ဒေါက်တာသန်းထွန်း

မြန်မာသမိုင်းပညာရှင်တွေထဲမှာ သြဇာကြီးမားတဲ့သူတစ်ယောက် ရှိပါတယ်။ သူကတော့ဒေါက်တာသန်းထွန်းပါ။ ဒီကနေ့ နိုဝင်ဘာလ ၃၀ ရက်နေ့ဟာ ဒေါက်တာသန်းထွန်း ကွယ်လွန်ခဲ့တာ နှစ်ပေါင်း ၁၆ နှစ်ရှိပါပြီ။

ဒေါက်တာသန်းထွန်းဟာ အမရပူရ မဟာဂန္ဓာရုံဆရာတော်ကြီးကို ၂၀ ရာစု အထူးခြားဆုံး ပုဂ္ဂိုလ်ဆိုပြီးရည်ညွှန်းခဲ့သူလည်းဖြစ်ပါတယ်။ဆရာကြီးကို ၁၉၂၃ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့ ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့နယ် ဒေါင့်ကြီးရွာမှာ ဖခင်ဦးဖိုးတွေနဲ့ မိခင်ဒေါ်သင်တို့ကမွေးဖွားခဲ့ပါတယ်။

ဆရာကြီးဟာ ၁၉၃၉ ခုနှစ် အသက် ၁၆ နှစ်အရွယ်မှာအထက်တန်းအောင်မြင်ခဲ့ပြီး ၁၉၄၆ ခုနှစ်မှာတော့ ရန်ကုန်တက္ကသိုလ်ရဲ့ ကျောင်းသား ခေါင်းဆောင်အဖြစ်တာဝန်ယူ ဆောင်ရွက်ခဲ့ပါတယ်။ လက်ဝဲကွန်မြူနစ်စာပေတွေကိုသဘောကျခဲ့ပေမယ့်လည်း နောက်ပိုင်းမှာ နိုင်ငံရေး သမားဘဝကို စွန့်လွှတ်ခဲ့ပါတယ်။

၁၉၅၉ ခုနှစ်မှာတော့ ရန်ကုန်တက္ကသိုလ်သမိုင်းနဲ့ နိုင်ငံရေးသိပ္ပံဌာနမှာ ကထိက အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၆၅ ခုနှစ်မှာတော့ မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတက္ကသိုလ်မှာ သမိုင်းပါမောက္ခအဖြစ် တာဝန်ယူခဲ့တာ ၁၉၈၂ ခုနှစ်အထိပါပဲ။၁၉၈၃ ခုနှစ်မှာတော့ မြန်မာပညာရေးဌာနက အငြိမ်းစားယူခဲ့ပြီး တိုကျိုတက္ကသိုလ် နိုင်ငံခြားပညာဌာန၊ အာဖရိကနဲ့ အာရှဘာသာစကား ယဉ်ကျေးမှုဌာန စတဲ့နေရာတွေမှာ ဧည့်ပါမောက္ခအဖြစ် တာဝန် ထမ်းဆောင်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့အမေရိကန်ပြည်ထောင်စု အီလီနွိုက်တက္ကသိုလ်မှာ ဧည့်ပါမောက္ခအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး စာပေဆိုင်ရာ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ချီးမြှင့်ခံခဲ့ရပါတယ်။နောက်ပိုင်းမှာတော့ ဆရာကြီးဒေါက်တာသန်းထွန်းဟာ စာမျက်နှာ ၇၆၀၀ ရှိတဲ့ဆယ်စောင်တွဲ မြန်မာမင်းအမိန့်တော်တွေကို ရေးသားခဲ့ပေမယ့် စာပေစိစစ်ရေးတင်းကြပ်မှုတွေကြောင့်ထုတ်ဝေခွင့်မရခဲ့ပါဘူး။

၁၉၈၈ ခုနှစ်မှာတော့ လန်ဒန်တက္ကသိုလ်ကပေးအပ်တဲ့ စာပေပါရဂူဘွဲ့ကို လက်ခံရရှိခဲ့သလို ၁၉၉၀ ခုနှစ်မှာလည်း D.Lit ဘွဲ့ကို ရရှိပြန်ပါတယ်။ ဆရာကြီးရဲ့သမိုင်းဆိုင်ရာအချက်အလက်တွေကကိုးကားလောက်စရာအချက်တွေပါပဲ။

ဒါကြောင့်လည်း ဆရာကြီးရဲ့ စကားတခွန်းဖြစ်တဲ့ “သမိုင်းသင်တာ မအအောင်လို့” ဆိုတဲ့ စကားဟာ ထင်ရှားပါတယ်။ဆရာကြီးဟာ မြန်မာစာပေလောကကို ကျေးဇူးရှိတဲ့သူတွေကိုလည်း ချစ်ခင်သူတယောက်ပါ။

၂၀၀၅ ခုနှစ်၊ နိုဝင်ဘာ ၂၉ ရက်နေ့မှာကျင်းပခဲ့တဲ့ လူထူဒေါ်အမာ အသက် ၉၀ ပြည့် မွေးနေ့ပွဲကို တက်ရောက်ခဲ့ပြီး နိုဝင်ဘာ ၃၀ ရက်နေ့ အသက် ၈၃ နှစ်ပြည့်တဲ့အချိန်မှာ မန္တလေးတက္ကသိုလ် သမိုင်းဌာန အဆောက်အဦအတွင်းမှာ ကွယ်လွန်ခဲ့ပါတယ်။

ဆရာကြီးဟာ သမိုင်းဌာနကို ချစ်မြတ်နိုးသူတယောက်ဖြစ်သလိုအသက်သေဆုံးချိန်ထိတိုင်အောင်သမိုင်းနဲ့ပတ်သက်ပြီးအသိသစ်၊အမြင်သစ်တွေကို ရှာဖွေခဲ့သူတဦးပါ။ ဒါကြောင့်လည်းဆရာကြီးရဲ့ ဂုဏ်သတင်းဟာ အခုချိန်ထိကျော်ကြားနေတုန်းပါပဲ။

ကိုးကား – wikipedia

ဒေါက်တာသန်းထွန်း

Likes:
0 0
Views:
170
Article Categories:
BooksHistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *