ဘယ်ပန်းချီရေးလို့မှမမှီ သိန်းသန်းထွန်း အပိုင်း(၂)

ထိုနေ့ကား သင်္ကြန်အပြီး ကဆုန်လဆန်း ၁၃ ရက်နေ့ဖြစ်၏။ယာတောတွင် အသိမ်းနောက်ကျ၍နေသော ကြက်သွန်နှင့်အာလူးများကို သိမ်းရန်ရှိ၏။ အယ်ရိုးတို့မောင်နှမက စောစောသွားပြီဖြစ်သဖြင့် နေတော်တော်မြင့်မှ သူသည် ကျွဲကိုစီးကာ ယာတောသို့ထွက်ခဲ့၏။နန်းနု၏ခြံအနီးသို့ရောက်သောအခါ ရယ်သံတခစ်ခစ်များကို သူကြားရ၏။ လှုပ်လှုပ်ရှားရှား ပြေးလွှားသံများကိုလည်း သူကြား၏။ကျောင်းစိတ္တသည် ရယ်သံနှင့် ပြေးသံများဆီသို့ လှည့်ကြည့်လိုက်၏။ အလိုလို။မြတ်စွာဘုရား။ မြတ်စွာဘုရား။သူသည် ဤသို့ရေရွတ်မတတ် ဖြစ်သွား၏။ ခြံထဲ၌ မြီးတိုနှင့် နန်းနုတို့သည် ကလေးငယ်မောင်နှမပမာ ပြေးလွှားနေကြ၏။ ကစား၍နေကြ၏။နန်းနုသည် ဘာဆိုဘာမျှ ၀တ်ထားခြင်းမရှိ။ရွှေသားရွှေစင် ရွှေရုပ်သွင်ကဲ့သို့ ပွင့်လက်စ နံနက်ဦးနေခြည်နုထဲတွင် ၀င်းပ၍နေ၏။ ကျောင်းစိတ္တသည် များစွာ စိတ်မကောင်းဖြစ်မိ၏။

“ဖြစ်ရလေ ကလေးရယ် . . . ” ဟု မရေရွတ်ရုံတမယ်ရှိ၏။ သနား၏။ “တခြားလူတွေ တွေ့မြင်မှဖြင့်” ဟုလည်း စိုးရိမ်မိရှာ၏။သို့သော် ကိစ္စမရှိ။ သူတို့ရွာဓလေ့အတိုင်း များသောအားဖြင့် ရွာသူရွာသားများမှာ ယာတောသို့ နံနက်စောစောကပင် ရောက်ကုန်ကြပြီမဟုတ်လော။ဤသို့တွေးနေဆဲမှာပင် နန်းနုသည် အိမ်အနောက် ငှက်ပျောနီပင်တောသို့ ပြေးလွှားပြီး နေခြည်ထိုးသော ငှက်ပျောပင်ရိပ်တွင် ရပ်၏။
သူ့ဘက်သို့ လှည့်၏။ သူ့ကို မြင်ဟန်မတူ။ ဘာလုပ်နေမှန်း မသိ။မြီးတိုက နန်းနု၏ဘေးတွင် မြေကြီးကိုကုတ်ခြစ်ရင်း နမ်းကာ တစ်ချက်နှစ်ချက် ဟောင်နေ၏။ ငှက်ပျောပင်ငှက်ပျောရိပ် ငှက်ပျောရွက်တို့ပေါ်တွင် ကျနေသောနေရောင်မှာ နန်းနုဆီသို့ ရောင်ပြန်ဟပ်၏။ တစ်ကိုယ်လုံးသည် မြင်ရခဲသောလှပခြင်းဖြင့် လှနေ၏။ ရွှေသားရွှေစင် ရွှေရုပ်သွင်ကို ပတ္တမြားရည်တို့ဖြင့် ခပ်ရေးရေး ခပ်ပါးပါး လိမ်းကျံ၍ပေးသလို ရှိ၏။

ကျောင်းစိတ္တသည် ကြည့်ရင်း သက်ပြင်းချမိ၏။မယ်ဆာကို သွားပြောပြီး သင့်သလိုစီမံခိုင်းမှ တော်မည်ဟု သူတွေးနေစဉ်မှာပင် နန်းနုသည် ငှက်ပျောနီရိပ်မှ သူ့ဆီသို့ တန်းပြီးပြေးလာ၏။ သူ့အနီးသို့ရောက်သောအခါ ရပ်ပြန်၏။ သူ့ကို သေသေချာချာကြည့်ပြီး ရယ်၏။ သည့်နောက်မှ တဟုန်ထိုးပြန်ပြေးကာ အိမ်ပေါ်သို့ ပြေးတက်ပျောက်ကွယ်သွား၏။ကျောင်းစိတ္တ၏ရင်ထဲမှ ၀မ်းနည်းသနားခြင်းတို့သည် သက်ပြင်းအဖြစ် အပြင်သို့ ပြေးထွက်လာကြ၏။“မိတဆိုး ဖတဆိုးလေးကွယ် . . . ” ဟု သူ့စိတ်တွင် ဆို၏။နန်းနု၏မိဘများကို တွေးမြင်၏။သူတို့သမီးလေး ဒီလိုဖြစ်နေရှာသည်ကိုသာ မြင်ကြရလျှင် ဘယ်လောက် ရင်ကျိုးရှာကြမလဲဟု တွေး၏။မယ်ဆာတို့အိမ်ဘက်သို့ ရောက်သော်လည်း ယာတောကိုဆင်းကြပြီမို့ ဘယ်သူမျှမတွေ့။ ဤသို့ဖြင့်သာ သူ သည် သူ့ယာထဲသို့ဆင်းခဲ့၏။

ယာတောတွင် သူ တစ်နေ့လုံး အလုပ်လုပ်၍ နေ၏။ အလိုလို။မြတ်စွာဘုရား။ မြတ်စွာဘုရား။ကျောင်းစိတ္တသည် သူ့စိတ်ထဲသို့ ထူးဆန်းမှုတစ်ခု ၀င်ရောက်လာသည်ကို ဂရုပြုမိပြီး အံ့သြသွား၏။ သူ့မျက်လုံးထဲတွင် နန်းနု၏ ရွှေသားရွှေစင် ရွှေရုပ်သွင်သည် အမြဲမြင်၍နေ၏။သူသည် ပထမ၌ ခဏဟုထင်၍ ဘာမျှမဖြစ်။သို့သော် တစ်နေ့လုံးလိုလို မြင်ယောင်နေမိသောအခါ၌ကား အလွန်စိတ်ပျက်သွား၏။ အင်မတန် စိတ်မချမ်းသာမှု ဖြစ်သည်ဆိုက ပို၍မှန်ကန်နိုင်၏။သူသည် စိတ်ထားဖြူစင်သူဖြစ်၏။ သူ့ဦးနှောက်သူ့အာရုံထဲတွင် ကုသိုလ်စိတ်တို့သည် အမြဲလိုလိုရှိနေ၏။ ကုသိုလ်ပြုလိုသောစိတ်၊ ကုသိုလ်ပြုပြီး ကြည်နူး၍နေသောစိတ်များသာ ရှိခဲ့ဖူး၏။ထိုစိတ်များမှလွဲလျှင်လည်း ညောင်မိစ္ဆာမှအစ တစ္ဆေအနန္တကို ကြောက်သောစိတ်သာ ရှိ၏။၎င်းအပြင် အရက်မူးသောအခါ ဟိုဟိုသည်သည် ရှေးရှေးနှောင်းနှောင်းအဖြစ်မျိုးကို တွေးပြီး အိပ်ပျော်၍ သွားတတ်၏။

ဤအမြင်မျိုးကို သူ့ဇနီး မကွယ်လွန်မီကပင် သူ့စိတ်၌ မဖြစ် မမြင်စဖူး။ကျောင်းစိတ္တခမျာ အတော် မကျေမနပ်ဖြစ်ရှာ၏။ ရွှေသားရွှေစင် ရွှေရုပ်သွင်ကို မြင်ယောင်နေသော်ငြားလည်း သူ့၌ မြင်ယောင်ချင်စိတ်မရှိ။ မြင်ယောင်ချင်စိတ်မရှိပါပဲနှင့် မြင်ယောင်နေရသောအဖြစ်ကိုပင် ရင်ထဲက မချိသလို ဖြစ်၏။သူ့လို အလှူဒါနနှင့် အကျင့်သီလကိုသာ အမြဲအာရုံရောက်သော သူတစ်ဦးအဖို့ ဤလိုအမြင်မျိုးကို သာယာနိုင်ခြင်းမရှိ။ ငယ်ရွယ်သူလည်း မဟုတ်တော့၍ ဤသို့မြင်ယောင်နေရခြင်းအတွက် သူ့ကိုယ်စောင့်နတ်ကိုပင် သူ ရှက်၍လာ၏။အင်မတန်အသန့်ကြိုက်၍ အရွံကြီးသောသူတစ်ဦးသည် မစင်ပုံကို အိပ်မက်ထဲ၌ လျှပ်တပျက်မျှမြင်ရုံဖြင့် ခုနစ်နေ့ခုနစ်ည ထမင်းမစားချင်ဖြစ်သော ေ ဒနာမျိုးကို ခံစားရသကဲ့သို့ သူခံစားရ၏။

သူသည် သူ့ကိုယ်သူလည်း ဒေါသဖြစ်လာ၏။ညနေအိမ်သို့ ပြန်သောအခါ နန်းနု၏ခြံ၀င်းဘက်သို့ သူမကြည့်တော့ဟုလည်း ဆုံးဖြတ်လိုက်၏။သို့သော် သူမကြည့်ချင်၍လည်း မရ။ညနေ သူပြန်သောအခါ ဝေးဝေးကပင် နန်းနုကို ၀င်းခြံ၀တွင် ရပ်လျက်နေသည်ကို တွေ့ရ၏။ မယ်ဆာလည်း ၀င်းခြံမှထွက်လာ၏။ သူနှင့်ဆုံသောအခါ နန်းနုကို ဒီနေ့ ချော့မော့ရေချိုးပြီးလျှင် အ၀တ်တွေ ညစ်လွန်းသဖြင့် အ၀တ်တွေ လဲပေးခဲ့ရသည်။ နံနက်က ထမင်းမစား။ ညနေကို စားမစား မသိ။ ထားတော့ ထားခဲ့သည်ဟု မယ်ဆာက သူ့ကိုပြောပြသေး၏။

သူ့စိတ်ထဲတွင် ၀မ်းသာသွား၏။ မယ်ဆာတစ်ဦးသာ နန်းနုကို နိုင်၏။ ထမီနက် အင်္ကျီအဖြူကို၀တ်လျက် နံနက်ကနှင့်မတူသော နန်းနုသည် ခြံ၀တွင် ရပ်နေသည်ကို သူတွေ့၏။ကျောင်းစိတ္တသည် ထိုည၌ များစွာ ထိုင်းမှိုင်းပင်ပန်းသလို ဖြစ်နေ၏။ ကျော့ခင်ကို အခေါ်လွှတ်ပြီးလျှင် အရက်တော်တော် သောက်ပစ်လိုက်၏။ လွန်ခဲ့သောအပတ် သင်္ကြန်ရက်တွင် ကျောင်း၌ ဥပုသ်တစ်ပတ်စောင့်ခဲ့ပြီး သန်ဘက်ခါ ကဆုန်လပြည့်နေ့ ဗုဒ္ဓနေ့တွင် ကျောင်းတက်ပြီး ဥပုသ်စောင့်မည်ကို အရက်မသောက်ပဲနေဦးမည်ဟု စဉ်းစားခဲ့သော်လည်း သောက်လိုက်မိပြီ ဖြစ်၏။

နက်ဖြန် လဆန်း ၁၄ ရက်မှာလည်း တောင်နီဈေးဖြစ်သဖြင့် ဥပုသ်ပစ္စည်း၀ယ်ရင်း တောင်နီသို့သွားမည် စိတ်ကူးထား၏။ ကျော့ခင်ကလည်း ဘုရားငါးဆူရွာတွင် ကိစ္စရှိ၍ လိုက်ခဲ့မည်ဆို၏။ သူသည်အရက်သောက်ရင်းပင် ဥပုသ်စောင့်ရေး၊ ဗုဒ္ဓနေ့အရေးကို တွေးနိုင်၏။ အရက်သောက်ခြင်းတစ်ခုကလွဲလျှင် ကောင်းမှုကိုသာ အားပြုသောသူ မဟုတ်ပါလား။ယခုညမူ သူသည် အရက်ကို အခါတိုင်းညထက် ပို၍သောက်၏။ သူ့ရည်ရွယ်ချက်မှာ များများပိုပြီး အိပ် နိုင်ရန် ဖြစ်၏။

သို့သော် တစ်ရေးနိုးသည်ကစ၍ သူစိတ်ပျက်ပြီး အိပ်မပျော်ဖြစ်ပြန်၏။ ကျောင်းစိတ္တသည် သူ့စိတ်ကိုသူ ဒေါပွ၏။ သူ့မျက်လုံးကိုသူ ဒေါပွ၏။ နှောင့်ယှက်သောအာရုံကို လက်နှင့်ဖမ်းယူ၍ ရနိုင်ပါလျှင် ဖမ်းယူကာ မီးတိုက်၍ ပစ်လိုက်ချင်လှ၏။တစ်ရေးနိုးမျက်လုံးထဲ၀ယ် နန်းနု၏ ရွှေသားရွှေစင် ရွှေရုပ်သွင်သည် ကျောင်းစိတ္တကို နှောင့်ယှက်၍နေဆဲ ပင် ဖြစ်၏။နံနက်လင်းသောအခါ ကျော့ခင်နှင့်အတူ မြင်းကိုယ်စီဖြင့် တောင်နီရွာသို့ ထွက်လာခဲ့ကြ၏။ နန်းနုအိမ်ရှေ့မှ ဖြတ်ခဲ့သော်လည်း ခြံဖက်သို့မကြည့်။ ကြည့်လည်း မကြည့်ချင်။တစ်လမ်းလုံး ကျော့ခင်နှင့် ရွာအကြောင်း၊ ဆီအကြောင်း၊ ဆန်အကြောင်း၊ အယ်ရိုးနှင့် မယ်ဆစ်အကြောင်းပြောရင်း အချိန်ကုန်ခဲ့၏။ ဘုရားငါးဆူရွာ ရောက်သောအခါ ကျော့ခင်က ၀င်၍ ကျန်ခဲ့၏။ သူတစ်ဦးတည်းသာ တောင်နီဈေးသို့ရောက်လာ၏။

သူသည် ဘာမျှသတိမရ။ ဘာမျှမမြင်မိ။ယခုတော့ ငါသည် ဘာမျှသတိမရ၊ ဘာမျှမမြင်မိဟုလည်း မတွေးမိ။ သူတွေးမိသည်မှာ နက်ဖန်ခါတွင် ဥပုသ်စောင့်သောအခါ လှူဖွယ်တန်းဖွယ်ပစ္စည်း၀ယ်ရန်၊ အိမ်သုံး အစားအသောက်၀ယ်ရန် စသည်တို့ကို ဖြစ်၏။ကွမ်း၊ ကွမ်းသီး၊ ထုံး၊ ရှားစေး၊ လက်ဖက်ခြောက်၊ ဆေးလိပ်စသည်တို့ကို ၀ယ်အပြီး ဆီလိုချင်သောကြောင့် ဆီလိုက်၍ရှာ၏။ညောင်ရွှေမှ လာ၍ရောင်းသောအသိဈေးသည်တစ်ဦးက . . . “ဆီရမည် ခဏစောင့်ပါ . . . ” ဟုပြောသဖြင့် ဆယ့်နှစ်နာရီ နာရီပြန်တစ်ချက်ကျမှ ဆီရောက်လာသောကြောင့် ဆီလေးဆယ်သားကိုငွေလေးကျပ်ပေး ပြီး ပြန်တော့မည်ဟု ပြင်လိုက်၏။

သို့သော်လည်း သူ မပြန်ဖြစ်။

သူ့မိတ်ဆွေဟောင်းတစ်ဦးက သူ့ကို လှမ်း၍ဆွဲလိုက်၏။ ထိုသူမှာ ဟဲကယ်ရွာမှ မိုင်းသော်အရှေ့ တိုက်သူကြီး ထမုံဦးမောင်ကြီး ဖြစ်၏။ဦးမောင်ကြီးသည် သူနှင့် ငယ်စဉ်ကကျောင်းနေဖက်ဖြစ်၏။ ပျော်တတ်၏။ ခင်တတ်၏။ လူချစ်လူခင်လည်း ပေါများသူဖြစ်၏။ကုသိုလ်ကောင်းမှုကိစ္စအ၀၀တွင် ပြုစုဆောင်ရွက်မှု၌ မလစ်မဟင်း တာ၀န်အမြဲကျေသော်ငြားလည်း အရက်သောက်သောဝါသနာ စွန့်ပယ်၍မရသော အလေ့ရှိခြင်းတွင်လည်း တူသူဖြစ်၏။ ဦးမောင်ကြီးနှင့် မတွေ့ရသည်မှာ ကြာပြီဖြစ်၏။ သူနှင့်တွေ့လိုက်တိုင်း ဘယ်တော့မှ မြန်မြန်ပြန်ရသည် မရှိ။ အနည်းနှင့်အများတော့ အချိန်ကုန်ရသည်ချည်း ဖြစ်၏။

“ဒီနေ့ ဈေးနေ့ဆိုတော့ မိတ်ဆွေတွေလဲ ဆုံတယ်လေ . . . ” ဟု ဦးမောင်ကြီးက သူ့လက်ကို လှမ်းကိုင်ရင်း ဆို၏။“ပြီးတော့ ဦးပိန်တို့အိမ်မှာ တော်တော်ကြာရင် လောကကျက်သရေဆောင်လူကြီးများ ဆွေးနွေးပွဲရှိတယ် . . . ” ဟုလည်း ရယ်၍ပြော၏။လောကကျက်သရေဆောင်လူကြီးများ ဆွေးနွေးပွဲဟု ပြောလိုက်သည်နှင့် မိတ်ဟောင်းဆွေဟောင်း လူကြီးပိုင်းချည်းဆုံကာ အစားအသောက်များဖြင့် အရက်စုကာ သောက်ကြမည့်အကြောင်းကို ကျောင်းစိတ္တ နားလည်လိုက်၏။“ငါ နက်ဖြန်ကျရင် ကျောင်းတက်ရမယ် ထမုံမောင်ကြီးရဲ့ . . . ”ဝေါ် ကျောင်းစိတ္တ . . . နင်ကလဲ . . . တို့မတွေ့ရတာ ကြာလှပြီပဲ . . . နက်ဖန် ကဆုန်လပြည့် ဗုဒ္ဓ နေ့ ငါလဲ ကျောင်းတက်မှာပဲ . . . ဒီနေ့နဲ့နက်ဖြန် အေ၀းကြီး ရှိပါသေးတယ် . . . ”“ငါ အရက်မသောက်တော့ဘူး . . . ငါ ပြန်တော့မလို့ . . . ”ကျောင်းစိတ္တက အရက်မသောက်တော့ဘူး၊ ပြန်တော့မည်ဟု ပြောလိုက်သောစကားကြောင့် ဦးမောင်ကြီးသည် သဘောကျကာ ရယ်လိုက်၏။

သူနှင့်တွေ့လိုက်လျှင် ကျောင်းစိတ္တ ဘယ်တော့မှ ပြန်ချင်သလိုပြန်ရဖူးသည် မရှိကြောင်းကို တွေး၍ ရယ်သည်လည်း ဖြစ်၏။ယခုလည်း ကျောင်းစိတ္တ မပြန်ရတော့ပဲ နောက်ဆုံး၌ ဦးမောင်ကြီးခေါ်ရာ ဈေးအနီး ဦးပိန်၏အိမ်ဆီသို့ လိုက်သွားရပေ၏။လောကကျက်သရေဆောင် လူကြီးများသည် ဂျီအသည်းကြော်၊ အမဲသားချက်၊ ငါးဖိန်းကြော်များဖြင့် ရွှေလိမ္မော် အရက်ကို လက်ဖက်ရည်ကြမ်းပန်းကန်များထဲသို့ ကိုယ်စီကိုယ်ငှထည့်ကာ ဣန္ဒြေရှိရှိ သိက္ခာရရသောက်သုံး၍ နေကြ၏။ထို၀ိုင်းတွင် အေး၍ အတည်ငြိမ်ဆုံးမှာ ကျောင်းစိတ္တဖြစ်၏။ ဦးပိန်နှင့် ဦးမောင်ကြီးတို့သာ အရွှင်ဆုံးဖြစ်၏။ ယာမှထွက်သော ကြက်သွန်ဈေး၊ အာလူးဈေးမှအစ ဆီအကြောင်း ဆန်အကြောင်း၊ ကျွဲပျောက် နွားပျောက်အကြောင်း အစုံ ရောက်တတ်ရာရာ ပြောကြ၏။တစ်ခါတရံ ထိပ်ပြောင်ပြောင်ကို လက်ဝါးနှင့်ပွတ်ရင်း ရွှေသွား၀င်း၀င်းဖြင့် ကျယ်ကျယ်လောင်လောင် အားပါးတရရယ်တတ်သော ဦးမောင်ကြီး၏အသံလည်း သဘောကျစရာ ရွှင်စရာနှင့် တွေ့သောအခါတိုင်း ထွက်ပေါ်၍ လာတတ်၏။

အနောက်တောတန်းနှင့် တောင်စွယ်တွင် နေမင်းဆင်း၍ ညနေခင်းသို့ရောက်လာသည့်တိုင် လောကကျက်သရေဆောင် လူကြီးအဖွဲ့၏ မြူးပွဲမှာ မရပ်သေးပဲရှိ၏။ဈေးလည်းကွဲ၊ လူလည်းစဲ၊ ရွာထဲတွင် နံနက်ပိုင်းနှင့်နေ့လယ်ပိုင်း၌ ကြားရတတ်သော လူသံ၊ လှည်းသံ၊ နွားသံ၊ မြင်းသံ၊ ကားသံများလည်း တိတ်ငြိမ်၍ကုန်ပြီ ဖြစ်၏။ဤသို့ မိတ်ဟောင်းများနှင့် ထိုင်နေရသောအခါ ကျောင်းစိတ္တသည် မနေ့ကနှင့် ညက မျက်လုံးထဲတွင် မြင်ယောင်နေသည့် ရွှေစင်ရွှေသား ရွှေရုပ်သွင်ကို လုံး၀မမြင် သတိမရပဲရှိ၏။ အပြင်ဘက်သို့ လှမ်းကြည့်လိုက်ခါမှ နေရောင်ညှိုး၍နေသည်ကို မြင်လိုက်သဖြင့် သူသည် ပြန်ရန် ဟန်ပြင်လိုက်၏။

သူ့မိတ်ဆွေများက သူ့ဒူးကိုဖိကာ လက်ကိုပြလျက် မပြန်သေးရန်တားကြ၏။ကျောင်းစိတ္တ အကြောက်ကြီးသည်ကို အားလုံးက သိကြ၏။ တောရဲတိရိစ္ဆာန်ရန်ကို မကြောက်သော်လည်း တောမိစ္ဆာတောတစ္ဆေကို သူကြောက်၏။ အပြန်တောလမ်းထဲတွင် မိုးချုပ်စပြုလာမည်ကို သူစိုး၏။ကျောင်းစိတ္တ အကြောက်ဆိုးမှန်းသိ၍ ဦးမောင်ကြီးသည် အတင်းဆွဲ၏။ သို့သော် မရ။နေနွမ်းနွမ်းသည် အနောက်တောင်ပုပုကလေးများ၏အပေါ်၀ယ် တစ်တောင်ခန့်သာ ကျန်တော့သည်ကို သူ မြင်လိုက်ရပြီ ဖြစ်၏။

သူ့မြင်းကို သူနှင်ရင်း လောကကျက်သရေဆောင် လူကြီးများ၏ထံမှ ရွာသို့ ပြန်ခဲ့တော့၏။ကျောင်းစိတ္တသည် လမ်းတစ်လျှောက်လုံး မြင်းကို ခပ်သုတ်သုတ်နှင်ခဲ့၏။ တစ်လမ်းလုံးမှာ တောလမ်းဖြစ်၏။ နေသည် သစ်ပင်များကြားမှ မှိန်ဖျော့ဖျော့လေးသာ လင်းနေ၏။ တိမ်ရောင်လော၊ နေရောင်လောဟူ၍ပင် မခွဲနိုင်အောင် မှိန်၍နေ၏။ညနေနွမ်းထဲတွင် ချိုးငှက်တစ်ချို့သာ လမ်းဘေးတစ်လျှောက်၌ ကူ၍နေ၏။ လမ်းပေါ်တွင် ဆင်း၍ အစာကောက်နေသော ချိုးငှက်များမှာ ကျောင်းစိတ္တ၏ မြင်းခွာသံနှင့်နီးသည်နှင့်တစ်ပြိုင်နက် အတောင်ကို ရုတ်ချည်း ယပြင်းထန်စွာခတ်၍ လန့်ကာပျံကြ၏။ မှောင်စပျိုးပြီး တိတ်ဆိတ်နေကြပြီဖြစ်သော တောထဲ၀ယ် ချိုးငှက်တောင်ပံခတ်သံတို့မှာ မြင်းခွာသံထက် ကျယ်လှ၏။

အမှတ်တမဲ့ဆိုလျှင် ဝါးလက်ခုပ်ကို ရုတ်တရက် လေးငါးချက်ခပ်ပြင်းပြင်းတီးလိုက်သလို လန့်ချင်သူအဖို့ လန့်စရာကောင်း၏။အင်ကြင်းပင်များပေါ်မှ ခါအော်သံများကလည်း စူးဝါးလှ၏။ကျောင်းစိတ္တသည် ရှေ့မှဖြတ်၍ ရုတ်တရက်ပြေးသော ဂျီတစ်ကောင်ကြောင့် လန့်သလိုပင် ဖြစ်သွားမိ၏။သူ့ရင်များသည် တဒိတ်ဒိတ်ခုန်သွား၏။“ထမုံမောင်ကြီးနဲ့ တွေ့လိုက်ရရင် ဒီလိုချည်းပဲ . . . ” ဟုလည်း တွေးလိုက်မိ၏။ခေါင်းထဲတွင် ရွှေလိမ္မော်အရက်တန်ခိုးကလည်း ပြသထက်ပြကာ မျက်လုံးများ စင်းချင်မှေးချင်သလိုဖြစ်ပြီး ရီရီဝေ၀ေ ဖြစ်သထက်ဖြစ်နေ၏။

အရက်အသောက်များသွားသော သူ့ခေါင်းထဲတွင် တစ်ခုခုက ယိမ်းထိုးလှုပ်ရှားနေသလို သူခံစားနေရ၏။သူ့ဦးနှောက်ထဲတွင် အင်းလေးကန်ကြီး ရောက်နေသည့်သဖွယ် ဖြစ်နေ၏။ အင်းလေးကန်ကြီးသည် သူ့ဦးနှောက်ထဲ၌ အငြိမ်မနေ။ လှိုင်းအိကြီးများဖြင့် တသိမ့်သိမ့်ထနေ၏။ ခုမှ လေတိုက်လေ သူ့ခေါင်းထဲ၌ ပို၍ မူးလာလေ ဖြစ်လာသည်ကို သူသတိပြုမိတော့၏။မူးပင် မူးငြားသော်လည်း သူ့စိတ်ကို အနှောင့်အယှက်ပေးသော နန်းနု၏ ရွှေသားရွှေစင် ရွှေရုပ်သွင်ကို မြင်ယောင်မှုတော့ လုံး၀မရှိ။သူ ယခုမြင်ယောင်နေသည်မှာ ထဘီအမဲကြီးကို ရင်ရှား၀တ်လျက် ခွေးနက်ကြီးကို ရှေ့မှထားကာ တောကြားထဲမှ ထွက်လာကောင်းထွက်လာမည့် “ဖျက်” ကို ဖြစ်၏။

သည်တောထဲ၌ ကလေးမီးမဖွားနိုင်ပဲ သေရသည့် သရဲ “ဖျက်” များကို တစ်ခါတရံ မိုးချုပ်နေ၀င်၌ တွေ့ရတတ်သည်ဟု ကြားဖူးထား၏။သူသည် ဖျက်ကိုတွေးရင်း မြင်းကို ခပ်သွက်သွက်နှင်ပြန်သောအခါ နေ၀င်သွားပြီး လဆန်း ၁၄ ရက် လသည် ထွက်ပေါ်လာ၏။ လမင်းသည် သူ့တောလမ်း၌ သစ်ရိပ်များကို လမ်းပေါ်၌ခင်းကာ သာလျက်နေပြီ ဖြစ်၏။တစ်ရွေ့ရွေ့ဖြင့် လှည်းလမ်းကြောင်းသုံးခွဆိုင်နေသော တစ်နေရာသို့ ရောက်သောအခါ သူ့တစ်ကိုယ်လုံးတွင် ကြက်သီးများ ထလာတော့၏။လရောင်အောက်တွင် မှောင်မဲမဲသစ်ပင်ကြီးတစ်ပင်သည် လမ်းဆုံတွင် အရွက်လှုပ်လှုပ်များဖြင့် ရပ်နေ၏။ သစ်ပင်အောက်ရှိ ရေအိုးစင်ပျက်မှာ ဖရိုဖရဲဖြစ်နေ၏။

ဤနေရာ၌ နန်းနု၏အဖေ ကျောင်းပညာနှင့် နန်းနု၏အမေ နန်းနွယ်တို့သည် ဓားပြလက်ချက်ဖြင့်အသက်ထွက်ခဲ့ကြရ၏။ ဤနေရာသည် တောလမ်း၌ ညခရီးသွားသူများ ကြက်သီးထရာ၊ ခေါင်းကြီးရာ၊ နွားလန့်ရာနေရာဟု လူအများသိထားသော နေရာဖြစ်၏။တစ်ခါတရံ စူးစူးဝါးဝါးညည်းညူသံကို ကြားရသည်ဟုပင် ဆိုစမှတ်ပြုကြ၏။ သူသည် ထိုနေရာမှ ဝေးအောင် မြင်းကို အပြင်းနှင်လိုက်၏။ ဘာသံကိုမှတော့ သူမကြား။ သို့သော် သူ့စိတ်ထဲတွင် နန်းနု၏မိဖများ၏ မျက်နှာကို မြင်ယောင်မိ၏။ အထူးသဖြင့် နန်းနု၏အမေ နန်းနွယ်ကို သူမြင်ယောင်မိ၏။

သူသည် ဤသို့မြင်ယောင်သောအခါ နှစ်ပေါင်းများစွာကြာခဲ့ပြီးမှ ပြန်ပေါ်လာသော ဝေဒနာကို ခံစားရသကဲ့သို့ ခံစားလာရ၏။သူနှင့် နန်းနွယ်တို့မှာ ငယ်ချစ်များဖြစ်ကြ၏။ကြည်နူးခဲ့ပုံတွေကို သူ ပြေး၍မြင်၏။ ဤလို လသာရက်မျိုးတွင် နှစ်ကိုယ်အတူတွေ့၍ ကြည်နူးမိသည်တို့လည်း ရှိ၏။ နန်းနုအမေသည် နန်းနုထက် သုံးဆလောက် ပိုလှ၏။ လိုချင်သူတွေ ၀ိုင်းနေကြသည့်ကြားက သူ့ အချစ်ဦး နန်းနွယ်၏မေတ္တာပန်းကို ပိုင်ပိုင်ကြီးရခဲ့သူ ဖြစ်၏။သို့သော် ထိုစဉ်က စီးပွားဥစ္စာနွမ်းပါးသော သူ့ကို နန်းနွယ်၏မိဖများက သဘောမတူပဲ ကိုပညာနှင့် နန်းနွယ်ကို ပေးစားချင်ခဲ့၏။ကိုပညာသည် နန်းနွယ်ကို သေမလောက်ကြိုက်၏။ နန်းနွယ်ကိုသာရမည်ဆိုလျှင် ဘာလုပ်ရလုပ်ရ လုပ်မည့်သူဖြစ်၏။ ကိုပညာနှင့် သူမှာလည်း အချစ်ဆုံးသူငယ်ချင်းများ ဖြစ်၏။ ကိုပညာသည် ကြမ်းတမ်းရဲရင့် သတ္တိကောင်းသူဖြစ်၏။နန်းနွယ်၏ချစ်သူမှာ သူသာမဟုတ်ပဲ တစ်ခြားသူဖြစ်ပါက သတ်ချင်သတ်ရပါစေ၊ သတ်ပြီး မေတ္တာကို လုယူမည့်သူဖြစ်၏။ကျောင်းစိတ္တသည် သူ့သူငယ်ချင်း ကျောင်းပညာကို မြင်ယောင်၍လာပြန်၏။

သူတို့နှစ်ဦးသည် ညောင်ရွှေ၌ကျင်းပသည့် ဖောင်တော်ဦးဘုရားပွဲမှ လောင်းကစားပွဲတွင် ငွေဒင်္ဂါးကို သောင်းနှင့်ချီ၍ နိုင်လာခဲ့ပြီး သူငယ်ချင်းနှစ်ဦး မြင်းကိုယ်စီနှင့် ဤတောလမ်းအတိုင်းပင် ပြန်လာခဲ့သည်ကို သူ ပြန်၍သတိရ၏။ကိုပညာသည် နန်းနွယ်ကို သူရလိုကြောင်းဖြင့် ဆွေးနွေး၏။ နောက်ဆုံးတွင် သူတို့ သူငယ်ချင်းနှစ်ဦးသည် ငွေဒင်္ဂါးဖြင့် မျောက်ပန်းလှန်ကာ အဆုံးအဖြတ်ယူခဲ့၏။ နန်းနွယ်ကိုမရသူသည် နိုင်သမျှငွေအားလုံးကို ယူရမည်ဟု သဘောတူကြ၏။ သူက ပန်း၊ ကိုပညာက မျောက်ဟုသတ်မှတ်ကာ တစ်ယောက်လျှင် ၂ ကြိမ်ကျဖြင့်၄ ကြိမ်စလုံး လှန်ခဲ့ရာ ၄ ကြိမ်စလုံး မျောက်ချည်းကျသဖြင့် ကိုပညာသည် အနိုင်ရခဲ့၏။မိဖအာဏာဖြင့် နန်းနွယ်ကို သိမ်းပိုက်နိုင်ခဲ့၏။ မျောက်ပန်းလှန်ပြီးသည့်နေ့မှစ၍ နန်းနွယ်နှင့် သူစကားမပြောပဲ နေခဲ့၏။ နန်းနွယ်တို့ မင်္ဂလာဆောင်သောအခါ ငွေတစ်၀က်ကို သူလက်ဖွဲ့ပြီး တစ်နေရာသို့ပင် သူရှောင်နေခဲ့၏။အကြောင်းစုံသိသောအခါ နန်းနွယ်သူ့ကို စိတ်နာပုံတို့မှအစ သူပြန်၍ စဉ်းစားမိ၏။ချစ်သောသူငယ်ချင်းအတွက် မျောက်ပန်းလှန်ပြီး ဆုံးဖြတ်ရေးကို သူမလုပ်ချင်ဘဲနှင့် လုပ်ခဲ့ရသောကြောင့် နန်းနွယ်နှင့် ဝေးခဲ့ရ၏။

သူအိမ်ထောင်ကျသော်လည်း နန်းနွယ်ကို မေ့မရဖြစ်ခဲ့ရသည်ပင် ရှိ၏။ထို့ကြောင့် သူ့ဇနီးက တစ်ခါတရံ နန်းနွယ်ကိုမရ၍ သူ့ကိုယူသည်ဟု စကားနာထိုးခဲ့ဖူးသည်များလည်း ရှိခဲ့၏။ ကျောင်းစိတ္တသည် ငယ်ငယ်ကအဖြစ်ဟောင်းများကို စဉ်းစားရင်း ၀မ်းနည်းမှု မပြင်းထန်သော်လည်း တစ်ကိုယ်လုံး လေးလံလာသကဲ့သို့ ရှိ၏။သူငယ်ချင်း ကျောင်းပညာကိုလည်း သူချစ်၏။ နန်းနွယ်ကိုလည်း ချစ်ပါသေး၏။ သူသည် မြင်းကို အပြင်းနှင်ရင်း ကျောင်းပညာနှင့်နန်းနွယ်တို့ကောင်းရာမွန်ရာရောက်စေရန် စိတ်ထဲကပင်ဆုတောင်းလိုက်သေး၏။သို့ဖြင့် လရောင်ဖြူဖြူ စိုရွှဲ၍နေသော တောကို များစွာကျော်လွန်ခဲ့၏။သိမ်ကုန်းတောင်သို့ တက်၏။သိမ်ကုန်းတောင်မှ ဆင်း၏။သူ့ရှေ့မှဖြတ်ပြီး အလန့်တကြားထပျံသော တစ်တီတူးငှက်တစ်ကောင်သည် လရောင်ဖြင့် ငိုက်မြည်းတိတ်ဆိတ်နေသော တစ်တောလုံးကို သိမ့်သိမ့်ခါ၍သွားအောင် စူးစူးဝါးဝါးကြီးအော်ဟစ်သံ ထွက်ပေါ်၍လာ၏။ကျောင်းစိတ္တသည် “အာ့ . . . တို့မွေရေး . . . ” ဟု အမေကိုတမိအောင် လန့်သွား၏။ မြင်းကိုပင် ရပ်မိ၏။ ငှက်ကို ဒေါသဖြစ်သွားပြီး တောက်ခေါက်လိုက်မိ၏။သူ့ခေါင်းထဲတွင် ယခင်တွေးခဲ့သော အတွေးအားလုံး လွင့်ထွက်ကုန်၏။ အမူးပင် သုံးပုံနှစ်ပုံခန့် ပြေ၍သွား၏။

သူသည် သူ့ခေါင်းထဲမှ လွင့်ထွက်ကုန်သော အတွေးများကို ပြန်လည်ကောက်ယူခြင်း မပြုတော့ပဲ လရောင်ဆမ်းသော ရှေ့တည့်တည့်မှလမ်းကိုသာ ကြည့်ရင်း မြင်းကို ဆက်၍နှင်၏။အလိုလို။မြတ်စွာဘုရား။ မြတ်စွာဘုရား။သူ့ရှေ့တွင် သူမြင်ခဲ့ဖူးသည့် ရွှေသားရွှေစင် ရွှေရုပ်သွင်အတိုင်းရှိနေသော မိန်းမငယ်တစ်ဦးကို သူမြင်လိုက်ရ၏။ ယခုမိန်းကလေးမှာမူ ငွေလရောင်ကိုသာ ၀တ်ဆင်ထားသူမို့ ငွေသားငွေစင် ငွေရုပ်သွင်ဟု ဆိုစဖွယ်ဖြစ်၏။မိန်းမပျိုသည် သူ့ကို ပြုံး၍ကြည့်နေ၏။ ဖြူဖွေးသော လရောင်သည် မိန်းမပျို၏တစ်ကိုယ်လုံးရှိ ပြည့်တင်းသောဒေသတို့၌သာ စံစား၍နေ၏။ကျောင်းစိတ္တသည် သူ့မျက်လုံး၏ လှည့်စားခြင်းဖြစ်မည်ထင်ကာ ဤအမြင် လွင့်ထွက်၍သွားအောင် မျက်တောင်ကို ဆယ်ခါမျှ ခတ်ပစ်၏။ မျက်လုံးကို လက်နှင့် ပွတ်ပစ်၏။သို့သော် မြင်ဆဲပင် ဖြစ်၍နေ၏။ မိန်းမပျိုက ငွေလရောင်လိမ်းကျံသော လက်တံများကို ဆန့်တန်းလျက် သူ့ကို ကြိုလှမ်း၍ပင် နေလိုက်သေး၏။သူသည် သူ့ကိုယ်သူ ဒေါသအလွန်ဖြစ်မိကာ ဒီအမြင်ကို မြင်မိရကောင်းလားဟု တွေးလျက် တောက်တစ်ချက် ဆောင့်ခေါက်ရင်း မြင်းကိုဆောင့်ရပ်မိ၏။

သူ့မြင်းရပ်ကာမှ မိန်းမပျိုသည် ရယ်သံ ခစ်ခစ်ကလေးတစ်ခုကို သူ့နားထဲ၌ထားရစ်ကာ သူ့ရှေ့မှ ထွက်ပြေးသွား၏။ သို့သော် မနီးမေ၀းတွင် ရပ်၍နေပြန်၏။ကျောင်းစိတ္တသည် ယခုမှ သူ့မျက်လုံးတွင် မြင်ယောင်ခြင်းမဟုတ်၊ မြင်ခြင်း ဖြစ်နေကြောင်းကို သတိပြုမိလာ၏။ငွေလရောင်ကိုသာ ၀တ်ဆင်၍ထားသော လုံမပျိုကို သူ သေသေချာချာ ထပ်၍ကြည့်ပြန်၏။ မခို့တရို့လေးရပ်လျက် သူ့ကို ညှို့သယောင်၊ မထိတထိလေး ပသယောင် ရှိ၏။နန်းနုဟု သူထင်မိလိုက်သော်လည်း နန်းနုမဟုတ်ကြောင်းကို သူသိလာ၏။ သို့သော် အမှတ်တမဲ့ဆိုလျှင် နန်းနုဟု မှားစရာကောင်း၏။

နန်းနုအမေ နန်းနွယ်မှန်း သူသိလိုက်သောအခါတွင်မူ သူ့ရင်မှာ တဒိတ်ဒိတ်ဖြစ်လာ၏။သူငယ်ငယ်က ချစ်ခဲ့ရသော သူ့အချစ်ဦးကို ငယ်ငယ်ကရုပ်အတိုင်းပင် မြင်ရသည်မှာ မြင်ရတောင့်မြင်ရခဲဖြစ်၏။နန်းနုသည် မပိန်ပဲ သွယ်သွယ်နွဲ့နွဲ့လှ၏။နန်းနွယ်သည် မ၀ပဲ ပြည့်ပြည့်အိအိလှ၏။နန်းနွယ်သည် ဘာကိုမျှမ၀တ်ဆင်ပဲ လရောင်ကိုသာ၀တ်ဆင်၍ အဘယ့်ကြောင့်ရပ်နေသနည်းဟု သူတွေးရင်း အနီးသို့ရောက်လာသောအခါ မိန်းမပျိုသည် လှုပ်ရှားမှုလုံး၀မရှိပဲ ပျောက်ကွယ်သွားတော့၏။နန်းနွယ်သည် သူ့ကို ကိုယ်ထင်ပြ၍ ချောက်လှန့်လေပြီဟု သူတွေးလိုက်မိတော့၏။ အလွန်ကြောက်သောစိတ်သည် သူ့တကိုယ်လုံးကို သိမ့်သိမ့်တုန်စေ၏။လန့်၍ပျံသော တစ်တီတူးတစ်ကောင်က တိုက်တိုက်ဆိုင်ဆိုင်ပင် သစ်ရိပ်မဲမဲပေါ်မှ ဟစ်၍အော်လိုက်သောအခါ ကျောင်းစိတ္တသည် သူ့ကို တစ္ဆေချောက်ပြီဟု သေသေချာချာထင်သွားပြီး မျက်လုံးကိုမှိတ်ကာ မြင်းကို ကဆုန် စိုင်းလေတော့၏။

သိမ်ကုန်းချောင်းကြီးကို ဖြတ်၍ဆောက်ထားသော တံတားကြီးပေါ်၀ယ် မြင်းခွာသံတို့ တ၀ုံး၀ုံးမြည်၍ သွားပုံကလည်း သူ့ရင်ကို အလွန်ခုန်စေ၏။ မောလည်း မော၏။ ရွာကို၀င်ကာမှ သူ မျက်လုံးဖွင့်ရဲတော့၏။မျက်လုံးဖွင့်ပြန်တော့လည်း လရောင်ကိုသာ ၀တ်ဆင်၍ထားသော နန်းနု၏အမေ နန်းနွယ်၏ ငွေသား ငွေစင် ငွေရုပ်သွင်ကို ယခင်ကလို လမ်းမပေါ်၌ မမြင်ရတော့သည့်တိုင် မျက်လုံးတွင် မြင်ယောင်ခြင်းက ဖြစ်နေပြန်၏။ကျောင်းစိတ္တသည် ကြောက်ရွံ့နေဆဲဖြစ်၏။ တောင်နီတွင် သူတွေ့ခဲ့ရသော ဟဲကယ်မှ ထမုံဦးမောင်ကြီးကို ပြန်တွေးကာ စိတ်ဆိုးချင်သလိုလိုရှိ၏။ ဦးမောင်ကြီး အတင်းဆွဲထား၍သာ အပြန်မိုးချုပ်ပြီး သရဲအချောက်ခံရသည်ဟု သူထင်လိုက်၏။ရွာထဲသို့ ပြန်ရောက်တော့လည်း သူ့တွင် ကြောက်စိတ်တစ်ခုက ပိုလာရပြန်၏။တစ်ရွာလုံးက သိပြီးဖြစ်သော ကျွဲနက်ကြီးကိုစီးသည့် မြွေဟောက်နှုတ်ခမ်းမွေးပိုင်ရှင် ညောင်မိစ္ဆာကြီးသည် ညအချိန်လူခြေတိတ်လျှင် နန်းနုအိမ်သို့ လာသည်ဆိုသောအတွေးက သူ့ခေါင်းထဲတွင် ၀င်၍လာ၏။လရောင်အောက်တွင် ရွာကလည်း သူတို့ဒေသထုံးစံအတိုင်း စောစောပင် လူခြေတိတ်နေသည် မဟုတ်ပါလော။

သူသည် နန်းနုအိမ်ရှေ့မှ ဖြတ်၍ပြန်ရမည်ကိုပင် ၀န်လေးလာ၏။ သူ နန်းနုအိမ်ရှေ့အရောက်တွင် နန်းနု အိမ်သို့လာသော ညောင်မိစ္ဆာကြီးကလည်း နန်းနုအိမ်သို့ ၀င်မည်အပြုနှင့်ကြုံလိုက်ပါက သူသည် လိပ်ပြာလွင့်သွားမည်မှာ သေချာ၏။ကျောင်းစိတ္တသည် ကြောက်ရွံ့ခြင်းအတတ်ပညာကို တစ်ဖက်ကမ်းခတ်အောင် တတ်၏။ ရယ်စရာကောင်း လောက်အောင်ပင် အကြောက်ဆိုးလှ၏။

နန်းနုအိမ်ရှေ့တွင် ညောင်မိစ္ဆာနှင့် တွေ့မည်စိုးသောစိတ်သည် ငှက်ရူးပျံသောတောင်ပံပမာ တဖြတ်ဖြတ် ရင်ကိုတုန်စေ၏။သို့သော် နန်းနုအိမ်ရှေ့၌ ညောင်တစ္ဆေကို သူမတွေ့။ နန်းနုကိုသာ ရပ်လျက်တွေ့ရ၏။ မြီးတိုကလည်း အနီးတွင်ရှိ၏။ ဟောင်လည်း ဟောင်၍နေ၏။နန်းနုသည် မကြာမီက သူမြင်ခဲ့ရသည့် သူ့အမေ နန်းနွယ်ကဲ့သို့ လရောင်ကိုသာ ၀တ်ဆင်ထားသည်မျိုးတော့ မဟုတ်။ ထဘီအနက်နှင့် အင်္ကျီအဖြူလက်ရှည်ကို ၀တ်၍ထား၏။လရောင်သည် နန်းနု၏ပြုံးမျက်နှာလေးကို ချစ်စဖွယ်ပိုအောင် ဖန်တီး၍နေ၏။ ကျောင်းစိတ္တသည် နန်းနု မှန်းသိသော်လည်း သည်မျက်နှာကို သူ့အမေနန်းနွယ်နှင့် ပိုတူသည်ဟု ထင်မိ၏။

လရောင်လိမ်းကျံထားသော နန်းနွယ်၏ ပါးပြင်နုနုအိအိလေးပေါ်တွင် လူငယ်တို့ဘာ၀ ပီတိအရေးနှင့် ရှက်သွေးလေးတွေ ဥသွားအောင် သူကြည်နူးမိခဲ့ဖူးသည်များးကိုလည်း သတိရလာ၏။ဤသတိရမှုကိုလည်း သူမကြိုက်။ ကလေးကလားဆန်သည်ဟု သူထင်၏။ထိုအခိုက် နန်းနုဆီမှ ထွက်ပေါ်လာသော အသံတစ်သံကြောင့်လည်း သူအတော်ပင် အနှောင့်အယှက် ဖြစ်လာ၏။“မောင်တော်ဘုရားရေ . . . မောင်တော်ဘုရားရေ . . . ”နန်းနု၏အသံသည် လရောင်အောက်တွင် တေးသံလေးလိုဖြစ်နေ၏။“သေလာတောင်နန်း၊ ဟေမဝါစခန်းမှာ၊ နှမတော်လေး လွမ်းလှပါပေါ့ မောင်တော်ဘုရားရယ် . . . ”နန်းနု၏အသံမှာ ပွဲထဲက ချစ်သူနှင့်ဝေးသည့် မင်းသမီးလေး၏အသံအတိုင်း ပီသနေလေ၏။

“မောင်တော်ဘုရားက နတ်မြင်းပျံကြီးကိုစီးပြီး နှမတော်လေးဆီကို မကြွမချီ ရာသီတွေလဲ ပြောင်းခဲ့ပေါ့ . . . ”ကျောင်းစိတ္တသည် ဤအသံတွေကို အကုန်ကြားရ၏။သို့သော် ဤအသံတို့မှာ သူ့နားတွင်းသို့ မ၀င်။ နန်းနွယ်၏မျက်နှာနှင့် သိပ်တူနေသော နန်းနု၏ လရောင်လိမ်းကျံသော မျက်နှာကိုသာ သတိပြုမိနေ၏။ဤလို ငွေလရောင်၀င်းပသော ညအမြင်မျိုးကျမှ နန်းနုသည် သူ့အမေနှင့် တစ်ထပ်တည်းလို တူနေသည်ဟု သူထင်၏။ ထို့ကြောင့် သူသည် မြင်းနှင့်လွန်သွားပြီးကာမှ နန်းနုရပ်နေရာသို့ လည်ကိုငဲ့၍ ပြန်ကြည့်လိုက်၏။

“ဟင် . . . ”

နန်းနုသည် နန်းနု မဟုတ်တော့ပဲ နန်းနွယ်ဖြစ်နေပြန်သည်ကို သူမြင်ရပြန်၏။ နှစ်စက္ကန့် သုံးစက္ကန့် အတွင်းက သူမြင်ခဲ့ရသော နန်းနုသည် အင်္ကျီလက်ရှည်အဖြူနှင့် ထဘီအနက်ကို ၀တ်ထား၏။ အနီးတွင် မြီးတိုလည်း ရှိ၏။ယခုမူ . . . ခက် ခက်ရချည့်သေး။အနီးတွင် မြီးတိုရှိလျက်သားနှင့်ပင် နန်းနုသည် နန်းနုမဟုတ်တော့ပဲ နန်းနွယ်ဖြစ်နေပုံကို သူ တပ်အပ်သေချာမြင်ရ၏။ ၎င်းပြင် နန်းနွယ်သည် တောလမ်းထဲတွင် သူမြင်ခဲ့သည့်အတိုင်း လရောင်ခြည်ကိုသာ ၀တ်ဆင်လျက် ငွေသားငွေစင် ငွေရုပ်သွင်အတိုင်း ဖြစ်နေ၏။

သူသည် ရူးချင်သလိုလိုပင်ရှိလာ၏။မကြည့်ပဲ သူ့မျက်နှာကို ချက်ချင်းလှည့်ပစ်၏။ဒါပေမယ့်လည်း အသံကလဲ နန်းနုရဲ့ အသံပါလား။ နားထောင်စမ်းပါဦး။“မောင်တော်ဘုရားရေ . . . မောင်တော်ဘုရားရေ . . . ” တဲ့။နန်းနုအသံမှ နန်းနုအသံအစစ်။ နန်းနွယ်အသံ လုံး၀မဟုတ်။သူသည် မကျေမချမ်းဖြစ်လာ၏။ လှည့်၍ကြည့်မိပြန်၏။““ဟင် . . . ””နန်းနု လုံး၀မဟုတ်တော့ပဲ ငွေသားငွေစင် ငွေရုပ်သွင်ဖြင့် လရောင်ကိုသာ ၀တ်ဆင်၍ထားသော နန်းနွယ်သည် ခြံ၀တွင် မြီးတိုနှင့်အတူ ရပ်နေသည်ကို သူမြင်နေ၏။မြီးတိုသည် လမင်းကို မော်၍ကြည့်သလို ခေါင်းကိုမော်လျက် ရှည်ရှည်လေးလေးကြီး အူ၍ပင်နေသေး၏။ကျောင်းစိတ္တသည် ခေါင်းကို ရုပ်သေးကြိုးဆောင့်၍ ဆွဲခံရသလို အမြန်ပြန်လှည့်ပစ်လိုက်၏။တောက်တစ်ချက်ကိုလည်း လျှာဖျားပွန်းပြီး မီးထွက်လုအောင် ခေါက်ပစ်ရင်း မြင်း၏တင်ပါးကို လက်ဖဝါးဖြင့် လေးငါးချက် ခပ်ကြမ်းကြမ်းရိုက်ပစ်လိုက်မိ၏။မြင်းသည် လန့်ကာဖျန့်ကာ ကဆုန်ချ၍ ပြေး၏။ လရောင်ဖြူဖြူဆမ်းသော လမ်းတစ်သွယ်လုံး ဖုန်တွေ တထောင်းထောင်းလွင့်ပျံ၍ ထကုန်၏။အိမ်ခြံ၀င်းထဲအထိ သူ့မြင်းသည် ကဆုန်ချ၍၀င်၏။““အယ်ရိုး . . . အယ်ရိုး . . . ဟေ့ . . . အယ်ရိုး . . . ””

သူ့အသံသည် ရေးကြီးသုတ်ပြာနိုင်၏။ သူ မောလည်း မောနေ၏။သူ့သား အယ်ရိုးသည် ဖခင်အသံကြောင့် အိမ်ပေါ်မှ ပြေးထွက်လာ၏။ သူ့သမီး မယ်နှစ်လည်း အံ့အား သင့်သင့် ထွက်လာ၏။“ငါ့ အစိမ်းသေခြောက်တယ် . . . ”ဤသို့ပြောဆိုရင်း သူသည် မြင်းပေါ်မှ ခုန်ဆင်းလိုက်သည်။ အယ်ရိုးသည် သူ့ဖဆီသို့ဆင်းလာရင်း သူ့ဖထံမှ အရက်နံ့ကို ရလိုက်သဖြင့် အစိမ်းသေခြောက်သည်ဟု သူ့ဖပြောသောစကားကို အလေးအနက် မထားတော့ပဲ ပြုံးလိုက်၏။မြင်းကို မြင်းဇောင်းသို့ယူ၍ သိမ်းလိုက်ပြီး သူ့ဖ ပစ္စည်း၀ယ်၍လာသော အိတ်ကိုယူကာ အိမ်ပေါ်သို့ တက်ခဲ့၏။ ညီမမယ်နှစ်မှာ အစိမ်းသေခြောက်သည်ဟူသော သူ့ဖ၏စကားကြောင့် အိမ်အောက်ကိုပင်မဆင်းပဲ သူ့ဖအနီးတွင် ကပ်ထိုင်နေ၏။အယ်ရိုးသည် အစိမ်းသေခြောက်သည်ဟုပြောပြီး ဘယ်နည်းဘယ်ပုံ ခြောက်လိုက်သည်ကို ဘာမျှပြန်မပြောပဲ အမောဖြေကာ ထိုင်နေသော သူ့ဖကိုကြည့်ကာ အကဲခတ်နေ၏။

ဘယ်လိုခြောက်လိုက်သလဲဟု မေးသော်လည်း မရ။ လက်ကိုသာ ကာပြပြီး မပြောချင်ဘူးဟူသော အမူအရာကိုသာ တွေ့နေရသဖြင့် ဘာမျှထပ်မမေးပဲ နေလိုက်၏။မယ်နှစ်ကမူ သူ့ဖသည် ကျွဲနက်ကြီးကိုစီးသော မြွေဟောက်နှုတ်ခမ်းမွေးပိုင်ရှင် ညောင်မိစ္ဆာကြီးနှင့် တွေ့ခဲ့ခြင်းဖြစ်မည်ဟုတွေးကာ ကြက်သီးထချင်သလိုဖြစ်နေ၏။ကျောင်းစိတ္တသည် အတန်ကြာအမောဖြေပြီး ခေါင်းမှဖြေချကာ ပုခုံးပေါ်တွင်တင်ထားသော မျက်နှာသုတ်ပုဝါနှင့် ချွေးတွေကိုသုတ်ပစ်၏။“တို့ဖ . . . မင်းစားမဂဲ . . . ” ဟု မယ်နှစ်က မေး၏။ကျောင်းစိတ္တ ထမင်းစားမလားဟု မေးရှာသော သမီး၏အမေးကိုပင် နှုတ်ဖြင့်မဖြေ။ ခေါင်းကိုသာ ခါပြ၏။ အယ်ရိုးကမူ တောင်နီဈေးကအပြန် သူ့ဖ အရက်သောက်လွန်လာ၍ ရိုးရိုးတန်းတန်းပင် မစားပဲနေသည်ဟုထင်ကာ ဘာမျှမမေးပဲနေလိုက်၏။ ကျောင်းစိတ္တသည် ရေအိုးစင်တွင် ရေသောက်ပြီးထိုင်ရင်း နေရာ၌ပင် ပြန်ထိုင်၏။သူ့ခေါင်းတည့်တည့်မကျတကျတွင် လသာမီးအိမ်သည် ချိတ်ဆွဲလျက်သား လင်းနေ၏။ သူ့ရှေ့တည့်တည့် မကျတကျတွင် ရေအိုးစင်နှင့်ကပ်နေသော ပြတင်းပေါက်ရှိ၏။အပြင်လသာထဲမှ သစ်ပင်ဖျား၊ တိမ်ဖျား ကောင်းကင်ကွက်တို့သည် ပြတင်းဘောင်ထဲတွင် ထင်နေ၏။

သူသည် ကွမ်းအစ်ကို ဆွဲယူလျက် ပြတင်းပေါက်ဆီငေးရင်း ကွမ်းသီးတစ်ခြမ်းကို အစိပ်စိပ်မွှာသွားအောင် ညှပ်ပစ်ကာ ပါးစပ်ထဲသို့ ပစ်ထည့်၏။ ဝါး၏။ကွမ်းနှစ်ရွက်ကို ထပ်လျက်ယူပြီး အညှာဖြတ် ထိပ်ဖြတ် ဖြတ်၏။ ကွမ်းရွက်များကို အလျားလိုက် ခေါက်၏။ ထုံးသုတ်၏။ ကျန်သော ထုံးအစအနများကို နောက်ဘက်ရှိ သုတ်နေကျတိုင်တွင် လှမ်းသုတ်၏။ ရှားစေး ထည့်၏။ ဆေးရွက်အစ ထည့်၏။သည့်နောက်တွင် ကွမ်းရွက်ကို မယာတော့ပဲ အတန်ကြာငြိမ်ပြီးနေကာမှ ယာလက်စကွမ်းရွက်ကို ထွေးခံထဲ ပစ်ထည့်လိုက်၏။ ပါးစပ်ထဲမှ ဝါးလက်စကွမ်းသီးများကိုလည်း ပြတင်းပေါက်ဆီသို့ထကာ တထွီထွီနှင့် ထွေးပစ်လိုက်၏။မယ်နှစ်သည် သူ့ဖကိုကြည့်ရင်း အကဲခတ်နေ၏။ သူ့ဖကို တစ္ဆေများ ကပ်လာသလားဟု သူတွေးနေ၏။ကျောင်းစိတ္တကမူ သူ့သမီး အကဲခတ်နေသည်ကို မသိ။ ရေတစ်ခွက်ကို ခပ်ယူရင်း ပလုပ်ကျင်းလိုက်၏။“အယ်ရိုး . . . ”လှေခါး၀တွင်ရပ်လျက် အပြင်သို့ငေးနေသော အယ်ရိုးသည် သူ့အဖခေါ်သံကြောင့် လှည့်ကြည့်၏။““ငါ ငရက်ဆောက်မယ် . . . ””အယ်ရိုးသည် “အရက်သောက်မယ်” ဟု ပြောနေသောသူ့ဖခင် ပိုမူးသွားမည်လောဟု စိုးရိမ်နေသေးသည်။သို့သော် သူ့ဖကို သူဘယ်တော့မျှ ပြန်၍ တစ်စုံတရာပြောသည့်ဓလေ့ မရှိသည့်အတိုင်း ဘာမျှပြန်မပြောပဲ သိမ်းထားသော အရက်ပုလင်းကို ထုတ်၍ယူပေး၏။

လက်ဖက်ရည်အကြမ်းပန်းကန်ကို ယူလာ၏။ မြည်းရန် ပဲပုတ်ပြားကလေးသုံးလေးခုကို မီးဖုတ်၍ ယူလာ၏။ကျောင်းစိတ္တသည် စကားသိပ်မပြောပဲ အရက်ကို ငှဲ့ကာငှဲ့ကာ သုံးခွက်ခန့် မော့ချလိုက်၏။ ပြီးမှ ပဲပုတ်ပြားကလေးကို တစ်ပြားလုံး ပါးစပ်ထဲပစ်ထည့်ကာ ဇိမ်နှင့်ဝါးနေ၏။ယခုမှ သူ့စိတ်တို့သည် လေးလံရှုပ်ပွေရာမှ ပေါ့ပါးသက်သာလာ၏။ သူသည် ကျေနပ်နှစ်သက်စွာ ပြုံးလည်းပြုံးလာ၏။“အဆိမ်းဆေ၊ အခြောက်ဆိုးဝါး၊ နဲဟုတ်ဖူး လူရေး . . . ” ဟု တစ္ဆေ အင်မတန်ခြောက်လိုက်ကြောင်း သူ့သားဘက်သို့ လှမ်း၍ပြောလိုက်၏။ အယ်ရိုးသည် သူ့ဖကိုကြည့်၍ ရယ်နေ၏။

“တို့ဖက အားကြီးအကြောက်ဆိုးတော့ တိုးပိုခြောက်တယ် ထင်တာပေါ့ . . . ”အယ်ရိုးသည် ခုမှ သူ့ဖ စိတ်သက်သာရပုံကို မြင်၍ သဘောကျလာ၏။ မယ်နှစ်ကမူ တစ္ဆေ ခြောက်ပုံ အကြောင်း ပြောမည်ထင်ကာ အိပ်ရာသို့စောစော၀င်ပြီး ခေါင်းမြီးခြုံ၍ နေတော့၏။အယ်ရိုးသည် သူရွာထဲသို့ထွက်တော့မည်ကို သူ့ဖအားပြောကာ ထွက်ရန် ဟန်ပြင်နေ၏။ ကျောင်းစိတ္တကလည်း သူ့သားသည် သူ့ရည်းစားမယ်ဆစ်၏အိမ်သို့ ညတိုင်း သွားလေ့ရှိသည်ကို သိပြီးဖြစ်၍ ဘာမျှပြန်မပြောပဲ အရက်ကိုသာ ဆက်သောက်မြဲသောက်ကာ ကျန်ခဲ့၏။

တစ်ခွက်ပြီးတစ်ခွက်သောက်ရင်း တစ်ပုလင်းလုံး ကုန်သွားသောအခါ ကျောင်းစိတ္တသည် လူရော စိတ်ပါ မူးသွား၏။သူ့မျက်လုံးထဲတွင် သူသိပ်မမူးခင်က မြင်ခဲ့ကြားခဲ့သည်များကိုလည်း ပြန်၍ မြင်ကြား၏။ သို့သော် ရှက်ခြင်း၊ ရွံ့ခြင်း၊ မမြင်လိုခြင်းဟူ၍ မဖြစ်။တောလမ်းထဲတွင် ငွေလရောင်ကိုသာ ၀တ်ဆင်သော နန်းနွယ်ကိုတွေ့ရပုံ၊ နန်းနုအိမ်ခြံ၀၌လည်း တောလမ်းထဲကအတိုင်းပင် နန်းနွယ်ရပ်နေပုံတို့သည် ယခုတော့ မြင်ယောင်ချင်သရွေ့ မြင်ယောင်သော်ငြားလည်း သူ့စိတ်ကို ဘာမျှမထိခိုက်သလို ဖြစ်နေ၏။

သူ့နားထဲထွင် နန်းနု၏ခြံ၀တွင်ရပ်လျက် ငွေလရောင်ကိုသာ ၀တ်ဆင်ထားသော နန်းနွယ်က သူ့ကို . . .“မောင်တော်ဘုရားရေ . . . မောင်တော်ဘုရားရေ . . . ” ဟူ၍ပင် ခေါ်နေသည်ကို ကြားနေသယောင် ရှိ၏။ယခုတော့ ကြားရကောင်းလားဟူ၍လည်း စိတ်မတို။ မြင်ရကောင်းလားဟူ၍လည်း စိတ်မပျက်ပဲရှိနေ၏။ ပြုံးများပင် သူ ပြုံးလိုက်သေး၏။

ပြုံးရင်းပြုံးရင်းပင် သူ အိပ်ပျော်သွားတော့၏။

ဆက်ရန်

Likes:
0 0
Views:
368
Article Tags:

Leave a Reply

Your email address will not be published. Required fields are marked *