အကြွေး သုမောင် အပိုင်း [၁]

တစ်ရွာလုံးမှာ နွားကျောင်းပြိုင်ကြကြေးဆိုလျှင် အောင်ဗလသည် နံပါတ်တစ် ဖြစ်၏။

“ဟား.. ဟား. . ဒါတောင်မှ သူကြီးသမီး လွင်စန်းယဉ်က သူ့ လောက် တန်းကျောင်း စာမတတ်ပါဘူးလေး ဘာလေးနဲ့ ငါ့ကို နှိမ်သေးသကွာ၊ ဒါပေါ့လေ သူတို့က တတ်နိုင်တဲ့လူတွေဆိုတော့ ဟိုဘက်ရွာက မူလတန်းကျောင်းမှာ လေးတန်းအောင်တော့ ဒိစတြိတ်ရွာကြီးမှာ အလယ်တန်းဆက်သင်နေတာကိုး၊ ဒါပေမယ့်ကွာ ပညာတတ်ရုံနဲ့ ထမင်းမစားရပါဘူး၊ နွားကျောင်းတတ်မှ ထမင်းစားရတာပါကွ၊ ဟား.. ဟား.. ဟား”

အောင်ဗလသည် မိမိ၏ဂုဏ်ရည်ကို ဤသို့လျှင် ဖော်ကျူးတတ်လေသည်။

သူ၏ ဒုတိယဂုဏ်ပုဒ်သည်ကား ချိုးငှက်ကို ကျော့ကွင်းထောင်ခြင်း ဖြစ်ပါသည်။

လယ်ကြွက်ဖမ်းသော အတတ်တွင်ကား ဘမံ-ဘဇံ အမြွှာညီအစ်ကို ကို အောင်ဗလ မမီပါချေ။ ဒါကတော့ သူတို့သည် မွေးကတည်းက လယ်ကြွက်ဖမ်းသောအလုပ်ကို လုပ်လာကြသူများ မဟုတ်လား။ သူတို့မိဘတွေကိုယ်တိုင်က သည်လိုပဲ လယ်ကြွက်များ၊ ဖားများ၊ ဖမ်းပြီး မြို့ဈေး တက်ရောင်းသည့် သားစိမ်းငါးစိမ်းသည်များ မဟုတ်လား။

မည်သို့ပင်ရှိစေ၊ ချိုးငှက်ထောင်သော အောင်ဗလနှင့် လယ်ကြွက် ဖမ်းသော ဘမံ-ဘဇံညီအစ်ကိုတို့ သည် သူတော်ချင်းချင်း သတင်းလွေ့လွေ့ ဆိုသလို ပေါင်းဖက် မွေ့လျော်နေကြလေသည်။

သူတို့သည် သည်ရွာမှာတော့ ဘဝတူများပင် ဖြစ်ကြ၏။ အောင် ဗလတွင် ဖခင်မရှိသလို ဘမံ-ဘဇံတို့တွင်လည်း မိခင်မရှိချေ။ ဘမံတို့ မိခင်မှာ ကလေးများငယ်စဉ်ကပင် ဆုံးပါးသွားရှာခဲ့လေသည်။ အောင်ဗလ၏ဖခင်မှာမူ ယခုတိုင် ဘယ်နေရာ ဘယ်ဒေသသို့ ရောက်နေမှန်း မသိရချေ။ သူပုန်ဆိုလား၊ တော်လှန်ရေးပြောက်ကျားဆိုလား၊ လုပ်နေသည် ဟူ၍လောက်သာ အောင်ဗလ သိထားသည်။

ဖခင်ကို သူကောင်းစွာ မှတ်မိပါသည်။ သို့သော် လေးငါးနှစ်မျှ ကြာပြီ ဖြစ်သောအခါကျတော့လည်း မေ့ထားလိုရသလိုလို ရှိနေသည်။ သို့ရာတွင် အောင်ဗလ နားလည်ထားတာတစ်ခုတော့ ရှိသည်။ အဖေသည် အကျိုးမရှိသောအလုပ်ကို ဘယ်တော့မှ မလုပ်ခဲ့ဖူးခြင်း ဖြစ်သည်။

သူ သိမီလိုက်သော ကာလများအတွင်း အဖေ့ကို အလဟဿ နေသည်ဟူ၍ တစ်ကြိမ်တစ်ခါမျှမတွေ့ဖူးချေ။ အဖေသည် အမြော်အမြင် ကြီးမားသူဟူ၍ အောင်ဗလ ယုံကြည်ထားလေသည်။

အခြားမကြည့်ပါနှင့် အမေသည် အောင်ဗလကို ငယ်စဉ်ကတည်းက အတန်းကျောင်းမှာ မထားဘဲ နွားကျောင်း၊ ကျွဲကျောင်းအလုပ်ဖြင့် အသက်မွေးစေချင်သည်။ မိရိုးဖလာအလုပ်ကိုင် စားသောက်စေချင်သည်။ အဖေကတော့မူ သူရသည့် ဝင်ငွေကလေးဖြင့် အောင်ဗလကို အတန်းကျောင်းမှာ မဖြစ်မနေ ပညာသင်စေသည်။ သို့ရာတွင် ပညာရေး၌ ဖျင်းခဲ့သော အောင်ဗလသည် ကြီးကောင်ကြီးဝင်ခါမှ သူငယ်တန်းမှစ၍ ပညာသင်ရသည်။

မူလတန်း မကုန်ခင်မှာပင် သူ့ အဖေ အိမ်မှ ပျောက်ခြင်းမလှ ပျောက်သွားသောကြောင့် အမေ၏အစီအမံဖြင့် မူလတန်းကျောင်းသား ဘဝနှင့်ပင် အောင်ဗလတစ်ယောက် အလုပ်အကိုင်ကို အလွယ်တကူ ရခဲ့လေသည်။ နွားကျောင်းသား။

အဖေပျောက်ဆုံးသွားခဲ့သော နေ့မတိုင်ခင်ညက အဖေနှင့်အမေ တို့ပြောခဲ့ကြသော စကားများကို အောင်ဗလ ကြားယောင်နေပါသေး သည်။

“ဟုတ်ပါတယ်ကွာ၊ ငါလဲ ဘယ်သွားချင်ပါ့မလဲ၊ ဒါပေသည့် လွမ်းရေးထက် ဝမ်းရေးခက်ဆိုတာလို တို့ မိသားစုအရေးထက် တိုင်းပြည်နဲ လူမျိုးအရေးက ပိုပြီးအရေးကြီးတယ်ကွ၊ ငါ တစ်ခုပဲ မှာထားခဲ့ချင်တယ်၊ မင်းတို့သားအမိအတွက် ငါတတ်အားသရွေ့ ထောက်ပံ့မယ်၊ တော်လှန်ရေးကြီးပြီးမှ လွတ်လပ်ရေးရမှ ငါ ပြန်ခဲ့မယ်၊ ဒီအတောအတွင်း ငါ့သားကို ပညာသင်ပေးပါ၊ တကယ်လို့ ငါပြန်မရောက်ခင် တော်လှန်ရေးမပြီးခင် ငါ့သားအရွယ်ရောက်လာရင် ငါ့သားကို တော်လှန်ရေးသမားကောင်းဖြစ်အောင် မင်းက တိုက်တွန်း သွန်သင်ညွှန်ကြားပါ၊ ဒါဟာ တို့ဗမာတွေရဲ့ အစဉ်အဆက်အမွေပဲ”

စသည်ဖြင့် အဖေသည် အောင်ဗလကို ခေါ်ပြီး မြန်မာရာဇဝင် သမိုင်းကို အကျဉ်းချုပ် ပြောပြပါသည်။ ရာဇဝင်သမိုင်းဆိုပေမယ့် ရှင်ဘုရင်တို့၏ အကြောင်းများမဟုတ်ဘဲ တရုတ်တရက်တို့ ကျူးကျော်ခြင်း၊ မွန်ဂိုတို့ ဝင်ရောက်လာခြင်း၊ အင်္ဂလိပ်နှင့် ပြင်သစ်တို့ နယ်မြေလုခြင်း၊ အင်္ဂလိပ်က နိုင်ငံကို ကလိမ်ဉာဏ်ဆင်၍ သိမ်းယူခြင်း၊ ဂျပန်တို့ လူလည် ကျခြင်းများနှင့် ဤသို့ ခေတ်အဆက်ဆက် ကျူးကျော်မှုများကို တွန်းလှန်ခဲ့ကြသော မြန်မာသူရဲကောင်း ပြည်သူပြည်သားများအကြောင်းပင် ဖြစ်လေသည်။

သားအဖနှစ်ယောက် အိမ်ရှေ့ရေကပြင်မှာ ထိုင်၍ စကားပြောနေ သည်မှာ ကြယ်နီကြီးပေါ်သည်အထိ ဖြစ်၏။

သို့ရာတွင် အောင်ဗလသည် အဖေနှင့် စကားပြောနေရသည့် အတွက် တစ်ချက်ကလေးမျှပင် မငိုက်မျဉ်းခဲ့ပါ။ သူ့မျက်လုံးတို့သည် ကြယ်တာယာများကဲ့သို့ပင် တောက်ပြောင်နေခဲ့ပါသည်။ သူ့ အသိဉာဏ်သည် တော်တော်ကြာ ပေါ်လာတော့မည့် နေအရုဏ်ကဲ့သို့ မပီဝိုးတဝါး မသိသလို သိသလို ပွင့်လင်းလာခဲ့သည်။ အဖေပြောသမျှကို လုံးဝဥဿုံ နားမလည်သော်လည်း ရိုးတိုးရိပ်တိပ်တော့ဖြင့် သိခဲ့ပါသည်။ အမျိုးသားရေးစိတ်ဓာတ် ဟူသော ဝေါဟာရကြီးလောက်ကို နားမလည်နိုင်သော်လည်း ယခုအခါ ဂျပန်များ မတရား ညှဉ်းပန်းနှိပ်စက်နေသည်ကိုလည်းကောင်း၊ မြန်မာပြည်ကို ဂျပန်များ ခြယ်လှယ်နေသည်ကိုလည်းကောင်း မခံချင်စိတ်တော့ဖြင့် အရင်ကထက်ပို၍ ရှိလာခဲ့သည်။

တစ်ဆက်တည်းမှာပင် ဂျပန်တော်လှန်ရေး ပြောက်ကျားတပ်ဆို သော အဖေတို့ပြောပြောနေသည့်အဖွဲ့ထဲသို့ အဖေတစ်ယောက် မကြာ မတင်မှာပင် ဝင်ရောက်တော့မည်ဟုလည်း ကြိုတင် တွက်ဆနေမိလေသည်။

အောင်ဗလ၏တွက်ဆချက် မှန်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ထိုနေ နံနက်ခင်း အဖေ လယ်တောဆင်းရန် သွားခဲ့သည်မှစ၍ အဖေ အိမ်ပြန်မလာတော့ပါချေ။ အဖေ ရွာမှထွက်သွားသောနေ့က ရွာတွင် လူနှစ်ယောက် ပျောက်ခြင်းမလှ ပျောက်သွားခဲ့ပါသည်။

တစ်ယောက်မှာ အဖေပင်ဖြစ်ပြီး နောက်တစ်ယောက်မှာ တစ်ရွာ တည်းနေ မြမေ၏အစ်ကိုကြီးပင် ဖြစ်ပါသည်။ မြမေ၏အစ်ကိုကြီး ကိုသာဒင်သည် ရွာတွင် လူပျိုခေါင်းသဖွယ်ဖြစ်ပြီး ရပ်ရေးရွာရေးတွင် အထူး အားကိုးရသော လူငယ်တစ်ယောက် ဖြစ်လေသည်။

အောင်ဗလတို့ ဘမံ-ဘဇံတို့ကိုဆိုလျှင် ကိုသာဒင်က အမြဲစေ သွန်သင် ဆုံးမတတ်၏။ တစ်ခါတရံမှသာ ရွာသို့ ရောက်ရှိလာသော သတင်းစာများကိုလည်း ဖတ်ပြရှင်းလင်းပြတတ်၏။ ကိုသာဒင်သည် နိုင်ငံရေးသတင်းများကို အထူးအလေးထားပြီး ဖတ်ပြ၊ ရှင်းလင်းပြတတ်လေ့ရှိသော်လည်း အောင်ဗလတို ချာတိတ်လေးများမှာကား ပြဇာတ် ကြော်ငြာများကိုသာ အလေးထားပြီး နားစွင့်နေတတ်ကြ၏။ တစ်ခါတရံ ကိုသာဒင်ကြီးက ပြဇာတ်ကြော်ငြာ ဖြတ်ပိုင်းများ ဝေငှပြီဆိုလျှင် သူတို့ တတွေ အလွန် ပျော်ရွှင်ကြရလေသည်။ ဤသို့ ပေါချာချာကလေးများ ဘဝနှင့် အောင်ဗလသည် ဘမံ-ဘဇံ ညီအစ်ကိုတို့ထက် အသိဉာဏ် ရင့်သန်လာခဲ့လေသည်။

အတွေးအခေါ် အယူအဆများလည်း ပြောင်းလာခဲ့လေသည်။ လူကြီးစိတ်ကလေး ဝင်လာခဲ့လေသည်။ လူကြီးစိတ်ဝင်လာပြီ ဆိုကတည်းက ဟိုလိုလို သည်လိုလိုစိတ်များလည်း ရောနှောပါလာတော့သည် မဟုတ်လား။

မြမေနှင့် စကားပြောရသော အခါမျိုးတွင် အရင်တုန်းကလို မလွတ်လပ်တော့ဘဲ ဖြစ်နေရတတ်၏။

ပါးစပ်ကို မလိုအပ်ဘဲ ထိန်းထိန်းနေတတ်၏။ မျက်စိကိုမူ မြမေ တူရူနှင့် လွှဲလွှဲထားနေတတ်၏။ လက်ချောင်းများကိုလည်း အငြိမ်မနေဘဲ ဟိုခေါက်သည်ခေါက် လုပ်နေတတ်၏။

သောင်စင်ရေမရ စကားများကိုလည်း ပေါက်တတ်ကရ ပြောပြော နေမိတတ်၏။ မြမေကလည်း ထိုသဘာဝများကို ဂရုထားမိဟန် တူ၏၊

“နင့်ကြည့်ရတာ ဂဏှာကိုမငြိမ်ဘူး၊ နင်ဘာဖြစ်နေတာလဲ”

ဤသို့လျှင် မကြာခဏ မေးတတ်၏။

သို့သော် အောင်ဗလကိုယ်တိုင်၌ကလည်း သူဘာဖြစ်နေမှန်း သူ့ ဘာသာသူပင် တကယ်မသိချေ။ တစ်မျိုးကြီးတော့ တစ်မျိုးကြီးပဲ ဟူ၍သာ ထင်နေတတ်၏။

ထိုအထဲတွင် အောင်ဗလအဖို့ အခံရအခက်ဆုံးအဖြစ်မှာ သူငယ်ချင်းတွေ စကားနိုင်လုကြ ပြောဆိုကြပြီဆိုလျှင် မြမေက သူ့ဘက်က မပါဘဲ ဆန့်ကျင်လိုက်လျှင် ဝမ်းနည်းသွားရခြင်းပင် ဖြစ်ပါသည်။

ပြီးတော့ကျတော့ကာ. . ညတိုင်း ရွာရိုးတလျှောက် လျှောက်တတ် သော စံနက်ကျော်၏ ပလွေသံကိုကြားရလျှင် အလိုလိုနေရင်း တံတွေးကို မျိုမျိုချနေတတ်သည်ကတော့ ဘာကြောင့်မို့လို့များပါနည်း။

မြမေကို ကြည့်ရသည်မှာလည်း တစ်မျိုး၊ တချို့နေရာတွေ အရင် ကထက် သေးသိမ်သွားပြီး တချို့နေရာတွေ အရင်ကထက် ဖွံ့ဖြိုးလာသလို ထင်ရသည်။ အောင်ဗလ လေးတန်းအောင်သောနှစ်၊ သူ့အသက် (၁၄) နှစ်အရွယ်တွင် ထူးခြားသော အဖြစ်အပျက်တစ်ခု ဖြစ်လေသည်။

ရွာဦးကျောင်း ဆရာတော်၏ကျောင်း ပရိဝုဏ်ထဲတွင် ရွာသူရွာသားများကောင်းမှု စေတီငယ်လေးတစ်ဆူ တည်ထားလေသည်။ ထိုစေတီငယ်လေး၏ ဘုရားပွဲကို ကဆုန်လပြည့်နေ့ ညောင်ရေသွန်းပွဲနှင့်အတူ ဆရာတော်က ကြီးမှူးပြီး ရွာသူရွာသားများ စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပလေ့ရှိသည်။ စေတီငယ်လေးမှာ ရွာနီးချုပ်စပ် ရွာကြီးရွာငယ်များမှ ထုံးဖွေးဖွေး ရွှေရေးရေး စေတီငယ်များထဲတွင် အရွယ်တော်အငယ်ဆုံးနှင့် အဆင်းရဲဆုံး စေတီကလေးဖြစ်သော်လည်း တန်ခိုးအရာ၌ ကြီးမြတ်လှသည်ဟု ရွာသားများက ယုံကြည်ကြလေသည်။ အဘယ်ကြောင့်ဆိုသော် စေတီ၏အနီးအပါးတစ်ဝိုက်တွင် ကြီးမားထည်ဝါသော ညောင်ပင် ကြီးများမှာ အရပ်အဆောင်ဆောင်ကဲ့သို့ ကွေ့ဝိုက်စီရီ ပေါက်ရောက်နေသောကြောင့် ဖြစ်ပေသည်။ ထိုထက် ထူးခြားသည်က စေတီလေး၏ ဗုဒ္ဓဟူးနံထောင့်တွင် ဗောဓိပင်လေးတစ်ပင် ပေါက်ရောက်နေသောကြောင့် ဖြစ်ပေသည်။

ဤအခြင်းအရာများကြောင့်ပင် စေတီကလေးသည် တန်ခိုးကြီးလှ သည်ဟု အနီးအပါးရွာကြီးရွာငယ်များမှ မှတ်ချက်ချကြလေသည်။ စေတီ ကလေးအတွက် လိုအပ်သော ပစ္စည်းဝတ္ထုများကိုလည်း ဆရာတော်ထံ လှူဒါန်းကြပါ၏။ သို့ရာတွင် ဆရာတော်က ဆီမီးနှင့် လုပ်အားဒါနကိုသာ လက်ခံပြီး ရွှေချခြင်း စသော အဖိုးတန် ဝတ္ထုများကို လက်မခံခဲ့ပေ။

“အေး. . မင်းတို်အနေနဲ့ ကိုယ့်ရပ်ကိုယ့်ရွာက ဘုရားကို အများသူငါ ဘုရားထက် ချမ်းသာကြွယ်ဝစေချင်တာကိုတော့ ဆရာတော် သဘောပေါက်ပါတယ်ကွယ်၊ သို့ပေမယ့် ခေတ်ကာလကြီးကိုလဲ မင်းတို့ အသိသားပဲ၊ ကုသိုလ်လုပ်ရာမရောက် ငရဲပေးရာရောက် ဆိုသလို ဖြစ်ကုန်မှာ စိုးလို့၊ ကြားလိုက်ကြတယ်မဟုတ်လား၊ ဓါးပြဂိုဏ်းကြီးတစ်ဂိုဏ်း ပိတောက်သာရွာက ဆယ်တောင်ပြည့်စေတီက ရွှေတွေ ခွာယူကြတာ၊ ပြီးတော့ ကသစ်ကုန်းရွာက မြစာရံစေတီ ဌာပနာတိုက်ကို ဂျပန်ကင်းတပ် တစ်တပ်က ဖောက်သွားတာ၊ ဒီလိုအဖြစ်မျိုး တို့ရွာမှာ အဖြစ်မခံနိုင်ဘူးကွယ့်၊ တို့ဘုရား ထုံးကလေးမှန်မှန်သုတ်၊ ထီးတော်ကလေး မှန်မှန်ပြုပြင်၊ ဘုရားပတ်ဝန်းကျင် သန့်ရှင်းရေး မှန်မှန်လုပ်ကြရင်လဲ ကုသိုလ်ရတာ ပါပဲကွယ်”

ဤသို့ ဆရာတော်က မိန့်ကြားထားလေသည်။ မည်သို့ပင် ရှိစေ ညောင်ရေသွန်းပွဲနှင့် ဘုရားပွဲတော် တစ်ပြိုင်နက် ကျင်းပသော ကဆုန် လပြည့်နေမျိုးတွင်မူကား အနယ်နယ်အရပ်ရပ်မှ ရွာသူရွာသားများပါ လာရောက်တတ်ကြသဖြင့် စေတီတော်ကလေး ပတ်ဝန်းကျင်တွင် ကြက်ပျံ မကျ စည်ကားနေတတ်လေသည်။

ထိုနှစ်က ပွဲတော်သည်လည်း အထူးစည်ကား၏၊ အောင်ဗလ၊ ဘမံ-ဘဇံ ညီအစ်ကို မြမေ စသူတို့သည် ယခင်နှစ်များကလို ခုန်ပေါက် မြူးထူး ကစားပျော်ရွှင်နေကြခြင်း မရှိတော့ဘဲ လူပျိုပေါက် အပျိုပေါက် ကလေးများပီပီ ကိုယ့်အဖွဲ့နှင့်ကိုယ် ကျရာတာဝန်ယူ၍ ဝေယျာဝစ္စများကို ပြုလုပ်နေကြရသည်။

သူကြီးသမီး လွင်စန်းယဉ်ကမူ မြို့မှ သူ့ဖခင် လက်ဆောင်ရသော ဖဲကတ္တီပါထမီကြီး တကားကားဖြင့် ကော့လန်ကော့လန် ဟိုသွားဒီသွား လုပ်လျက် အသံတစာစာနှင့် လေကန်၍ သာနေသည်။

မကြာမကြာဆိုသလိုလည်း အောင်ဗလက ကွက်ကြည့်ကွက်ကြည့် လုပ်၏။ အလကားနေရင်းလည်း မျက်စောင်းတခဲခဲလုပ်၏။ အောင်ဗလ ကမူ ကိုယ့်အလုပ်နှင့်ကိုယ်မို့ သူ့ကို ဂရုမထားမိ၊ ကိုယ့်အလုပ်နှင့် ကိုယ်ဆိုရာ၌ မြမေအနီး တရစ်ဝဲဝဲလုပ်ချင်သည်လည်း ပါလေသည်။ မြမေကလည်း သူ့အနီးမှာ အောင်ဗလရှိနေသည်ကို နှစ်လိုဟန် တူပေသည်။ ထိုကာလမတိုင်ခင်ကပင်လည်း သူတို့၏ အခြေအနေမှာလည်း တိုးတက်လျက်ရှိပေသည်။ ရိုးတိုးရိပ်တိတ်မှသည် မိမိကိုယ်မိမိ တိုးတိုးတိတ်တိတ် နားလည် နေသောအဆင့်ဟု ဆိုကြပါစို့ ။

ဒီကြားထဲကပင်လျှင် ဘဇံတို့ကလည်းတမှောင့်၊ လူငယ်တို့ သဘာဝ ကျီစယ်ခြင်းခံရသောကြောင့် အောင်ဗလမှာ လက်သီးလက်မောင်းတန်း ရင်း ကြည်နူးစွာ ရှက်ကိုးရှက်ကန်း ဖြစ်ရသလို မြမေခမျာမှာလည်း ဘမံ ဘဇံတို့၏ ကျောကုန်းကို တဗုန်းဗုန်းထုရင်း ကြည်နူးကျေနပ်စွာ ငိုကြွေး ရပေါင်းလည်း မနည်းတော့ချေ။

သို့ရာတွင် သူတို့သည် အလွန်ချစ်ကြသော ငယ်သူငယ်ချင်းများ ဖြစ်ကြသည့်အလျောက် နောက်ပြောင်ကျီစယ်ကြသည်ကိုလည်း ခွင့်လွှတ် ကြ၏။ ထိုအတူ လွန်လွန်ကဲကဲ ကျီစယ်မိသောကြောင့် ကရုဏာဒေါသ ဖြစ်ရခြင်း၊ ရှက်ကြောက်ကြရခြင်းတို့ကိုလည်း နားလည်မိကြ၏။ ထို့ကြောင့်ပင်လျှင် အားလုံးသဘောတူ အောင်ဗလနှင့် မြမေကို နောင်အခါ မကျီစယ်ကြတော့ပေ။

မည်သို့ပင်ရှိစေ အားလုံးသော သူငယ်ချင်းတို့သည် လူငယ်တို့ သဘာဝ သူတို့လက်လှမ်းမီရာ စိတ်ကူးကလေးများဖြင့် အောင်ဗလနှင့် မြမေကို ကျိတ်ပြီး သဘောတူနေကြလေသည်။

တကယ်တော့မူ အချစ်ဆိုသောအရာကို သူတို့ မသိကြသေးပါ။ စောစောကပြောသလို လွင်စန်းယဉ်သည် အောင်ဗလရှိရာသို့ ကွက်ကြည့်ကွက်ကြည့် လုပ်နေရာမှ သူ့အနားတွင် မြမေမရှိခိုက် အောင် ဗလအနီးသို့ ချဉ်းကပ်လာ၏။

“ဟေ့ အောင်ဗလ၊ နင်ဒိစတြိတ်ကျောင်း အလယ်တန်း ဆက်တက်ဖို့ အခုထိ မစဉ်းစားသေးဘူးလား”

“ဒီလောက်လေးနဲ့ များဟယ်၊ တော်ကြာနေ ကြီးကောင်ကြီးမားနဲ့ ကျောင်းမှာ ဝိုင်းအရယ်ခံနေရဦးမယ်”

“ဘယ်တတ်နိုင်မလဲဟ၊ ဒါပေမယ့် ပညာသင်တာ ရှက်စရာ မရှိပါဘူး”

လွင်စန်းယဉ်သည် စူးရှသော မျက်လုံးများဖြင့် အောင်ဗလကို တစ်ချက်ကြည့်၏ပြီးတော့ ရဲတင်းစွာ စကားဆိုလေသည်။

“ဒီလိုလုပ်ပါလားငါ့အဖေကို ငါပြောပြမယ်၊ နင် ကျောင်းဆက်တက်ရအောင်လို့”

“ဖြစ်နိုင်မယ် မထင်ပါဘူးဟာ”

“ဘာဖြစ်လို့ မဖြစ်နိုင်ရမှာလဲဟ၊ နင်ကလဲ အဖေ့အလုပ်တွေမှာ ဝိုင်းကူပေါ့”

“ဘာလဲ ငါပညာသင်ဖို နင့်အိမ်မှာ ကျွန်ခံရမှာလား”

အောင်ဗလက ဒေါသတကြီး ပြောလိုက်သလို လွင်စန်းယဉ်ခမျာ ဝမ်းနည်းပက်လက် ဖြစ်သွားရှာ၏။

“ငါ့စေတနာကို မစော်ကားနဲ့ အောင်ဗလ၊ နင် အခု သူများနွားတွေ ကျောင်းပေးနေတာကကော ပိုက်ဆံရတာမဟုတ်ဘူးလား၊ ခု ငါပြော တာက နင် ပညာသင်ဖို့အတွက် အဖေ ကြည်ဖြူအောင်လို့ ပြောတာပါ”

“ပညာတတ်လို့ ဘာလုပ်မှာလဲဟာ၊ နွားကျောင်းတတ်မှ ထမင်းစားရတာ”

“ပညာတတ်တဲ့အခါ နွားမကျောင်းရဘဲ ထမင်းရတာပေါ့”

“ဟုတ်ပါ့မလား”

“ဟုတ်တာပေါ့ဟ၊ ပညာတတ်ရင် ကျောင်းဆရာလုပ်စားလို့ရတာပဲ၊ ပြီးတော့ မာစတာ ဂျပန်တွေဆီမှာလဲ အလုပ်လုပ်လို့ ရတာပေါ့”

“ဒီဂျပန်တွေနဲ့ မပတ်သက်ချင်ပါဘူး”

“အေးပါလေ၊ မပတ်သက်ချင်ရင်လဲ ရတာပဲ၊ ဒါပမယ့် ပညာတတ်ထားတော့ မမှားဘူးပေါ့၊ ကိုသာဒင်ကြီးကို ကြည့်ပါလား၊ ပညာတတ်ထားတော့ ဘယ်နေရာမဆို လူဝင်ဆံ့တယ် မဟုတ်လား”

အောင်ဗလသည် တွေဝေသွား၏။ လွင်စန်းယဉ်၏ စကားများကို လည်း မှန်ကန်သည်ဟု တွေးမိသွား၏။ ထို့ကြောင့် စဉ်းစဉ်းစားစားနှင့် ပြန်ပြောလေ၏။

“ငါ့အဖေ ငါ့အမေနဲ့ တိုင်ပင်ဦးမယ်လေ”

“အေး. . အေး ကောင်းတယ်၊ ငါလဲ အဖေ့ကို ပြောပြဦးမယ်”

ထိုအချိန်တွင် သူတို့နှင့်မလှမ်းမကမ်းသို့ မြမေ ရောက်လာသည်။

မြမေသည် အောင်ဗလနှင့် လွင်စန်းယဉ် စကားလက်ဆုံကျနေသည်ကို ရပ်လျက် ငေးမောကြည့်၏။ ဘာကြောင့်မှန်းတော့မသိ၊ ဝမ်းနည်း အားငယ်သလို မနာလိုစိတ်ကလေးလည်း ဖြစ်ပေါ်လာလေသည်။ ထို့ကြောင့်ပင် အောင်ဗလတို့ အနီးသို့ မလာသေးပဲ ခပ်လှမ်းလှမ်းတွင် ရပ်နေခြင်းပဲ ဖြစ်၏။

လွင်စန်းယဉ်သည် မြမေကို မြင်လိုက်သည်နှင့် မျက်နှာကလေး ပျက်သွားကာ..

“ကဲ. . ငါ သွားမယ်ဟိုမှာ မြမေလာနေပြီ”

“ဘာဆိုင်လို့လဲဟ”

အောင်ဗလသည် တကယ်ပဲ လွင်စန်းယဉ်၏ စကားကို နားမလည်
ပေ။ လွင်စန်းယဉ်က ပြုံးစစနှင့်လုပ်ပြီး ပြော၏။

“တော်ကြာ တစ်မျိုးထင်နေဦးမယ်ဟ”

“ဘာကိုလဲ”

“ဘာကိုလဲရမှာလဲ၊ နင်နဲ့ငါ့ကိုပေါ့”

“ဘာဆိုင်လို့ တစ်မျိုးထင်မှာလဲ”

“အောင်မာ၊ နင်နဲ့ မြမေအကြောင်း ငါမသိဘူးများ မှတ်လို”

အောင်ဗလသည် ပြုံးပြုံးဖြဲဖြဲနှင့် ရှက်ကိုးရှက်ကန်း ဖြစ်သွား၏။

“ငါတို့ ဘာမှမဖြစ်ပါဘူး”

လွင်စန်းယဉ်က ခိုးခိုးခစ်ခစ် ရယ်လိုက်သည်။

“ဟော. . ဟော စကားထဲက ဇာတိပြပြီ၊ ဘယ်သူက ဘာပြောနေလို့ နင်က ဘာမှမဖြစ်ပါဘူးလို့ ပြောရတာလဲ”

အောင်ဗလသည် သွားကြီးဖြဲလျက် မရယ်မိအောင် သတိထားပြီး ရှက်ပြုံးပြုံးလိုက်၏။ ထိုအချိန်တွင် လွင်စန်းယဉ်သည် လှစ်ကနဲ ပြေးထွက် သွားလေ၏။ ဒီတော့မှ မြမေသည် အောင်ဗလအနီးသို့ ရောက်လာ၏။ မြမေက နှုတ်ခမ်းကလေး မပွင့်တပွင့်စူလျက် စကားဆိုလေသည်။

“ဟိုကောင်မ ဘာတွေလာပြောနေတာလဲ”

အစတွင် ရှက်နေသောအရှိန်ကြောင့် အောင်ဗလ ဘာပြောရမှန်း မသိသော်လည်း မပြောဘဲနေလျှင် မြမေပို၍ အထင်လွဲမည် စိုးသော ကြောင့် လွင်စန်းယဉ် ပြောသွားသော စကားများကို ပြန်ပြောပြလေသည်။ မြမေကမူ…

“သူပြောတဲ့အတိုင်း ဖြစ်လာရင်တော့ နင့်အတွက် ကောင်းတာပေါ့၊ ဒါပေမယ့် နင်လဲ သိတဲ့အတိုင်း သူ့အဖေ သူကြီးက ကပ်စေးနှဲ ကော်တရာကြီး မဟုတ်လား၊ နောက်ပြီး သူကြီးနဲ့ နင့်အဖေဆိုတာကလဲ တည့်ကြတာမှ မဟုတ်တာ၊ ဒီလူကြီးက လူတစ်ယောက် ကျောင်းထားပေးဖို့ နေနေသာသာ သူ့အိမ်က စာရင်းငှားတွေကိုတောင် ငတ်တလှည့် ပြတ်တလှည့်နဲ့ ကျွေးထားတာ မဟုတ်လား”

“အေးလေ၊ ကံတရားပေါ့ဟာ”

“ဒါနဲ ငါလာမှ သူက ဘာလို့ ထထွက်သွားရတာလဲ”

အောင်ဗလသည် မျက်လွှာကြီးကို ချလျက် အာလုပ်သံကြီးဖြင့် တစ်လုံးချင်း ဖြေလေသည်။

“သူနဲ့ ငါ့ကို နင်က တစ်မျိုးထင်မှာစိုးလို့တဲ့ဟာ”

“အောင်မာ. . စပ်စပ်စုစု သူနဲ့ဘာဆိုင်လို့လဲ”

မြမေသည် သူ့စကားမှားသွားသည်ကို သူ့ဘာသာသူသိသဖြင့် ရှက်သွေးကလေးဖြာကာ ပါးကို ကလေး နီသွားလေ၏။ သူနဲ့ ဘာဆိုင်လို့လဲဟူသော စကားအဓိပ္ပါယ်မှာ ကိုယ့်အချင်းချင်းတော့ သက်ဆိုင်နေသော သဘောကို ဆောင်သည် မဟုတ်လား၊ ထိုကြောင့် မျက်လွှာကလေးချလျက် အောင်ဗလကို မရဲတရဲ မေးလိုက် လေ၏။

“ငါက တစ်မျိုးထင်ရအောင် နင်နဲ့သူက ဘာဖြစ်နေလို့လဲ”

အောင်ဗလ မျက်ကနဲဆန်ပျာ ဖြစ်လျက် ဝရုန်းသုံးကား ဖြေလေသည်။

“ဘာ.. ဘာမှ မဖြစ်ပါဘူးဟ၊ သူကသာ ငါနဲ့ နင့်ကို ဟိုဒင်းဖြစ် နေကြပြီမဟုတ်လားလို့ မေးတာ”

“ဘာဟိုဒင်းလဲဟ”

“ဟိုဒင်းဟာ ငါနဲ့နင့်ကို ဘမံ-ဘဇံတို့ စသလိုမျိုးပေါ့”

မြမေသည် မျက်နှာကလေးလွှဲလျက်. .

“ဒီတော့ နင်က ဘာပြန်ပြောလိုက်သလဲ”

“ဘာမှမဖြစ်ပါဘူးလို့ ပြန်ပြောလိုက်တာပေါ့ဟ”

“အေး အေး အဲဒါပဲ ကောင်းတယ်”

“သူတို့ကလဲ ဒီလိုပဲ ခဏခဏ စကြတာပဲဟာ စိတ်ပျက်ပါတယ်”

“စိတ်ပျက်ရင် နွားမွှေးပေါ့”

“ငါတို့က ဆင်းရဲတော့ နွားမမွေးနိုင်ဘူး၊ နွားပဲ ကျောင်းရတယ်”

သူတို့သည် ပျော်ရွှင်စွာ ရယ်မောလိုက်ကြလေသည်။ ခဏကြာ လျှင် အလှူမဏ္ဍပ်ရှိရာမှ မြမေ၏ မိန်းမဖော် သူငယ်ချင်းများက လှမ်းခေါ်သောကြောင့် မြမေသည် အောင်ဗလအနီးမှ ထလိုက်လေသည်။ အောင်ဗလက

“နောက်တစ်ခါ သူတို့ ဒီလိုပဲ ခဏခဏပြောရင် ငါဘယ်လို ဖြေရ မလဲဟင်”

“အို. . နင်ဖြေချင်သလို ဖြေပေါ့ဟ”

“ငါ ဘယ်လိုဖြေချင်နေတယ်ဆိုတာလဲ ငါဘာသာ ငါ မသိဘူးဟ”

“ဒီလိုဆိုလဲ စောစောကလိုပဲ ဘာမှမဖြစ်ပါဘူးလို့ ဖြေလိုက်ပေါ့”

အောင်ဗလသည် သက်ပြင်းရှည်ကြီးကို ချလိုက်၏။ ပြီးတော့မှ လေးလေးကန်ကန်ကြီး ပြောချလိုက်၏။

“အေးပါဟာ… အဲဒီလို ဖြေတာပဲ ကောင်းပါတယ်”

မြမေသည် ပုပ်သိုးသွားသော အောင်ဗလ၏ မျက်နှာကို တစ်ချက် ကြည့်လိုက်ပြီး တစ်လှမ်းချင်း လှည့်ထွက်သွားလေသည်။ ထိုနေ့ တစ်နေ့လုံး သူတို့၏စိတ်များ လှုပ်ရှားနေကြ၏။ အောင်ဗလအဖို့မူ ထိုညတွင်ပင် သူ့ဖခင်သည် ဂျပန်တော်လှန်ရေး ပြောက်ကျားတပ်သို့ ဝင်တော့မည်ဖြစ်ကြောင်း ပြောနေသံကို ကြားလိုက်ရခြင်းဖြစ်၏။ နောက် စိတ်လှုပ်ရှားစရာတစ်ကြောင်းမှာ ဤသို့ သူ့အဖေ ပြုမူသည့်အတွက် အိမ်၏ စားရေးသောက်ရေးတာဝန် သူ့အပေါ် ပုံကျလာတော့မည်နှင့် ဂျပန်များနှင့် အလျဉ်းသင့်နေသော လွင်စန်းယဉ် ဖခင် သူကြီးသည် သူ့ကို ကျောင်းဆက်ထားပေးဖို့ နေနေသာသာ ရန်လို၍ပင် လာနိုင်တော့မည် ဖြစ်လေသည်။ အောင်ဗလ၏ဘဝသည် ထိုနေ့မှစ၍ပင် ပြောင်းလွဲရတော့မည် ပါတကား။

ဆက်ရန်

Credit : ရသလွင်ပြင် , သုမောင်

Likes:
0 0
Views:
201
Article Categories:
Booksသုမောင်

Leave a Reply

Your email address will not be published.