ကြည်အေး၊ ဥရောပရောက် မြနန္ဒာနဲ့ အမျိုးသမီးခံစားမှု

ဘိုဘိုစာရေးဆရာမကြီးကြည်အေးရဲ့ မောင်ကိုကိုနှင့်မြနန္ဒာ ဝတ္ထုကိုရုပ်ရှင်ရိုက်ကူးဖို့ပြင်ဆင်နေပါတယ်။ အနှစ် ၄ဝ ကျော်က ရေးခဲ့တဲ့ ဒီဝတ္ထုဟာ ယခုထိ မြန်မာစာပေလောကမှာ လွှမ်းမိုးနေဆဲပါ။ဒီဝတ္ထုကို အမျိုးသမီးတယောက်ရဲ့အလှ၊ ထက်မြက်မှုနဲ့အနုပညာ ဝါသနာထုံမှုကို ဖော်ကျူးတဲ့ လက်ရာအဖြစ် လူသိများသလို မျက်နှာများတဲ့ ခင်ပွန်းသည်ရဲ့ ဖောက်ပြန်မှုတွေကို ခါးစီးခံရသူ တယောက်အကြောင်း အဖြစ်လည်း အမျိုးသမီး ပရိသတ်က ဖတ်ရှုကြပါတယ်။

နောက် ဒီဝတ္ထုဟာ ဥရောပ နောက်ခံနဲ့ ရေးတာမို့ တံခါးပိတ်ထားတဲ့ ခေတ်က မြန်မာနိုင်ငံမှာ ရှားရှားပါးပါး နိုင်ငံခြား ဇာတ်အိမ်တည်တဲ့ ဝတ္ထုအဖြစ် သိကြပါတယ်။ပြည်ပနောက်ခံမှာ အနောက်တိုင်းဆန်ဆန် နေထိုင်ကြတဲ့မြနန္ဒာတို့ မိသားစုနဲ့ ခင်ပွန်းသည် ဒေါက်တာ သာဦးဂျော်တို့အကြောင်း ဝတ္ထုဟာ မြန်မာအများစု လက်လှမ်းမမီတဲ့ အထက်လွှာကဇာတ်လမ်းဖြစ်ပေမယ့် ရေးဖွဲ့မှု ကောင်းလို့ လူကြိုက်များခဲ့ပါတယ်။

နောက် ဒီဝတ္ထုဟာ အင်္ဂလိပ်စာ ပြင်သစ်စာတတ် အသိုင်းအဝိုင်းအကြောင်းဖြစ်တဲ့အတွက် လမ်းစဉ်ပါတီခေတ်မှာ နောက်ဆုတ်နေပြီဖြစ်တဲ့ အင်္ဂလိပ်စာပေ သင်ကြားရေးနဲ့ အဲဒီခေတ်ကို မမီလိုက်သူတွေအတွက် အားကျစရာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း နောက်ပိုင်းခေတ် လူငယ်တွေက ဒီဝတ္ထုကို စိတ်ဝင်စားကြတာပါ။ဒီဝတ္ထုမှာ ဖွဲ့နွဲထားတဲ့ ဥရောပ နောက်ခံတွေကလည်းခုထိရှိနေဆဲမို့ဒီဝတ္ထုကိုရုပ်ရှင်ရိုက်တဲ့အခါ နောက်ခံအလှတွေကို အသေးစိတ်ဖော်နိုင်ဖို့လိုပါတယ်။

မြနန္ဒာ ကလေးနဲ့ ခိုစာကျွေးတဲ့ ထရာဖဲလဂါရင်ပြင်

လန်ဒန်မြနန္ဒာဟာလန်ဒန်ကိုစာသင်လာတဲ့ခင်ပွန်းဆရာဝန်နဲ့ လိုက်လာခဲ့ပါတယ်။ ခင်ပွန်းက ဆေးရုံမှာ သူနာပြုဆရာမလေးတွေနဲ့ ဇာတ်ခင်းနေတာကို အစက မရိပ်မိပေမယ့် ကလေးမွေးပြီးနောက်ပိုင်းမှာတစချင်းသိလာခဲ့ပါတယ်။ကလေးမွေးချိန်မှာ ပဲရစ်မှာအပျော်သွားရှာနေတဲ့ ခင်ပွန်းကြောင့် အိမ်ထောင်ရေး စိတ်မချမ်းသာတဲ့ မြနန္ဒာဟာ သားကိုပဲအဖော်လုပ်ပြီး လန်ဒန်မှာနေခဲ့ရပါတယ်။

ဘယ်လိုပဲ ခေတ်မီတယ် ဆိုဆို၊ ပြည်ပမှာ ပညာတွေသင်တယ်ပြောပြော တလင်တမယားစနစ်ကို လက်တွေ့ မကျင့်သုံးနိုင်တဲ့ မြန်မာအထက်လွှာက လူတချို့ရဲ့ လောကဟာ ဒီဝတ္ထုမှာ ပေါ်လွင်ပါတယ်။တဘက်မှာလည်း မြနန္ဒာဟာ ခင်ပွန်းကို အရွဲ့တိုက်ပြီး အပျော်ရှာတာတွေ မလုပ်ပါဘူး။ ကလေးရယ်၊ စာပေ အနုပညာရယ်ကိုပဲအဖော်ပြုနေခဲ့ပါတယ်။

ကလေးကို လက်တွဲပြီး နွေရာသီ လန်ဒန်မြို့လယ်ကပန်းခြံတွေမှာ သွားထိုင်တာ၊ ရေပန်းနဲ့ မီးရောင်တွေ ကြည့်တာ၊ ခိုတွေကို ကြည့်တာတွေ လုပ်ပါတယ်။ဒီလို ကလေးနဲ့ ခြေဦးတည့်ရာ လျှောက်နေတာကိုခင်ပွန်းက ကလေးအအေးမိမှာ စိုးတယ်လို့ ဆိုပါတယ်။နောက် လန်ဒန် မြို့လယ်က ပစ်ကယ်ဒီလီအဝိုင်းဘက်မှာ နီယွန်မီးချောင်းရောင်စုံတွေ အောက်မှာလည်းလမ်းလျှောက်တယ်ဆိုပါတယ်။

ကြည်အေးရေးတဲ့ ပစ်ကယ်ဒီလီအဝိုင်းက နီယွန်မီးများ

သားမျက်နှာ နီလိုက်စိမ်းလိုက် ရှိတာကို ကြည့်မဝရှိတယ်လို့လည်း ပြောပါတယ်။အိမ်ထောင်ရေး အဆင်မပြေတာကို မြန်မာပြည်မှာလို ဖွင့်ဟတိုင်ပင်စရာ မရှိလို့ စိတ်ကူးတည့်ရာ သွားတဲ့အဖြစ်ကို စာရေးဆရာမ ကြည်အေးက ရေးဖွဲ့ခဲ့တာပါ။ဒီဇာတ်လမ်းဟာ ကြည်အေးရဲ့ ဘီဘီစီမှာ လုပ်ခဲ့တဲ့ အတွေ့အကြုံကို အခြေခံ ရေးတာ ဖြစ်ပါတယ်။စာရေးဆရာမ ကြည်အေး ကိုယ်တိုင်လည်း ခင်ပွန်းနဲ့ စိတ်ဆိုးရင် ကလေး ခြောက်ယောက်စလုံးကို ရထားခေါင်းတွဲလို ဆွဲပြီး အိမ်ပေါ်က ဆင်းသွားတတ်တယ်လို့ စာရေးဆရာမ ခင်ဆွေဦးက အမှတ်တရ ရေးခဲ့ဖူးပါတယ်။

ကြည်အေး ဘီဘီစီမှာ ကြာကြာမနေဘဲ မြန်မာပြည်ကို ကိုယ်ရေးကိုယ်တာကြောင့် ခြောက်လနဲ့ ပြန်သွားတယ်လို့ ဘီဘီစီ ဦးနေဝင်းရဲ့ ဘဝ မှတ်တမ်းမှာ ရေးသားခဲ့ပါတယ်။မပြန်ခင်မှာ စာရေးဆရာမ ဗာဂျင်းနီးယားဝုလ်ဖ် ရေထဲဆင်းသေသွားတဲ့ နေရာကို သူသွားကြည့်ပါတယ်။ အဲဒီအကြောင်း ရေးတဲ့ ဝတ္ထုမှာတော့ ဝုလ်ဖ် မြစ်ထဲဆင်း သေသွားတာဟာ သူ့မှာ သားသမီး ရှိခဲ့ရင် လုပ်ပါ့မလား လို့ ကြည်အေးက ရေးခဲ့ပါတယ်။မြနန္ဒာဟာလည်း ဝတ္ထုထဲမှာ ဖောက်ပြန်တဲ့ ခင်ပွန်းကြောင့် သူ့ကိုယ်သူ သတ်သေဖို့ စဉ်းစားခဲ့ပါတယ်။

ဆိုဟိုဘက်သွားပြီး ရုပ်ရှင်ကြည့်တာ၊ ဆွပ်ပြုတ် ဝယ်စားကြတာတွေလည်း မြနန္ဒာ ဝတ္ထုမှာ ပါပါတယ်။ ဆိုဟိုရပ်ကွက်ဟာ လန်ဒန်မှာ မီးနီရပ်ကွက်အဖြစ် ထင်ရှားပါတယ်။မြန်မာပြည်မှာတော့ အမျိုးသမီးတွေ အပြင်ထွက်ရင် တယောက်တည်းသွားလို့ မတင့်တယ်ဘူးဆိုတဲ့ အမြင် အဲဒီခေတ်က ရှိခဲ့ပေမယ့် ဝတ္ထုထဲမှာ ကြည်အေးက မြနန္ဒာကို ဆိုဟိုထဲ သွားခိုင်းခဲ့ပါတယ်။

မြနန္ဒာရောက်တဲ့ ဆိုဟိုရပ်ကွက်

ကြည်အေးဟာ အမျိုးသမီး စာရေးဆရာမဖြစ်လို့ အမျိုးသမီးကို ဇာတ်ရုပ်လုပ် ရေးရာမှာ အောင်မြင်ခဲ့ပါတယ်။မီ ဝတ္ထုထဲမှာ အမျိုးသားတွေကို ကစားတဲ့ အမျိုးသမီး၊ ကျွန်မပညာသည်မှာ အငြိမ့်မင်းသမီး၊ ကေဖွဲ့ဆိုသီမှာ တက္ကသိုလ်ကျောင်းသူ၊ မေတ္တာမီးအိမ်မှာ စိတ္တဇဝေဒနာရှင် မိန်းကလေး စတဲ့ ဇာတ်ရုပ်တွေဟာ ပီပြင်လှပြီး နွမ်းလှအိမ်ပြန် မှာတော့ အဖေနဲ့မတည့်တဲ့ သမီးသရုပ်ကို လက်ရာအမြောက်ဆုံး ရေးဖွဲ့ခဲ့ပါတယ်။

မြနန္ဒာကတော့ အမျိုးသမီးတယောက်ကို ချစ်မိတဲ့ အမျိုးသားနှစ်ယောက်နဲ့ အဲဒီအမျိုးသမီးက ချစ်ခဲ့တဲ့ အမျိုးသားနှစ်ယောက်အကြောင်းကို သူတို့ပြောစကားတွေကနေ သရုပ်ဖော်ခဲ့တာ ဖြစ်ပြီး အမျိုးသားတွေအပေါ် ချစ်ခင်မှု မုန်းတီးစိတ်နာမှု စတဲ့ ခံစားချက်တွေကိုလည်း အမျိုးသမီး ဇာတ်ကောင် နေရာကနေ ဖွင့်ပြခဲ့ပါတယ်။ပွေရှုပ်မှုကို အမျိုးသားတွေရဲ့ ဖြစ်စဉ်လို သဘောထားတတ်တဲ့ လူ့အသိုင်းအဝိုင်းကို မကျေနပ်စိတ်ကိုလည်း ဒီဝတ္ထုမှာ ဖော်ပြခဲ့ပါတယ်။

ဒီလို ရေးဖွဲ့တာတွေဟာ အဲဒီခေတ်က ခေတ်ပြိုင် စာရေးဆရာမတွေ ဖြစ်တဲ့ ဂျာနယ်ကျော် မမလေး၊ ခင်နှင်းယု စသူတွေရဲ့ ဝတ္ထုတွေမှာ ပါတတ်ပေမယ့် အိမ်ထောင်ရေးဆိုတဲ့ အနှောင်အဖွဲ့ကို ဆန့်ကျင်တဲ့ စကားတွေကိုတော့ မြနန္ဒာမှာ ရေးဖွဲ့ပြခဲ့ပါတယ်။လူတိုင်းဟာ တချိန်ချိန်မှာ အိမ်ထောင်ဘက်မဟုတ်သူကို တပ်မက်တဲ့စိတ်တွေ ရှိကြပြီး ထိန်းချုပ်သူနဲ့ မချုပ်တည်းသူ ကွာတယ်လို့ ဒီဝတ္ထုမှာ ကြည်အေးက မစ္စမာတင်ဆိုတဲ့ လက်မထပ်ဘဲနေတဲ့ အင်္ဂလိပ်အမျိုးသမီးက တဆင့် ရေးဖွဲ့ပြပါတယ်။

ဒီလို အမျိုးသမီးတွေကို ကြည်အေး လန်ဒန်မှာ တွေ့ခဲ့ပုံရပါတယ်။ နောက်”သိုးဆောင်းနွယ်ရပ်ခြားလန်ဒန်အခါတပါးမှာထူးခြားဆန်းကြယ်ပါဘိကံကြမ္မာ ဖန်လာငြိပြန်တော့ဘယ်သူ အထင်အမှတ် မရှိပါဘဲအတူယှဉ်ရပ်မိ ပန်းခြံအလည် နှင်းဆီနီဝါ တရာမွှေး”စတဲ့ ကြည်အေးရဲ့ လန်ဒန်အခါတပါး ကဗျာကလည်း ကွယ်ပျောက်နှမြောရတဲ့ တယောက်သောချစ်သူအကြောင်း ရေးပုံရပါတယ်။

တေးဂီတနားထောင်ရာ အဲလဘတ်ဟော

ကြည်အေးဟာ အနောက်တိုင်းစာပေနဲ့ အနုပညာကို ဝါသနာထုံသူဖြစ်လို့ သူ့ဝတ္ထုတွေမှာ အနောက်နိုင်ငံက ဂန္ထဝင်ဓာတ်ပြားတွေအကြောင်း၊ ရုပ်ရှင်တွေအကြောင်း ပါတတ်ပါတယ်။မြနန္ဒာမှာတော့ ဂီတကို အစားအသောက်လို သဘောထားတဲ့ အမျိုးသမီးတယောက်ကို ဖွဲ့ပြပါတယ်။လန်ဒန်မှာ စန္ဒရား တီးသင်ခဲ့တဲ့ ကြည်အေးဟာ သူ့ဝတ္ထုထဲက ဇာတ်ကောင်လိုပဲ အဲလဘတ်ဟောရုံကြီးမှာ သွားပြီး ဂီတနားထောင်ခဲ့ပါလိမ့်မယ်။အလယ်ကောင်မှာ ခုံမရှိဘဲ မတ်တတ်ရပ် နားထောင်တာ၊ ကော်ဇောပေါ် ထိုင်နားထောင်တာတွေလည်း ဝတ္ထုမှာ ပါပါတယ်။

ကြည်အေးလိုပဲ အနုပညာ ဝါသနာကြီးတဲ့ ခေတ်ဟောင်းအဆိုတော် ဘိလပ်ပြန်သန်းဟာ စစ်ပြီးစ လန်ဒန်မှာ ပထမဆုံး လာဖျော်ဖြေတဲ့ တယောကျော် ယေဟူဒီ မေနုဟင်ရဲ့ ပွဲကို နားထောင်ဖို့ အဲလဘတ်ဟောမှာ ညအိပ်စောင့်ပြီး လက်မှတ်ယူတယ်လို့ သူနဲ့အတူ ပွဲကြည့်ခဲ့တဲ့ ဘီစီအက်စ် ဦးဘညိမ်က ရေးသားခဲ့ပါတယ်။

”တီးမှုတ်ခြင်း ခဏနားသည့်ကြားမှာ ရုံ၏ အလယ် ရေပန်းကလေး၌ သက်တံရောင်များ မီးမောင်း ထိုးပေးသည်ကို သားကလေးနှင့်အတူ ပျော်ရွှင်စွာ ငေးကြည့်ရသေး၏။ ပြီးတော့ ဂီတကို နှစ်သက်၍သာ လာသူများကို ချစ်အားပိုကာ အလိုလို ဝမ်းသာနေတတ်၏။ …”(မောင်ကိုကိုနှင့် မြနန္ဒာ မှ)ပါရီပါရီမှာတော့ ပန်းချီနိဗ္ဗာန်မြို့ကြီးမို့ လုဗ်ပြတိုက်ကို သားနဲ့ မြနန္ဒာသွားပါတယ်။

ဂီတပွဲလာ ပရိတ်သတ်တွေထဲမှာ မြနန္ဒာပါခဲ့တယ်

ဒီပြတိုက်ကအပြန်မှာ ခင်ပွန်းကို ပြင်သစ်သူတယောက်နဲ့ တွေ့လိုက်ရလို့ ထိတ်လန့်ပြီး ထွက်ပြေးသွားတဲ့အကြောင်းနဲ့ ခင်ပွန်းကလည်း မြနန္ဒာ မမြင်အောင် ဖုံးကွယ်ရတဲ့အကြောင်း၊ အိမ်မပြန်ရဲတဲ့အကြောင်းတွေကို သရုပ်ပါပါ ရေးဖွဲ့ခဲ့ပါတယ်။ဖောက်ပြန်တဲ့ ခင်ပွန်းကို ထားခဲ့ပြီး လန်ဒန်မှာ နေခဲ့ဖို့၊ ကိုယ့်ခြေထောက်ပေါ်မှာ ကိုယ်ရပ်ပြီး ချွေတာနေကာ အလုပ်လုပ်စားဖို့ မြနန္ဒာ စိတ်ကူးခဲ့ပါတယ်။

အဲဒီအချိန်ကအထက်လွှာက မြန်မာအမျိုးသမီးတွေကြားမှာ ကိုယ်ပိုင်အလုပ်လုပ်သူဆိုတာရှားပါသေးတယ်။ အများစုကမင်းကတော် သူဌေးကတော်နဲ့ အိမ်ထောင်မပြုရင်လည်း သူဌေးမ အဖြစ် အငြိမ်းနေကြတဲ့ ခေတ်ဖြစ်ပါတယ်။ဒါကြောင့် ဖောက်ပြန်မှုဆိုတာတွေမှာအမျိုးသားတွေက ကျူးလွန်တာများပြီးဥပဒေအရလည်း အငယ်အနှောင်းတွေဘက်က ကာကွယ်တာကိုတွေ့ရပါတယ်။ဒီလောကဓံတွေကိုခေတ်မီတယ် ဆိုတဲ့ မြနန္ဒာလည်းပြည်ပမှာကြုံခဲ့ရပါတယ်။”ကိုကို့ကိုသတ်ပစ်ရရင်သိပ်ကောင်းမှာပဲ။

ပါရီသူတွေ ခုန်ချတတ်တဲ့ အက်ဖယ်မျှော်စင်

ဒါမှမဟုတ် ပါရီသူ တချို့ ထုံးကို လိုက်ပြီး အက်ဖယ်မျှော်စင်ပေါ်ကပဲ ခုန်ချရမည်လား။ လျှပ်စစ်ရထားလမ်းပေါ် ခုန်ချရမည်လား။ ထိုခဏ၌ တကိုယ်လုံး သွက်သွက်ခါအောင် ယိမ်းထိုး တုန်လှုပ်မိ၏…” (မောင်ကိုကိုနှင့် မြနန္ဒာ မှ)နောက်ဆုံးတော့ မြနန္ဒာဟာ ပါရီကို မုန်းသွားပြီး လုဗ်ပြတိုက်ကိုလည်း မသွားတော့ပါဘူး။ ‘အဲဒီလမ်းကို မလျှောက်ချင်လို့’ ဆိုပြီးလည်း ဖြေတတ်ပါတယ်။

စိန်းမြစ်ကမ်းက ချစ်ကြသူတွေ

ပါရီကို မိန်းမပေါ အချစ်ပေါတဲ့မြို့လို့လည်း ခေါ်ပါတယ် ။နန္ဒာကော ဆံပင်တွေ ဖြတ်ပစ်ပြီး ဂါဝန်တိုလေးနဲ့ စိန်းမြစ်ကမ်းမှာ လျှောက်ကြည့်ချင်တယ်လို့လည်း ခင်ပွန်းကို ပြောင်လှောင်ပါတယ်။ အဲဒီလိုနေရင် အချစ်တွေ ထပ်ရမလား၊ သူ့ခင်ပွန်းရဲ့ အချစ်ကို ရမှာလားလို့လည်း ခနဲ့ပါတယ်။သင်္ဂဇာ ဆရာတော် စကားပုံတွေထဲက ကိုယ့်မြင်းငှားစီးလို့ သူများလှေပြန်လှော်တဲ့သူ ပုံပြင်မျိုး ပြိုင်သူပဲ ရှုံးမယ့်အထာနဲ့ မမိုက်ချင်ပါနဲ့ နန္ဒာရယ်လို့ပဲ သူ့ရဲ့ ခင်ပွန်းက တုံ့ပြန်ခဲ့ပါတယ်။

ဂျာမနီမြူးနစ်မှာ စာသင်ရင်း မိသားစု လျှောက်လည်တဲ့အကြောင်းလည်း ကြည်အေးက ရေးပါတယ်။ ကျော်ကြားသော အောက်တိုဘာ မြူးနစ်ပွဲတော်မှာ ရောနှော ဝင်ရောက်ကာ စားသောက်မူးရူး ကြည့်ကြသေးတယ်လို့ ဆိုပါတယ်။ဘီယာနဲ့ ဝက်အူချောင်းကို ခင်းကျင်းရောင်းချတဲ့ ပွဲတော်တွေမှာ မြနန္ဒာ အချစ်ကိုလည်း ရှာခဲ့ပါတယ်။”အထီးတည်းနိုင်သည့်စိတ်နှင့် မျက်နှာများစွာ၌ ကိုယ်နှင့်တူသော အဖော်ကို ရှာကြည့်သေး၏။ တွေ့သည့်အခါလည်း တွေ့၏။

ဘီယာသောက်ရင်း ပျော်စရာရှာ

သို့သော် အဖော် မလိုချင်ပြန်ပြီလို့ ထင်လာသည်။ ဘာသာ ကိုယ်တည်းနေတတ်လာပြီ…”လို့ ကြည်အေးက မြနန္ဒာရဲ့ အထီးကျန်စိတ်ကို ဖွဲ့ခဲ့ပါတယ်။လူအုပ်ထဲမှာ ခင်ပွန်းက တခြားမိန်းမကို လိုက်ကြည့်နေရင် မြနန္ဒာက လက်ကို လွှတ်ပေးလိုက်တယ်လို့ ဆိုပါတယ်။ သူ့နဲ့ကွဲသွားရင် ကလေးကို လူရှင်းတဲ့ နေရာ ခေါ်သွားပြီး သစ်ပင် ရေပန်း မီးရောင်စုံကိုပြ၊ ပူဖောင်း ဝယ်ပေးပြီး အိမ်ပြန်တယ်လို့လည်း ရေးပါတယ်။

နောက်နေ့ ခင်ပွန်းပြန်လာလားလည်း မစုံစမ်းတော့ဘူးလို့ ရေးပါတယ်။မြနန္ဒာရဲ့ ဇာတ်ရုပ်ဟာ ခင်ပွန်းဖောက်ပြန်မှု ပေါင်းစုံကို သည်းခံရင်း သားသမီးတွေနဲ့ အနုပညာ၊ ဖဲရိုက်တာတွေဆီမှာပဲ ဘဝကို သီးခြားနေခဲ့တဲ့ အမျိုးသမီးတယောက်ရဲ့ ဘဝကို ဖွဲ့ပြတာပါ။

ကြည်အေးရဲ့ ဇာတ်ရုပ်အများစုမှာလိုပဲ မြနန္ဒာဟာလည်း အခြေအနေကို ဖောက်ထွက်ဖို့မစဉ်းစားဘဲမျောပါသွားတာတွေ့ရပါတယ်။ဒါကြောင့် ကြည်အေးကို မြန်မာစာပေမှာ အစောဆုံး ဖြစ်တည်မှု ပဓာနဝါဒီလို့စာရေးဆရာတချို့ကကင်ပွန်းတပ်ခဲ့ကြတာပါ။

# ကြည်အေ

OldBurmaရှေးရှေးတုန်းကဗမာပြည်

Likes:
0 0
Views:
351
Article Categories:
Booksကြည်အေး

Leave a Reply

Your email address will not be published. Required fields are marked *