ပင်းတွေ့ရလေသည်။

မိဘုရားကြီးသည် ရနောင်မောင်မောင်တုတ်အား ကိုယ်တိုင်အခဲမကြေဖြစ်လာသည်။ဤလက်ချက်သည် ရနောင်မောင် မောင်တုတ်၏ လက်ချက်ဖြစ်သည်ကိုလည်းသိနေသည်။ ထို့ကြောင့်ရနောင်မောင်မောင်တုတ်၏ အကြောင်းကို အမြဲ စုံစမ်းစေသည်။

မကြာမီနန်းတော်တံခါး လေးပြင်လေးရပ်တို့၌လည်း တိုင်းသူပြည်သားများအဖို့ မင်းတရားစည်းတားသကဲ့သို့ တိုင်းပြည်ဆိုးသွမ်းဟော့ရမ်းအကျင့်တန်သော မင်းမှူးမတ်တုိ့အကြောင်း လျှို့ဝှက်စာများပေးလိုပါက ပေးနိုင်ရအောင် ရွှေသေတ္တာကြီးများကိုချထားသည်။။

ထိုသေတ္တာအတွင်းမှ ရနောင်မောင်မောင်တုတ်သည် တိုင်းပြည်၌ ဟော့ရမ်းဆိုးသွမ်းနေရုံမက ထီးနန်းကိုပင်လုယူရန်ကြံရွယ်နေကြောင်း လျှို့ဝှက်စာများရလာသည်ဟုဆိုသည်။ထိုစာများအရ မိဘုရားခေါင်ကြီးနှင့် တိုင်းတာမင်းကြီး၊ ရွှေလှံဗိုလ်တို့ပူးပေါင်၍ ရနောင်မောင်မောင်တုတ်ကို ဖမ်းဆီး၍ ထောင်သွင်း အကျဉ်းချထားလိုက်သည်။

ရနောင်မောင်မောင်တုတ်နှင့်အတူ တစ်ပြိုင်နက်အဖြစ်အဖမ်းခံရသူများမှာလက်သုံးတော်ငယ် ကိုမောင်မောင်လတ်၊

ငွေခွန်မှူးမောင်မောင်၊ဘုန်းတော်တိုးဗိုလ်ပေါ်ညွှန့်၊နတ်ရှင့်ရဲတင်းဗိုလ်မှန်၊နတ်ရှင်ဗိုလ်ညို၊သံတော်ဆင့်မောင်စော၊မြို့စာရေးကံကော်၊ဗြဲတိုက်သံတော်ဆင့်မောင်တုတ်၊ ပန်းပဲစားဘိုးအို စသော ရနောင်မောင်မောင်တုတ်၏ အပေါင်းအပါများဖြစ်သည်။

ရနောင်မောင်မောင်တုတ်နှင့်ပြိုင်ဘက်ဖြစ်သော ရွှေလှံမြို့ဝန်ဦးချုံသည် မောင်တုတ်ဤကဲ့သို့ဖြစ်သည်ကို ကြိတ်၍ဝမ်း သာနေမိတော့သည်။

တစ်နေ့တွင်မောင်တုတ်သည် တစ်နည်းနည်းဖြင့် ငါ့၏လက်သို့ရောက်ရမည်ဟု အခဲမကျေနိုင်သော ဦးချုံသည် လူအူသုပ်နှင့်လက်ဖက်ရည်သောက် ဖိတ်သည်ကိုလည်း အမြဲတစေ သတိရနေမိသည်။သို့သော် သီပေါမင်းကိုယ်တိုင်က `မောင်တုတ်တသက်ငါ့လက်နှင့်မသေစေရ´ ဟူသော ကတိစကားထားရုံတွင်သာမက မှူးမတ်ပေါင်းစုံညီသည့် ဘွဲ့မည်ရည် အဆောင်အယောင်ပေးသည့်နေ့က မိန့်တော်မူချက်ကိုလည်း ပြန်လည်သတိရနေမိသည်။

ထိုစဉ်သီပေါဘုရင်သည် ရနောင်မောင်မောင်တုတ်၏အိမ်သို့ မင်းချင်းများကိုလွှတ်၍ ပြစ်မှုအတွက်သက်​သေအထောက်အထားများကို ရှာခိုင်းသည်။ပစ္စည်းတခုတည်းနှင့်ပင် ရနော်မောင်မောင်တုတ်ကို သေဒဏ်ပေးနိုင်လေသည်။ သူ၏အိပ်ခန်းအထဲ၌ ရွှေများဝင်းအောင်ခြယ်သထားသည့် ရွှေသလွန်တခုကိုတွေ့ရသည်။

ယင်းရွှေသလွန်မှာ ရှင်ဘုရင်များသာ အသုံးပြုခွင့်ရှိသည့် ရွှေသလွန်ဖြစ်သည်။ ထို့နောက်မင်းတရားထံ သံတော်ဦးတင်လိုက်ကြသည်။ သူတို့ဆင်ထားသည့်အကွက်များကလည်း ပိပိရိရိရှိလှသည်။အလွယ်တကူပင် သီပေါဘုရင်က ယုံကြည်သွားဟန်တူသည်။ သီပေါဘုရင်သည် မိမိရဲ့နောင်တော်တမျှ ချစ်ခင်အားကိုးခဲ့သော ရနောင်မောင်မောင်တုတ်အား မည်သို့အပြစ်ပေးရန် စဉ်းစားနေစဉ် မိဘုရားခေါင်ကြီးစုဖုရားလတ်သည်

ဤအရေး၌မိမိအား အားသွန်ခွန်စိုက်ကူညီခဲ့သော တိုင်းတာမင်းကြီး၏ အလိုဖြည့်ဆည်းသည့်အနေဖြင့် ၎င်း၏တူတော်သူဗိုလ်မင်းကျော်ကို တောင်ထားဝယ်ဗိုလ်လက်သုံးတော်ကိုင်ရ နောင်မောင်မောင်တုတ်အရာကျလျှင် ၎င်းနေရာ၌ခန့်ထားရန် ကတိပေးခဲ့သည်။လက်သုံးတော်ကိုင်အဖြစ်ကမူ မိဘုရားခေါင်ကြီးအထူး စိတ်ချတော်မူသော မင်းထင်ရာဇာဆိုသူအား ခန့်အပ်ရန်စီစဉ်ထားသည်။

သည်လိုကတိပေးထားသည်ဆိုကတည်းကပင် ရနောင်မောင်မောင်တုတ်ကို စုဘုရားလတ်နှင့် တိုင်းတာမင်းကြီးတို့သည် နဂိုကကပင်အပြတ်ရှင်းဖို့ စီစဉ်ထားဟန်တူသည်။ဤသို့ ရနောင်မောင်မောင်တုတ် အခမ်းခံရပြီးနောက် မကြာခင်မှာပင် ဗန်းမော်တွင် ရောက်နေပြီး အရာအချခံထားရသည့် တောင်သမန်လယ်စား မောင်ဖေငယ်ကို ဗန်းမော်၌ပင် အဆုံးစီရင်လိုက်ကြသည်။

ထိုစဉ် အခြေအနေအရပ်ရပ်ကို နားလည်ပြီးထားရှိဟန်တူသည့် တိုင်းတာမင်းကြီးက ရနောင်မောင်မောင်တုတ်၏ အခြေအနေကိုမေးမြန်း၍ ရွှေလှံမြို့ဝန်မင်းဦးချုံအား သတိပေးစကားပြောလိုက်သည်။`မောင်မင်းလုပ်ရမယ့်အလုပ်တွေ ဘာ ကြောင့်ဖင့်နှေးရသလဲ၊ ဟိုက မင်းတရားကြီးစိတ်ပြေလို့ လွှတ်စေဆိုရင် မင်းသေမယ်သာပြင်ပေတော့` ဟုပြောလိုက်ရာ ရွှေလှံမြို့ဝန်သည် အထိတ်ထိတ်အလန့်လန့်ဖြစ်သွားသည်။

ထို့နောက်တိုင်းတာမင်းကြီးကို နှုတ်ဆက်ပြီး လက်မရွံ့ထောင်ကြီးအထဲသို့ဝင်၍ လူအလစ်တွင်သူကိုယ်တိုင် မောင်တုတ်၏လည်ပင်းသို့ လှံဖြင့်ထိုးသတ်လိုက်သည်။ပြီးမှ မောင်မောင်တုတ်သည် အချုပ်ခန်းထဲ၌ သူ့ကိုယ်သူကပ်ကြေးဖြင့်သတ်လေဟန် အကွက်ဆင်ထားခဲ့သည်။ ဤသို့ဖြင့် ရနောင်မောင်မောင်တုတ်သည် ဘဝနိဂုံးချုပ်သွားခဲ့ရလေသည်။သို့သော်သူသည် ဆင်းရဲသောပြည်သူများအပေါ်၌ မိမိတတ်နိုင်သမျှ ပေးခဲ့ ကမ်းခဲ့ ကျွေးမွေးခဲ့သည်။

ထင်ထင်ရှားရှားပြစရာဟူ၍ ဘုရားကျောင်းကန်များ မလှူနိုင်ခဲ့ချေ။သူ့ညီဖြစ်သူ ပင်းသာမြို့စား မောင်မောင်ပြောင်းကမူ မဟာမုနိဘုရားကြီးတိုက် အာနန္ဒာဘုရားအရှေ့ဘက်တွင် ပင်းသာ ကျောင်းဟူသော ကျောင်းကြီးတစ်ကျောင်း လှူဒါန်းခဲ့သေးသည်။ ဘုရားစေတီများလည်း အများအပြားလှူဒါန်းခဲ့သည်။

ငredit wikipedia

ကျမ်းကိုးစာရင်း

မောင်သန်းဆွေ(ထားဝယ်)၏ ကုန်းဘောင်ရှင်းတမ်း။

မောင်ဖေငယ် ရနောင်မောင်မောင်တုတ် ရန်ကုန်၊ တင်ဆွေစာပေတိုက် ၊ ပ-ကြိမ်၊ ၁၉၇၅ ခု။မြကေတု ‘ရနောင်မောင်မောင်တုတ်’ မြဝတီ မဂ္ဂဇင်း ၊ စာ-၅၆၊၆၃။

တက္ကသိုလ်နန္ဒမိတ် ‘ရနောင်မောင်မောင်တုတ်’ မြဝတီ မဂ္ဂဇင်း ၊ စာ-၉၇၊၁၀၂။ •ဆရာသန်းဝင်းလှိုင်

Min GYi

#myanmarbooks

Likes:
0 0
Views:
352
Article Categories:
BooksHistoryKNOWLEDGE

Leave a Reply

Your email address will not be published.