နှုတ်ခမ်းမွေး ပြဿနာတိုက်ပွဲ။

နှုတ်ခမ်းမွေး ပြဿနာ တိုက်ပွဲ။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်၊ သက္ကရာဇ် ၁၂၈၁ ခုနှစ်လောက်တုန်းကဧရာဝတီတိုင်း၊ ဟင်္သာတမြို့အပိုင်၊ ဓနုဖြူမြို့အနီးက ညောင်ချောင်းကျေးရွာမှာ ဦးဥာဏဝံသ ဆိုတဲ့ ဆရာတော်တစ်ပါးရှိခဲ့ဖူးတယ်။ အဲဒီဆရာတော်ဟာ သီဟိုဠ်လို့ခေါ်တဲ့သီရိလင်္ကာနိုင်ငံကို သွားပြီးတော့ သက္ကဋ၊အင်္ဂလိပ်၊ သီဟိုဠ်စာပေတွေကို တတ်မြောက်အောင် သင်ကြားပြီး မြန်မာပြည်ကို ပြန်လာခဲ့တယ်။

စာတတ် ပေတတ် ခေတ်မီဆရာတော်ဆိုတော့ ပတ်ဝန်းကျင်က ဒကာ ဒကာမတွေကလည်း အတော်လေး ကြည်ညို ကိုးကွယ်ဆည်းကပ်ကြသတဲ့။ သီရိလင်္ကာပြန် စာတတ်ပေတတ်ဖြစ်တဲ့ ညောင်ချောင်းဆရာတော်ဟာ ခေတ်မီအတွေးအခေါ်နဲ့ သူ့ရဲ့ အယူအဆတစ်ခုကိုထုတ်ဖော်ခဲ့တယ်တဲ့။ဘယ်လိုလဲ ဆိုတော့ – ” ဗုဒ္ဓဘုရားရှင်ဟာ မဇ္ဈိမဒေသကခတ္တိယနွယ်ဖွား အိန္ဒိယနိုင်ငံသားဖြစ်တယ်။

တောထွက်တဲ့အခါ အနော်မာသောင်ခုံပေါ်မှာကိုယ်တော်တိုင် ဆံတော်ကို ပယ်တော်မူတယ်၊လက်နှစ်သစ် ကြွင်းတယ်-လို့ ဗုဒ္ဓဝင်မှာဆိုထားတယ်။ နှုတ်ခမ်းမွေး မုတ်ဆိတ်မွေးတွေကို ပယ်တယ်လို့ ဘယ်ကျမ်းဂန်မှာမှ ဖော်ပြမထားဘူး။ ယောက်ျားကောင်း ယောက်ျားမြတ်တို့ရဲ့ရုပ် လက္ခဏာမှာ နှုတ်ခမ်းမွေး မုတ်ဆိတ်မွေးပါမှ ခန့်ငြားမယ်။

တင့်တယ် သပ္ပါယ်မယ်။ဒါကြောင့် ဘုရားရှင်ရဲ့ မျက်နှာတော်မှာနှုတ်ခမ်းမွေးနဲ့ ပန်းချီ ပန်းပု ရေးဆွဲ ထုလုပ်.ကိုးကွယ်သင့်တယ်” လို့ သူ့ရဲ့အယူအဆကိုထုတ်ဖော်ခဲ့တယ်တဲ့။ ညောင်ချောင်းဆရာတော်ဟာ သူ့ရဲ့အယူအဆကို ကိုင်စွဲပြီးတော့ မဟာပုရိသ လက္ခဏာတော်ဘုရားရှိခိုးနဲ့ နှုတ်ခမ်းမွေးတပ်ထားတဲ့ ဘုရားပုံတော်ပါ စာအုပ်တွေကိုရေးသား ဖြန့်ဝေခဲ့ပါသတဲ့။

ဒီအကြောင်းကို သိသွားတဲ့ မန်လည်ဆရာတော်က -လုပ်ငန်းရယ်ပို၊ နှုတ်ခမ်းကို သူကြည်ညိုသတဲ့၊သီဟိုဠ်ပြန်ဘုန်း။အစဉ် ရှေးဟို၊ ဖင်မွေးကို ဘယ်လိုဆိုပေါ့၊သီဟိုဠ်ပြန် ဆရာဥာဏ်ရဲ့၊ အပါဒန် ရွှေစာတန်းလို့ရယ် ကျမ်းပြုပါဦး – ဆိုပြီးတော့ဒွေးချိုး ကဗျာလေးနဲ့ တုန့်ပြန်ခဲ့တယ်တဲ့။ မန်လည်ဆရာတော်က အဲဒီလို ရေးလိုက်တော့ ညောင်ချောင်းဆရာတော်ဦးဥာဏဝံသကလည်း စာတတ် ပေတတ်ပီပီ မန်လည်ဆရာတော်ကို မှိုချိုး မျှစ်ချိုး ပြန်လည် ရေးသား ချေပခဲ့ပါသတဲ့။

အဲဒီကနေ နှုတ်ခမ်းမွေး အရေးတော်ပုံကြီးကြီးထွားလာလိုက်တာ ကာယကံရှင်တွေသာမက တခြားဆရာတော်ကြီးတွေ အထိပါကူးစက်ပြီး ဂယက်ရိုက်ကုန်တယ်တဲ့။ အဲဒီခေတ်တုန်းက ကျမ်းတတ်အကျော်မန်လည်ဆရာတော်နဲ့ ကမ္ဘာကျော် လယ်တီဆရာတော်တို့ဟာ တစ်ပါးနဲ့တစ်ပါး ရင်းနှီးကျွမ်းဝင်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ကြပါသတဲ့။

(ဆရာတော်ကြီးနှစ်ပါး ပထမဆုံး အကြိမ်တွေ့ဆုံမိကြတာကတော့ သက္ကရာဇ် ၁၂၈၁ခုနှစ်၊ သာယာဝတီခရိုင်၊ မင်းလှမြို့မှာပါ။အောက်မြန်မာပြည်ကအပြန် ၁၂၈၂ ခုနှစ်မှာမန်လည်ဆရာတော် ပျံလွန်တော်မူပါတယ်။လယ်တီဆရာတော်ကတော့ ၁၂၈၅ -ခုနှစ်မှာပျံတော်မူပါတယ်) လယ်တီဆရာတော်ကို ဟင်္သာတမြို့ကဒကာ ဒကာမတွေ တရားဟော ကြွပေးဖို့ပင့်လျှောက်တဲ့အခါ မန်လည်ဆရာတော်အပေါ် ထားတဲ့အငြိုးနဲ့ ရန်ရှာခံရမှာ စိုးလို့ဓနုဖြူ က ဒကာ ဒကာမတွေက မကြွသင့်ကြောင်း ဝိုင်းလျှောက်ကြပါသတဲ့။

ထိုအခါ လယ်တီဆရာတော်က -” မစိုးရိမ်ကြပါနဲ့ ဟင်္သာတ တရားပွဲကိုလက်ခံလိုက်တာဟာ ညောင်ချောင်းဘုန်းကြီးကိုပါ တရားဟောချင်လို့ပါ။ငါတို့မေတ္တာကို ငါတို့ ယုံကြည်ပါတယ်၊စိတ်အေးအေးထားပြီး ပြန်ကြ” လို့မိန့်တော်မူလိုက်သတဲ့။ လယ်တီဆရာတော်ကြီး ဟင်္သာတမြို့ကို ရောက်တဲ့အခါမှာ ဓနုဖြူ က ဒကာ ဒကာမတွေ စိုးရိမ်တဲ့အတိုင်း ညောင်ချောင်းဆရာတော်နဲ့ သူ့ဒကာတွေ ရောက်ချလာပါတယ်။ အားလုံးက မျက်နှာထား အမူအရာခပ်တင်းတင်းပါပဲတဲ့။ (ဦးဥာဏဝံသနှင့် ဦးဥာဏဓဇ တွေ့ကြခြင်း)

“တပည့်တော် ညောင်ချောင်း ဘုန်းကြီးဦးဥာဏဝံသပါ ဘုရား” လို့ လျှောက်ထားတဲ့အခါ လယ်တီဆရာတော် ဦးဥာဏဓဇ က – “ခုလို တွေ့ရတာ ဝမ်းသာလိုက်တာဘုရား၊ ဆရာတော်ရဲ့ ကျေးဇူးတွေ တပည့်တော် အပေါ် တင်ရှိနေပါတယ်ဘုရား” လို့ပြောရင်း ခရီးဆောင် သေတ္တာထဲကနေညောင်ချောင်းဆရာတော် ရေးသားထားတဲ့မဟာပုရိသလက္ခဏာတော် ဘုရားရှိခိုးနဲ့နှုတ်ခမ်းမွေးတပ် ဘုရားပုံတော်ပါ စာအုပ်ကိုထုတ်ပြလိုက်ပါတယ်တဲ့။

လယ်တီဆရာတော်နဲ့ အယူအဆတိုက်ပွဲဆင်နွှဲရပြီလို့ ထင်နေတုန်းမှာဆရာတော်ကအခုလို မိန့်လိုက်တော့ ညောင်ချောင်းဆရာဆဈတော်ဟာအံ့သြသွားပါတယ်။အံ့သြလို့ မဆုံးသေးခင်သူ့ရဲ့စာအုပ်ကိုပါကိုယ်နဲ့ မကွာ ယူလာတာတွေ့တော့ပိုပြီးအံ့အားသင့်သွားခဲ့ပါတယ်။ ဒါ့အပြင် လယ်တီဆရာတော်က သူ့ရဲ့မဟာပုရိသလက္ခဏာ ဘုရားရှိခိုးကိုပါအကုန်လုံးအလွတ်ရွတ်ဆိုပြလိုက်တော့ညောင်ချောင်း ဆရာတော်ဟာဘာပြောလို့ ပြောရမှန်း မသိအောင်ဖြစ်နေပါတော့တယ်တဲ့။

အဲဒီအခါမှာ လယ်တီဆရာတော်က – ” ဗုဒ္ဓဘုရားရှင်ဟာ အိန္ဒိယလူမျိုးဆိုတာငြင်းစရာ မလိုပါဘူး၊ အိန္ဒိယ ဘုရင်တွေမဟာရာဇာတွေမှာ သူတို့လူမျိုးအလိုက်နှုတ်ခမ်းမွေးနဲ့ မုတ်ဆိတ် ကျင်စွယ်တွေထားမှာ သေချာပါတယ်။ဘုရားလောင်းဟာ သက်တော် (၂၉)နှစ်မှာတောထွက်ခဲ့လို့ အဲဒီအချိန်မှာ မုတ်ဆိတ်တွေကျင်စွယ်တွေ ရှိခဲ့မှာပါ။

ရှိခဲ့လျင်လည်း ကြည်ညိုစရာ ဖြစ်နိုင်ပါတယ်။ ဆံတော်ကိုသာပယ်ပြီး မုတ်ဆိတ်ကျင်စွယ်တွေကို မရိတ်မပယ်ပဲထားခဲ့ရင်အဲဒီခေတ် အသီးသီးသောရဟန္တာတွေမှာအိန္ဒိယသား အများအပြားပါလို့နှုတ်ခမ်းမွေးနဲ့ရဟန္တာတွေပါ ရှိသင့်ပါတယ်။ ဒီလိုနှုတ်ခမ်းမွေးနဲ့ ပုံတော်တွေကိုအရှင်ဘုရားနဲ့တပည့်တော်ကဥာဏ်နဲ့ယှဉ်ပြီး ကြည်ညိုနိုင်ပေမယ့်၊မိရိုးဖလာကြည်ညို ကိုးကွယ်လာကြတဲ့ ဒကာ ဒကာမတွေအတွက်တော့ အမြင်ဆန်းလွန်းနေမှာဖြစ်ပါတယ်။

ဘုရားကို ကြည်ညိုကြတဲ့ မြန်မာတွေအနေနဲ့ မြန်မာမင်းသားလေးလိုသာ မြင်ချင် တွေ့ချင် ကြည်ညိုချင်ကြပါတယ်။ ဇာတ်တော်ကြီး ဆယ်ဘွဲ့ ငါးရာငါးဆယ်ဇာတ်နိပါတ်တော် ပန်းချီကားများ ရေးဆွဲရာမှာပင် မြန်မာဘုရင် ကုန်းဘောင်ခေတ်ကဝတ်စားဆင်ယင်မှု ပုံများကိုသာ မြင်လိုကြတယ်။

ဒါကြောင့် အရှင်ဘုရားရဲ့မဟာပုရိသလက္ခဏာ တော်ကြီးနဲ့ ဘုရားပုံတော်ကိုပင်တတိုင်းပြည်လုံးနဲ့ မဆန့်ကျင်ဝံ့လို့တပည့်တော်မှာ ပုန်းရှိုး ကွယ်ရှိုးနဲ့ အခုလိုသေတ္တာထဲမှာထည့်ပြီး ကိုးကွယ်နေရပါတယ်ဘုရား”လို့ မိန့်တော်မူလိုက်တယ်တဲ့။အသာစီးနဲ့လည်းအနိုင်မယူ၊တဖက်သားကိုလည်း မနှိမ့်ချ။

ကြောင်း ကျိုးယုတ္တိကျကျ သာယာ ပျော့ပြောင်းစွာနဲ့မေတ္တာ ရှေ့ထားပြီး မိန့်ကြားတော်မူလိုက်တဲ့လယ်တီဆရာတော်ရဲ့အဆုံးအမစကားကိုနာကြားလိုက်ရတဲ့အခါမှာ ငြင်းခုန်ပြောဆိုဖို့မာန်တင်းလာခဲ့တဲ့ ညောင်ချောင်းဆရာတော်ဦးဥာဏဝံသဟာ အတော်လေး စိတ်ထိခိုက်ပြီး အမြင်မှန်လည်း ရသွားပါတယ်တဲ့။

အမြင်မှန် ရသွားပြီးနောက် စာတတ်ပေတတ်ပညာရှိ ပီသစွာ “တပည့်တော်ရေးသားပြောဆိုခဲ့သမျှကို ဝန်ချတောင်းပန်ပါတယ် ဘုရား” ဆိုပြီး လယ်တီဆရာတော်ကို ပြန်လည်လျှောက်ထားခဲ့ပါတယ်။ ဝန်ချ တောင်းပန်ရုံသာမက သူနေထိုင်ရာဓနုဖြူမြို့နယ်ကို ပင့်ပြီးသူကိုယ်တိုင်ကမကထ ပြုလုပ်ကာ တရားပွဲကိုပါကျင်းပပေးလိုက်ပါသတဲ့။အဲဒီနေ့က စပြီး နှုတ်ခမ်းမွေးပြဿနာလည်းချုပ်ငြိမ်းသွားပါတော့တယ်။

မှီငြမ်း – အောင်ချစ်စိုး (လသာ) ၏နှုတ်ခမ်းမွေးဆရာတော် ဆောင်းပါး။

crd# ဦးနန္ဒိမာ မြစ်ကြီးနားမြို့

winhlaingoo

Likes:
1 0
Views:
1987
Article Tags:
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *