ပါတော်မူနေ့ (သို့) ရာဇဝင်ရိုင်းသောနေ့ (သို့) အညာမိသွားသောနေ့

ပါတော်မူနေ့ (သို့) ရာဇဝင်ရိုင်းသောနေ့ (သို့) အညာမိသွားသောနေ့

၂၀၂၁ ခု၊ နိုဝင်ဘာလ ၂၉ ရက်နေ့သည်ကားမြန်မာ့သမိုင်းအတွက်မမေ့ဖျောက်နိုင်သော အကျဉ်းတန်လှသည့် နေ့ရက်ကြီး၏ ၁၃၆ နှစ် ပြည့်မြောက်သည့်ကာလအခါသမယပင် ဖြစ်ပါသည်။ ကျွန်တော်တို့ မြန်မာတိုင်းရင်းသားများအတွက် သမိုင်းသင်ခန်းစာယူဖွယ်ကောင်းသည့် နေ့တစ်နေ့လည်း ဖြစ်ပါပေသည်။

ထိုနေ့သည် အလောင်းဘုရားတည်ထောင်ခဲ့သည့် ကုန်းဘောင်နေမီး ထိန်ထိန်ညီးခဲ့သည့် နေ့ရက်များကိုအဆုံးသတ်စေခဲ့သော နေ့လည်းဖြစ်ခဲ့ပါသည်။ ထိုနေ့သည်ကား မြန်မာ့နန်းတွင်းရှုပ်ထွေးမှုနှင့် သြဇာအာဏာရှိသည့် မိဖုရားနှင့်မှူးမတ်များ (လွှတ်တော် နိုင်ငံရေးသမားများ) အချင်းချင်းစိတ်ဝမ်းကွဲပြား မညီညွှတ်မှုဖြစ်ခဲ့ကြခြင်း၏ အကျိုးဆက်ကြောင့် မြန်မာတို့၏နောက်ဆုံးဘုရင်ဖြစ်သည့် သီပေါမင်းပါတော်မူခဲ့သော နေ့ပင်ဖြစ်ပါသည်။

အင်္ဂလိပ်-မြန်မာစစ်ပွဲသုံးကြိမ် ဖြစ်ပွားခဲ့ရာတွင် မြန်မာတစ်နိုင်ငံလုံးကို ထိုးအပ်လိုက်ရသည့် တတိယစစ်ပွဲသည်ကား အင်္ဂလိပ်တို့အတွက် ခုခံမှုအနည်းဆုံးနှင့်အလွယ်တကူအနိုင်ရလိုက်သောစစ်ပွဲမမည်သောစစ်ပွဲဖြစ်ခဲ့ရပါသည်။ ဤသို့ မြန်မာဘုရင့်တပ်များအလွယ်တကူ အရှုံးပေးခဲ့ရခြင်း၏အကြောင်းရင်းသည် မြန်မာ့နန်းတွင်း ရေးမညီမညွှတ်ဖြစ်နေသည့်အချိန်တွင် အင်္ဂလိပ်များဆင်ခဲ့သောပရိယာယ် ထောင်ချောက်အတွင်းတည့်တည့် ဆင်းသက်မိခဲ့သော ကြောင့်လည်းဖြစ်ပါသည်။

၁၈၂၄-၂၆ ခုနှစ်တွင် ဖြစ်ပွားခဲ့သောအင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲသည် ၂ နှစ်ကြာမြင့်ခဲ့ပြီး ၁၈၅၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သောဒုတိယစစ်မှာ ၉ လခန့်ကြာ မြင့်ခဲ့ပါသည်။သို့သော်တတိယ စစ်ပွဲသည်ကား ၁၅ ရက်သာ ကြာမြင့် ခဲ့ ပြီး အင်္ဂလိပ်တို့ကိုအရှုံးပေးလိုက်ရသည်မှာ အသည်းနာစရာကောင်းလှပါသည်။ ရာဇဝင်ရိုင်းလှပါသည်။

“သူ့နိုင်ငံသားသံမှုန့်စားမှဒို့ဓားတုံးမည် မှတ်တော်တည်လော့” ဟူ၍ ခေတ်အဆက်ဆက် ကြွေးကြော်ခဲ့ သော မြန်မာ့လူမျိုးတို့သည် အင်္ဂလိပ်တို့ကိုမတိုက်နိုင်လို့မတိုက်ရဲလို့ မဟုတ်ဘဲနန်းတွင်း၌ အဓိကအဆုံးအဖြတ်ပေးရသည့် မှူးမတ်များညီညွှတ်မှုမရှိသောကြောင့် လည်းကောင်း၊ ပျော့ညံ့သော ဘုရင်မင်းမြတ်၏ကိုယ်တိုင်မစဉ်းစားမဆုံးဖြတ်နိုင်မှုကြောင့်လည်းကောင်း ဤသို့အလွယ်တကူအရှုံးပေးခဲ့ရခြင်းဖြစ်ပါသည်။

သီပေါမင်းနေရာတွင် ထက်မြက်သော ဘုရင်တစ်ပါးသာ ဖြစ်နေခဲ့လျှင်တတိယစစ်ပွဲ၏ သမိုင်းသည်ရဲရဲတောက် ပြောင်းလဲသွားပါလိမ့်မည်။ အင်္ဂလိပ်တို့ကိုမနိုင်လျှင်တောင်မှစစ်ပွဲ၏ အဆုံးသတ်အဖြေသည် တစ်မျိုးဖြစ်ကောင်း ဖြစ်သွားပါလိမ့်မည်။ မြန်မာပြည်ကို မဖြစ်မနေ သိမ်းပိုက်ဖို့ ရည်ရွယ်ပြီးဖြစ်သည့်အင်္ဂလိပ်နယ်ချဲ့တို့သည်မြန်မာ့နန်းတွင်း၌ သြဇာအကြီးမားဆုံးဖြစ်သည့်ကင်းဝန်မင်းကြီးကို ကောင်းစွာအသုံးချခဲ့ပါသည်။

ကင်းဝန်မင်းကြီးကလည်း နောက်ဆုံးအချိန်ထိ (သီပေါမင်းပါတော်မူပြီး ဗြိတိသျှတို့က သူ့ကိုအပ်နှင်းခဲ့သည့် လုပ်ပိုင်ခွင့်များကိုရုပ်သိမ်းပြီး ချောင်ထိုးခံ ရသည့် အချိန်အထိ) အင်္ဂလိပ်တို့ကိုအကောင်းမြင်စိတ်ဖြင့် ယုံကြည်နေခဲ့ပါသည်။ ထိုအချက်များကပင် သီပေါမင်းအတွက် ဗြိတိသျှတို့ထံ အလွယ်တကူလက်နက်ချပြီးမိမိကိုယ် မိမိထိုးအပ်စေဖို့ ဖြစ်စေခဲ့ခြင်းဖြစ်ပါသည်။

ဗြိတိသျှတို့ကိုခုခံတိုက်ခိုက်ရန် သင့်မသင့် နှင့် ပါတ်သက်၍ မြန်မာ့နန်းတွင်း၌ မှူးမတ်များအငြင်းပွားနေချိန် တွင် “နယ်စပ်တွင်တပ်အင်အားများချထားနိုင်ရန်လက်နက်များ ထုတ်လုပ်၍စစ်သည်များကို စုဆောင်းထားသင့်ကြောင်းလက်နက်ပြည့်စုံကောင်းမွန်လျှင်ရန်သူတို့ ကြံဝံ့မည် မဟုတ်ကြောင်း”အကြံပေးခဲ့ဖူးသောယောအတွင်းဝန် ဦးဖိုးလှိုင်ရာထူးမှ ထုတ်ပယ်ခံထားရချိန်လည်းဖြစ်ပါသည်။

စစ်ပွဲစတင်သည့် ၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် အင်္ဂလိပ်-မြန်မာနယ်ခြားဖြစ်သောသရက်မြို့မှစတင်ချီတက်လာသော အင်္ဂလိပ်တပ်များသည်မင်းလှခံတပ်တွင်သာမြန်မာတပ်များနှင့်အကြိတ်အနယ် တိုက်ခိုက်ခဲ့ရပြီးနိုဝင်ဘာလ ၂၅ ရက်နေ့တွင်မြင်းခြံမြို့ကို အခက်အခဲမရှိ သိမ်းပိုက်နိုင်ခဲ့ပါသည်။ထို့နောက်ဆက်လက်ချီတက်လာရာအင်းဝမြို့အနီးသို့ ရောက်ရှိလာသည်။

ထိုအချိန်တွင်ရတနာပုံနေပြည်တော် (မန္တလေး) နှင့် အနီး ဆုံးခံတပ်များဖြစ်သည့်အင်းဝဆင်ကျုံးခံတပ်၊ စစ်ကိုင်း အစေခံခံတပ်နှင့်မန္တလေးမြို့ တောင်ဘက်မှ သပြေတန်းခံတပ်ရှိစစ်သည် တော်များသည်ချီတက်လာသော အင်္ဂလိပ်တပ်များကို အသေကြေခုခံတိုက်ခိုက်ဖို့ အသင့်ပြင်ရင်း စောင့်ဆိုင်းနေကြပါသည်။

ခံတပ်သုံးခုသည်ဖိုခနောက်ဆိုင်တည်ရှိနေပြီး မန္တလေးနှင့်အနီးဆုံးခံတပ်မှာ သပြေတန်းခံတပ်ဖြစ်ပြီး ယခုအခါတွင်စစ်ကိုင်းတံတားအသစ်၏ မန္တလေးဘက်ခြမ်းတံတားခြေရင်းမှာတည်ရှိပါသည်။ ထိုခံတပ်များအနက် အင်းဝခံတပ်ရှိမြန်မာတပ်များ၏တပ်မှူးဖြစ်သူမင်းလှမဟာဇေယျသင်္ကြန်က “ကျွန်ုပ်တို့ အင်းဝ၊စစ်ကိုင်း၊ သပြေတန်းခံတပ်များမှကြံ့ကြံ့ခံတိုက်မည်။ ဘဝရှင်မင်းတရားစံနေရင်းရွှေမြို့တော်မှထွက်ခွါ၍ သင့်ရာဌာနကနေပြီး ကြံစည်သင့်ပါကြောင်း” သီပေါမင်းထံလျှောက်ထားခဲ့ပါသည်။

သို့သော်ထိုကိစ္စနှင့် ပါတ်သက်၍သီပေါမင်းက မှူးမတ်များနှင့် တိုင်ပင် ဆွေးနွေးသောအခါ အင်္ဂလိပ်တို့နှင့် တိုက်လျှင်မလွှဲမသွေရှုံးမည် ဟု ယုံကြည်နေသောကင်းဝန်မင်းကြီးပေးသည့် “အင်္ဂလိပ်တို့ကို ခုခံတိုက်ခိုက်ခြင်း မပြုရန်” အကြံပြုချက်ကိုသာဘုရင်မင်းမြတ်ကလက်ခံလိုက်ပါသည်။နိုဝင်ဘာ ၂၅ ရက်နေ့တွင် ဗြိတိသျှတပ်ထံသို့ ကင်းဝန်မင်းကြီး လက်မှတ်ရေးထိုးထားသောစစ်ပြေငြိမ်း ရေးကမ်းလှမ်းချက် ပေးပို့သည်။

သို့သော် ဗြိတိသျှ ဗိုလ် ချုပ်ကြီး ပရင်ဒါဂတ်ကအိန္ဒိယ ဘုရင်ခံချုပ်ထံမှစစ်ပြေငြိမ်းဖို့ ခွင့်ပြုချက် မပါသဖြင့် သီပေါဘုရင်နှင့် မြန်မာတပ်များ ချွင်းချက်မရှိ လက်နက်ချရန် တောင်းဆိုပါသည်။ ထို့ကြောင့်မြန်မာတပ်များထံသို့ ချီတက်လာသော ဗြိတိသျှတပ်များကို ခုခံတိုက် ခိုက်ခြင်း မပြုရန် နှင့် ခုခံ တိုက်ခိုက်ပါကရန်သူဟု သတ်မှတ်မည်ဖြစ်ကြောင်းလွှတ်တော်မှ ပေးပို့သောအမိန့်တော်ရောက်ရှိလာခဲ့ပါသည်။

ခံတပ်သုံးခုတွင် တပ်စွဲနေသော မြန်မာတပ်အင်အားမှာ ၈၀၀၀ ခန့်ရှိပြီး သေနတ်ကိုင်တပ်သား ၆၀၀၀ နှင့် အမြောက်ကြီးများလည်း ရှိနေပါသည်။ လွှတ်တော်မှပေးပို့သောအမိန့်ကိုခံတပ်များ၏ဦးစီး တပ်မှူးကြီးဖြစ်သော ကင်းအတွင်း ဝန်က “ရှင်ဘုရင်၏အမိန့်မှ တစ်ပါး မည်သူ့အမိန့်ကိုမှမနာခံနိုင်။ ရှင်ဘုရင့်ထံမှအမိန့်မရသမျှလက်နက်မချနိုင်” ဟု တင်းမာစွာငြင်းဆန်နေသဖြင့် ဘုရင်မင်းမြတ်က လက်နက်ချဖို့ ထပ်ဆင့် အမိန့်ထုတ်ရပါသည်။

ပဒေသရာဇ်ခေတ် ကာလတွင် တပ်မတော်သားတို့သည် မိမိတို့ကို အုပ်ချုပ်သော မင်းတရားကြီး၏ အမိန့်ကို ရိုသေလေးမြတ်စွာ လိုက်နာ လေ့ရှိသဖြင့် ဘုရင့်အမိန့်ရောက်လာသော အခါတွင် မလွန်ဆန်နိုင်တော့ဘဲ ဗြိတိသျှတို့ကို အစွမ်းကုန် တိုက်ခိုက်ရန် အားခဲနေကြသော မြန်မာ ဘုရင့်တပ်သားများသည် နိုဝင်ဘာ ၂၇ ရက်နေ့တွင် ခြွင်းချက်မရှိ လက်နက်ချလိုက် ရပါတော့သည်။

မချိသောနှလုံးဖြင့် အရှုံးပေးလိုက်ရသည့် မချိတင်ကဲသော မျက်နှာများဖြင့်မခံမရပ်နိုင်ဖြစ်နေကြသော မြန်မာတပ်သားအချို့သည် မျက်ရည်ပေါက်ကြီးငယ် ကျဆင်းလျက် အံကြိတ်ငိုကြွေးကာ ကိုင်ဆောင်ထားသောသေနတ်များကို ရိုက်ချိုး၍ ခံတပ်မှဝမ်းနည်းခြင် ကြီးစွာဖြင့် ထွက်ခွါသွားကြ ပါတော့သည်။ ဗြိတိသျှတပ်များသည် မြန်မာတပ်များထံမှသိမ်းဆည်းရရှိိခဲ့သော သေနတ်အမြောက်အမြားနှင့်ဓားလှံ အများအပြားကိုဧရာဝတီမြစ်ထဲ ပစ်ချဖျောက်ဖျက်ခဲ့ကြပါသည်။ စစ်စစ်အားဖြင့်ဗြိတိသျှတပ်များမရောက်လာမီ အချိန်မီ ရှောင်တိမ်းဖို့အတွက်သီပေါမင်းသည် ဆင်မြင်းများကို အသင့်ပြင်ဆင်ထားပြီး ဖြစ်ပါသည်။

ရွှေဘိုသို့ထွက်ခွါရန် ပြင်ဆင်နေသော မင်းတရားကြီးကို ဆင်ဖြူမရှင်မိဖုရားကြီးနှင့် အတူ ကင်းဝန်မင်းကြီးက ထွက်ခွါရှောင်တိမ်းခြင်း မပြုရန်နှင့် အင်္ဂလိပ်တို့သည် သူတို့အလိုရှိရာကိုတောင်းဆိုပြီးစာချုပ်ချုပ်ကာ ပြန်သွားကြ မည်ဖြစ်ကြောင်းလျှောက်ထားခဲ့ကြပါသည်။ ကင်းဝန်မင်းကြီးလျှောက် တင်ချက်ကိုယုံကြည်သောကြောင့်လည်းကောင်း မိဖုရားခေါင်စုဖုရားလတ်တွင် ကိုယ်ဝန်အရင့်အမာဖြစ်နေသောကြောင့်လည်းကောင်းရွှေဘိုသို့ရှောင်တိမ်းထွက်ခွါမည့်အစီအစဉ်ကို သီပေါမင်းက ဖျက်သိမ်းလိုက်ပါသည်။

တကယ်တော့မဖြစ်မနေရှောင်တိမ်းမည်ဆိုလျှင်လည်း ရှောင်တိမ်းလို့ရပါသည်။ ကင်းဝန်မင်းကြီးဖက်က အတွေးမှာဗြိတိသျှတို့သည် သီပေါမင်းနေရာတွင်ညောင်ရမ်းမင်းကိုအစားထိုးပြီးသူတို့အလိုကျမြန်မာ့ထီးနန်းကိုဆက်လက်ခွင့်ပြုမည် ဟူသောဗြိတိသျှတို့၏ ပရိယာယ်ကိုယုံကြည်၍ သီပေါမင်းကိုလက်နက်ချဖို့ သွေးဆောင်ခဲ့ခြင်းဖြစ်ပါသည်။

သီပေါမင်းကလည်ကင်းဝန်မင်းကြီး လှည့်ပတ်လျှောက်တင်သလို သူ့ကိုနန်းချလိမ့်မည်ဟုမထင်သောကြောင့် ရွှေဘိုသို့ထွက်ခွါမည့် အစီအစဉ်ကို ဖျက်ခဲ့ခြင်း ဖြစ်ပါသည်။ ခံတပ်သုံးခုမှ အတားအဆီးမရှိတော့သဖြင့် ဗြိတိသျှတပ်များသည် နိုဝင်ဘာ ၂၈ ရက်နေ့တွင် မန္တလေးနန်းတွင်းသို့ခုခံမှုမရှိဝင်ရောက်လာနိုင်ခဲ့ပါသည်။

ဗြိတိသျှတပ်များဂေါဝိန်ဆိပ်ကမ်းသို့ ရောက်သည်ကိုသိရှိသောကင်းဝန် မင်းကြီးသည် ဆင်စီးကာဗြိတိသျှတပ်များကို သွားရောက်ကြိုဆိုသော်လည်း လမ်းမှာလွှဲသွားခဲ့ပါသည်။ နန်းတွင်း၌ဗြိတိသျှတပ်များတစ်ညအိပ်ပြီး နိုဝင်ဘာ ၂၉ ရက် ညနေပိုင်းတွင်သီပေါမင်းနှင့်စုဖုရားလတ်တို့ကိုဂေါဝိန်ဆိပ်ကမ်းသို့ခေါ်ဆောင်သွားဖြင့်မြန်မာ့ထီးနန်းတစ်ခန်းရပ်ခဲ့ရပါတော့သည်။ သီပေါမင်း၊ ကင်းဝန်မင်းကြီးနှင့်မြန်မာ တစ်မျိုးသားလုံးအညာမိသွားခြင်းပင်ဖြစ်ပါတော့သည်။သီပေါမင်းနှင့်စုဖုရားလတ်တို့ကိုဗြိတိသျှတပ်များဖမ်းဆီးခေါ်ဆောင်သွားစဉ်မှာလမ်းဘေးတစ်လျှောက်တွင်ရှိနေသော တိုင်းသူပြည်သားများသည်မိမိတို့၏ အရှင်နှစ်ပါးကိုပူဆွေးသော မျက်ရည်စများကြေကွဲသော နှလုံးသားများဖြင့်နောက်ဆုံး အနေနှင့်ငိုကြွေးဖူးမျှော်နှုတ်ဆက်ခဲ့ကြပါသည်။

သီပေါမင်းနှင့် စုဖုရားလတ်တို့သည် ဗြိတိသျှတို့ ခေါ်ဆောင်ရာ လိုက်ပါရင်း စုဖုရားလတ်၏ကောင်းမှုဖြစ်သောမြတောင်ကျောင်းတိုက်အရှေ့သို့ အရောက်တွင်စုဖုရားလတ်သည် ရေစက်မချလိုက်ရသောမိမိကောင်းမှု မြတောင်ကျောင်းတိုက်ကြီးကို ကြေကွဲသောနှလုံးသားများဖြင့်ရှုစားနေစဉ်မှာပင်ကျောင်းတိုက်ပေါ်မှ သံဃာတော်များနှင့်အတူရှိနေသော အသက် ၁၀ နှစ်အရွယ်ကျောင်းသားလေးတစ်ဦးသည်လည်းပါတော်မူသွားသည့်အရှင်နှစ်ပါးကို မျက်ရည်မိုးများသွန်းဖြိုးလျက်ဝမ်းနည်းစွာကြည့်ရှုနေခဲ့ပါသည်။

ထိုသူသည်ကားနောက်ပိုင်းတွင်မျိုးချစ်စာဆိုကြီး ဖြစ်လာသည့် ဆရာကြီးသခင်ကိုယ်တော်မှိုင်းလောင်း လျာပင်ဖြစ်ပါတော့သည်။ မြန်မာပြည်သူများသည်သူတို့မှီခိုအားထားရာအရှင်နှစ်ပါးပါတော်မူခြင်းနှင့်အတူဗြိတိသျှလက်အောက်သို့ရောက်ရှိကာသူ့ကျွန်ဖြစ်ခဲ့ရပြီဟူသော အသိအတွေးများဖြင့်နာကြင်ပူလောင်ခံစားခဲ့ရပုံကို ဆီးဘန်းနီ ဆရာတော်ကြီးကမြန်မာပြည်သူတစ်ရပ်လုံး၏ကိုယ်စားကဗျာတစ်ပုဒ် ရေးဖွဲ့သီကုံးခဲ့ပါသည်။”

သိင်္ဃတန်ဆောင်၊ ဘုန်းတော်မှောင်၍၊ ကုန်းဘောင်နေမီး၊ မထိန်ညီးက၊ တိုင်းကြီးပြည်ကြီး၊ အချည်းနှီးတည့်၊ထီးသုဉ်းနန်းသုဉ်း၊ မြို့သုဉ်း သုံည၊ သုန်းသုညဖြင့်၊ သုညရလစ်၊ သုညခေတ်ဝယ် ၊ ဖြစ်လာရလေ၊ တို့တတွေသည်၊ သေသော်မှတည့် ဪ ကောင်း၏။” ဟူသော ကဗျာ ဖြစ်ပါသည်။ ထိုစိတ်ခံစားချက်တို့သည် ဘုရင်မင်းမြတ် ပါတော်မူပြီဟု သိချိန်တွင် မြန်မာ တစ်မျိုးသားလုံးသို့ ရုတ်ချည်း ပျံနှံ့သွားခဲ့ပြီး မြန်မာနိုင်ငံ အနှံ့ အပြားမှ သူ့ကျွန်မခံလိုသော တိုင်းရင်းသားပေါင်းစုံသည် ဗြိတိသျှတို့ကို တော်လှန်တိုက် ခိုက်ကြပါတော့သည်။

မြန်မာပြည်အထက်ပိုင်းကိုသိမ်းပိုက်ဖို့အင်အား တစ်သောင်းဖြင့်ချီတက်လာသော ဗြိတိသျှ တပ်များသည် မြန်မာဘုရင့် တပ်မတော်ကို ၁၅ ရက်ဖြင့် အနိုင်ရရှိပြီး သီပေါမင်းကို ဖမ်းဆီးခေါ်ဆောင်သွားနိုင်ခဲ့သော် လည်း နောက်ပိုင်း ပေါ်ပေါက် လာသော ခုခံတော်လှန်မှုများကို ခက်ခက်ခဲခဲ နှိပ်နင်းခဲ့ရပါသည်။ အိန္ဒိယမှစစ်ကူများထပ်ခေါ်ရသဖြင့် ဗြိတိသျှတပ် အင်အား သုံးသောင်းကျော်ခဲ့ပြီး တော်လှန်မှုများ လုံးဝချုပ်ငြိမ်းသွားအောင် ၇ နှစ် ၈ နှစ်ခန့်နှိပ်နင်းခဲ့ရပါသည်။

ထိုသို့သီပေါမင်းပါတော်မူသည့် ၁၂၄၇ ခု၊ တန်ဆောင်မုန်းလပြည့်ကျော် (၈) ရက် (၂၉. ၁၁. ၁၈၈၅) သည် ကား မြန်မာတစ်မျိုးသားလုံး အညာခံရသောနေ့၊ ရာဇဝင်ရိုင်းခဲ့သောနေ့ ဖြစ်ခဲ့ရပါသည်။

ထို့ကြောင့်လည်း အချို့က ဦးကောင်းလိမ်ထုတ် နန်းဆက်ပြုတ် ဟု ဆိုရိုးပြုကာ ပါတော်မူသည့် ၁၂၄၇ ခုနှစ်ကို အမှတ်အသား ပြုခဲ့ကြခြင်း ဖြစ်ပါသည်။

ခင်မောင်တင့်(ကလော)၂၀၂၁ ခု၊ နိုဝင်ဘာလ (၂၉) ရက်

credit : U Khinmaung Tint

Likes:
0 0
Views:
329
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *