ဒူးနေရာဒူး တော်နေရာတော် စကားပုံ

မြန်မာစကားပုံတွင် ….. ဒူးနေရာဒူး တော်နေရာတော် ….. ဟူသော စကားပုံ တစ်ခု ရှိသည်။ ကိုယ့်အဆင့်ကိုယ်သိ ကိုယ့်နေရာကိုယ်နေ ဟူသော သဘောဆောင်သည်။ ထိုစကားပုံသည် နန်းတွင်း ရာထူးအဆင့်အတန်း နေရာချထားမှု အခင်းအကျင်းမှ ဆင်းသက်လာခြင်းဖြစ်သည်။

မြန်မာ့ နန်းတွင်းအရာရှိကြီးများ၏ ရာထူးအဆင့်အား – တော် – ဒူး – စနည်း – အတွင်းဘဝေါ – အပြင်ဘဝေါ ဟူ၍ ငါးဆင့်ခွဲခြားထားသည်။ သီဟာသန ပလ္လင်ထားရာ မြေနန်းဆောင်တွင် နေ့စဉ် ညီလာခံပြုလုပ်ရာတွင် မြေနန်းဆောင်၏ ပုံစံနှင့်အညီ ဖွဲ့စည်းထားသည်။ တိုင်လုံးနှစ်လုံးကြား တစ်ကန့်စီအား ထိုသို့နေရာသတ်မှတ်ထားခြင်းဖြစ်သည်။

နေရာတစ်ခုတွင် ၁၆ ယောက် (၈ယောက်နှစ်တန်း) ထိုင်နိုင်ပြီး တော်နေရာမှသည် အပြင်ဘဝေါနေရာအထိ လက်ဝဲအမတ် ၈၀ လက်ယာအမတ် ၈၀ စုစုပေါင်း နန်းတွင်းအရာရှိကြီး ၁၆၀ အတွက် နေရာချထားသည်။ ထိုင်ရာတွင် ဖျာချောတစ်ထပ် ကော်ဇောတစ်ထပ်ခင်းကာ ထိုင်ရခြင်းဖြစ်သည်။ ထိုသို့ထိုင်ရာတွင် ဖျာများမလန်စေရန် ထောင့်လေးဖက်အား လှပစွာထွင်းထုထားသော ကျောက်တုံးများဖြင့်ဖိထားကြသည်။ ထိုကျောက်များကို လန်ဖိကျောက်ဟုခေါ်သည်။ နေရာတစ်ခုစီတိုင်းတွင် ဦးဟူသော နေရာလည်းရှိသည်။ လက်ဝဲတော်ဦး၊ လက်ယာတော်ဦီး နေရာသည်ကား မင်းလမ်းနှင့်ကပ်လျက် ဘုရင်နှင့်အနီးဆုံးအစွန်နေရာ ဖြစ်သည်။

လက်ဝဲအမတ်များ၌ လက်ယာအစွန်ထောင့် လက်ယာအမတ်များအတွက် လက်ဝဲအစွန်ထောင့် နေရာဖြစ်သည်။ဦးနေရာတွင် ထိုင်ရသော အမတ်သည် ထိုနေရာတွင် ရာထူးအမြင့်ဆုံး ဘုရင်နှင့်ပိုရင်းနှီးသော အရာရှိကြီး ဟု သတ်မှတ်ထားသည်။ နံနက်ညီလာခံ ညညီလာခံတက်ရာတွင် အရာရှိကြီးများသည် ဘုရင်ချီးမြင့်သော ကွမ်းကလပ် ရေတကောင်း မှီအုံး ယပ် ဖလား အစရှိသော မင်းပေးအဆောင်အယောင်များအပြင် ချီးမြင့်သော လက်ဝတ်ရတနာများပါဝတ်ဆင်၍ ညီလာခံတက်ရသည်။

အရာရှိကြီးများ ရုံးတက်သောအခါ ၄င်းတို့၏ဘေးတွင် အပါးတော်မြဲ တစ်ဦးမှလေးဦးအထိ ပါဝင်ပြီး အဆောင်ကိုင် လုလင်ဟုခေါ်သည့် ပစ္စည်းသယ်သော မင်းလုလင်များ အစုံအလင်ပါသည်။ နန်းတော်တွင်း ရာထူး အနိမ့်အမြင့် သတ်မှတ်မှုသည် ဘုရင့်နှင့် အနီးအဝေးပေါ် မူတည်သည်။ ဘုရင့်နှင့်နီးသော ရှေ့တန်းသည် မင်းလမ်းမှသည် တစ်ဖက်စွန်းအထိ ရာထူးအမြင့်မှ အနိမ့်စီထားခြင်းဖြစ်သည်။ ဦးနေရာ၏ဘေးမှ စ ကာ စီထားခြင်းဖြစ်သည်။

တော်နေရာ၏ ရာထူးအနိမ့်ဆုံးအမတ်သည် ဒူးနေရာဦးတွင်ရှိသော အမတ်ထက်ရာထူးမြင့်သည်။ ထိုနေရာတွင် သူ့ဟာသူ ဦးမကလို့ အွတ်ဖြစ်နေပါစေ တော်အမတ်သည် တော်ဖြစ်ပြီး ဒူးအမတ်သည် ဒူးသာဖြစ်သဖြင့် “ဒူးနေရာဒူး တော်နေရာတော်” ဟူသော စကားပုံ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ အထက်ပါနေရာချထားခြင်းသည် နန်းတွင်းအရာရှိကြီးများအတွက် ဖြစ်သည်။ နန်းတွင်းအရာရှိများထက် ပိုမြင့်သော ဘုရင်ခံများသည်ကား မင်းလမ်းဘေးတစ်လျှောက် သလွန်ငယ်များဖြင့် ထိုင်ခွင့်ရှိသည်။

ဘုရင်နှင့်အရင်းနှီးဆုံး ဘုရင်ခံသည် သွေးရင်းဖြစ်ကာ အဝေးဆုံးဘုရင်ခံသည်ကား လက်အောက်ခံ ဘုရင်ခံဖြစ်သည်။ မြေနန်းညီလာခံတွင် သလွန်ဖြင့်ထိုင်ခွင့်ရသူများမှာ အိမ်ရှေ့စံမဟာဥပရာဇာနှင့်ဘုရင်ခံများဖြစ်သည်။ စော်ဘွား နယ်စား မြို့စားတို့သည်ကား အပြင်ဘဝေါ၏နောက်တွင်ထိုင်ရသည်။ မြန်မာ့နန်းတွင်း ရာထူးအဆင့်အား စလွယ်ကြိုးအရေအတွက်ဖြင့် ခွဲခြားထားသည်။ ရွှေဖြင့်ပြုလုပ်ထားသော စလွယ်ကြိုးတစ်ချောင်းအား တစ်သွယ်ဟုခေါ်သည်။

ဘုရင်၂၄သွယ်။အိမ်ရှေ့စံ ၁၈ သွယ်။မင်းသားကြီး(လွှတ်တော်တက်မင်းသားကြီး ၄ပါး) ၁၆သွယ်။ဘုရင်ခံများ ၁၄ သွယ်။တော်နေရာအမတ်ကြီးများ(ဝန်ကြီးများ) ၉သွယ်။ဒူးနေရာအမတ်ကြီးများ(အတွင်းဝန်များ) ၇သွယ်။စနည်းးအမတ်ကြီးများ(ဝန်ထောက်များ) ၅သွယ်။အတွင်း/အပြင်ဘဝေါ အမတ်များ ၃သွယ် ဖြစ်သည်။ ကျန်သော စော်ဘွား နယ်စားတို့ကားစလွယ်မရှိပေ။ လက်ဝဲတော်အမတ်များ၏ ဝတ်စုံသည် ကတ္တီပါအနီ ရွှေချည်ထိုးအပေါ်ဝတ် ဝတ်လုံတော်နှင့် ပတ္တမြားစီ ဗောင်းဖြစ်သည်။

လက်ယာတော်အမတ်များ၏ ဝတ်စုံသည် ကတ္တီပါစိမ်း ရွှေချည်ထိုး အပေါ်ဝတ်ဝတ်လုံတော်နှင့် ပုလဲစီဗောင်းဖြစ်သည်။ ဒူးနေရာအမတ်တို့၏ လက်ဝဲလက်ယာသည် အရှေ့ရှိ တော်အမတ် များ၏ဝတ်စုံအတိုင်းဖြစ်ကာ ဗောင်းသည်သာ ရွှေပိန်းချအကွပ်ပါသည်။စနည်းနေရာမှသည် အပြင်ဘဝေါနေရာအထိဝတ်စုံသည် ပိတ်ဖြူ သိုရင်းရှည်နှင့် တောင်ရှည်တို့ဖြစ်သည်။ ဗောင်းအစား ဖော့လုံးဖြူ (အနောက်တွင် အစနှစ်ခုထောင်နေသော ခေါင်းစွပ်တစ်မျိုး) ပေါင်းကြသည်။

ဖော့လုံးဖြူ တွင်မှ စနည်းသည် ရွှေဇဝါရေးဖော့လုံးဖြူ အတွင်းဘဝေါသည် ရွှေချည်ထိုး ဖော့လုံးဖြူ အပြင်ဘဝေါသည် ရိုးရိုးဖော့လုံးဖြူ ဖြစ်သည်။ ဘုရင် ပြီးလျှင် မဟာဥပရာဇာ အနောက်ရပ အိမ်ရှေ့မင်း သည် ဒုတိယ ဘုရင်နှင့်ညီသည့် ရာထူး ဖြစ်သည်။ မင်းညီမင်းသားများထဲတွင် အမြင့်ဆုံး အဆင့်ရှိသော မင်းသားကို ခန့်လေ့ရှိသည်။ သို့သော် ဥပရာဇာ အိမ်ရှေ့မင်းသည် ဖိဖုရားခေါင်ကြီး၏ အကြီးဆုံးသားကို ဆိုလိုခြင်း မဟုတ်ပေ။

ဥပရာဇာ အိမ်ရှေ့မင်းသားသည် နောင်တွင် ဘုရင်ဖြစ်လာမည့်သူဟုလည်း မဆိုလိုနိုင်ပေ။ကုန်းဘောင်ခေတ်တွင် အိမ်ရှေ့ဥပရာဇာအဖြစ် ခန့်အပ်ခြင်းခံရသူများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

၁)အလောင်းမင်းတရား (၁၇၅၂-၁၇၆ဝ) – ဥပရာဇာ – သားတော် ဒီပဲယင်းမင်းသား မောင်လှောက် (၁၇၅၄-၁၇၆ဝ)

၂)ဒီပဲယင်းမင်း (၁၇၆ဝ-၁၇၆၃) – ဥပရာဇာ – ညီတော် မြေဒူးမင်းသား မောင်ရှ (၁၇၆၃)

၃)မြေဒူးမင်း (၁၇၆၃-၁၇⁠၇၆) – ဥပရာဇာ – သားတော် စဉ့်ကူးမင်းသား မောင်ရဲလှ (၁၇⁠၇၄-၁၇⁠၇၆)

၄)စဉ့်ကူးမင်း (၁၇⁠၇၆-၁၇၈၂) – ဥပရာဇာ – မရှိ

၅)ဖောင်းကားစားမောင်မောင် (၁၇၈၂) – ဥပရာဇာ – မရှိ

၆)ဗဒုံမင်း (၁၇၈၂-၁၈၁၉) – ဥပရာဇာ – (၁)သားတော် ရွှေတောင်မင်းသား မောင်ပေါ် (၁၇၈၃-၁၈ဝ၉)၊ (၂) မြေးတော် စစ်ကိုင်းမင်းသား မောင်ဇင်(၁၈ဝ၉-၁၈၁၉)

၇)စစ်ကိုင်းမင်း (၁၈၁၉-၁၈၃၇) – ဥပရာဇာ – စကြာမင်းသား၈)သာယာဝတီမင်း (၁၈၃၇-၁၈၄၆) – ဥပရာဇာ – ပုဂံမင်းသား မောင်လူကလေး (၁၈၄၅-၁၈၄၆)

၉)ပုဂံမင်း (၁၈၄၆-၁၈၅၂) – ဥပရာဇာ – လှိုင်မင်းသား (၁၈၅၂)

၁၀)မင်းတုန်းမင်း (၁၈၅၃-၁၈၇၈) – ဥပရာဇာ – ညီတော် ကနောင်မင်းသား မောင်ကောက်(၁၈၅၃-၁၈⁠ )

၁၁)သီပေါမင်း – ဥပရာဇာ – မရှိ

ကိုးကား ဟံသာဝတီ မော်ကွန်းတင် စာတမ်းများ၊ရွှေဘုံနိဒါန်း ရွှေနန်းတော်သုံး ဝေါဟာရအဘိဓာန်၊မှန်နန်းရာဇဝင်တော်ကြီး၊

#CRDAungNgweLatt#နော်ဂဲလယ်ထူး (စာပေပရဟိတ)

Likes:
0 0
Views:
973

Leave a Reply

Your email address will not be published. Required fields are marked *