” ကြိုးသမား၏…နောက်ဆုံးနာရီ “(ဖြစ်ရပ်မှန်)

၁၉၄၈ ခုနှစ် ၊ မေလ ၈ ရက်နေ့ နံနက် အရုဏ်တက် ဝေလီ ဝေလင်းအချိန်တွင် ရန်ကုန်မြို့၊ အင်းစိန် အကျဉ်း ထောင်ရှိ ကြိုးတိုက်ခန်းသံတံခါးကိုဖွင့်လိုက်တဲ့ အသံ က ထောင်တစ်ခုလုံးကိုဆူညံ တုန်လှုပ်သွားသည် ဟု ထင်မှတ်လိုက်ရသည်။ ကြိုးတိုက်အတွင်းမှ လူသား သည် မကြာမီ မိနစ်ပိုင်းမျှသော အချိန်လေးအတွင်း၀ယ် ဤလောကကြီးမှ အပြီးအပိုင်ထွက်ခွါရတော့မည် ကို သိထားပြီးဖြစ်ပေရာ သူသည် အဘယ်မျှ တုန်လှုပ်နေ မည်နည်း။

ရုန်းကန် ထွက်ပြေးခြင်းငှာ မည်သို့့မျှ မတတ် နိုင်ပါသော ထိုလူသားသည် မိမိအား လာရောက် ခေါ်ယူသောထောင်အရာရှိနှစ်ဦး၏ရှေ့မှောက်တွင် စိတ် ကို အဆုံးစွန်ုလျှော့ချကာ ရပ်နေစဉ် ကြိုးသမားတို့့ ကြိုးစင်တက် ချိန်တွင်၀တ်ရသည့်ကျောကွဲ၀တ်ရုံဖြူ အင်္ကျီကို၀တ်ဆင်ရန် အင်္ကျီလက်များအတွင်းသို့ သူ့လက်များကိုထိုးပေး လိုက်ရချေပြီ။

သူ့အားနောက်ပြန်လက်ထိပ်ခပ်လိုက်ခြင်းကို ငြိမ်သက် စွာခံယူနေရချိန်၀ယ် သူအဘယ်မျှခြောက်ခြားနေမည် နည်း။သူသည် သံဝေဂရနေပြီလော…၊ နောင်တ ရနေ ပြီလော…၊၀မ်းနည်းနေပြီလော၊ယူကျုံးမရဖြစ်နေပြီလော ၊သို့တည်းမဟုတ်အပြင်းအထန်ကြောက်ရွံ့နေပြီလော။ကြိုးစင်ဆီသို့တစ်လှမ်းချင်းသွားနေစဉ် သူ့လက်တွင် ကိုင်ထားသော စိတ်ပုတီးလေးက သူ့စိတ်နှင့် အတူ ခါရမ်းနေတော့သည်။

၁၉၄၇ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့က ဖြစ်ပါ၏။ထိုနေ့သည် မြန်မာသက္ကရာဇ် ၁၃၀၉ ခုနှစ်၊ဝါဆိုလပြည့် နေ့လည်းဖြစ်၏။မိုးမလင်းသေးမီ နံနက်စောစော အချိန် တွင် ရန်ကုန်မြို့၊အေဒီလမ်းထဲမှ လော်ရီကား တစ်စီး အရှိန်ပြင်းစွာ ထွက်လာကာပြည်လမ်းမပေါ်သို့ တက် လာခဲ့ပြီးပြည်လမ်းအတိုင်းရန်ကုန်မြို့တွင်းဆီသို့တစ်ဟုန်ထိုးမောင်းနှင်သွားခဲ့သည်။

ကားခေါင်းခန်းမှကားမောင်းသူဘေးတွင်လိုက်ပါလာကြသောလူနှစ်ယောက်တို့သည်အတော်လေး ဂဏှာမငြိမ်ဖြစ်နေ ကြသည်။“ ကိုသုခရေ.. ဖြစ်ပါ့မလားဗျ…”“ ကိုသက်နှင်းကလဲ ၊ ပူရန်ကောဗျာ… ၊ ဆရာကြီး တစ်ယောက်လုံးရှိတာဘဲ၊ဘာပူစရာရှိတာမှတ်လို့…”“ ဘာပူစရာရှိတာမှတ်လို့လုပ်မနေနဲ့၊ ရှေ့မှာဂျစ်ကား တစ်စီးလာနေတာတွေ့လား… ”သက်နှင်းပြောမှ…… သုခကရှေ့ကိုကြည့်လိုက်မိသည်။

ဂျစ်ကားတစ်စီးကသူတို့ကားရှေ့တည့်တည့်မှလာနေ သည်ကိုတွေ့လိုက်ရသည်။လမ်းမီးရောင်အောက်တွင်ဦးပေါင်းအနီများပေါင်းထားသည့် ပထန်စစ်ရဲများ စီးနင်း လာသည့် ဂျစ်ကားကိုမြင်လိုက်ရသဖြင့်နှစ်ယောက်သား ထိတ်ထိတ်ပြာပြာ ဖြစ်သွားကြတော့သည်။“ ဘယ်လိုလုပ်ကြမလဲ၊ ဒုက္ခတော့တွေ့ပြီမှတ်တယ် ”“ မီးစင်ကြည့် က တာပေါ့ဗျာ ”စစ်ရဲကားကသူတို့ကိုကျော်သွားတော့ စိတ်အေးရပြီဟု မှ မတွေးရသေးမီ ကားက ရပ်သွားပြီး ကားပေါ်မှရဲများ က သူတို့လော်ရီကားကိုလှမ်းကြည့်နေကြသည်။

ခဏကြာတော့ ကားကိုပြန်ကွေ့ကာ…လော်ရီကားက နောက်မှလိုက်လာနေသည်ကို သုခတို့ကားနောက်မှန် မှ မြင်နေရသည်။“ ကိုယ်ကျိုးနည်းပြီတော့ ထင်ပါရဲ့ ”သက်နှင်းက ထိတ်ထိတ်ပြာပြာဖြစ်နေသည်။“ ခင်ဗျား ဘယ်လိုဖြစ်နေတာလဲ၊ကိုယ့်ဘာကိုယ် မှင်နဲ့ နေစမ်းပါ ”သုခက ဟောက်လိုက်သဖြင့် သက်နှင်းငြိမ်သွားသည်။

စစ်ရဲကားက သူတို့ကားကိုကျော်တက်သွားပြီး လမ်း ကြားတစ်ခုထဲသို့ချိုး၀င်သွားတော့မှ နှစ်ယောက်သား သက်ပြင်းချနိုင်တော့သည်။လော်ရီကား၏နောက်ခန်း ၀ယ်ထင်းရူးသေတ္တာကြီးနှစ်လုံးပါလာသည်။ထိုသေတ္တာ များကြောင့်သူတို့ဤမျှအထိတ်တလန့်ဖြစ်ကြရခြင်းဖြစ်ပေသည်။ထိုသေတ္တာကြီးနှစ်လုံးထဲတွင်ဘရင်းဂန်း သေနတ်များအပြည့်ထည့်ထားသည်။

ထိုရက်များသည် ရန်ကုန်မြို့တွင် နိုင်ငံရေးအခြေအနေများက ရှုပ်ထွေး နေချိန်ဖြစ်သည်။မင်္ဂလာဒုံရှိ စစ်လက်နက်ပစ္စည်းတပ်မှ လက်နက်များ အများအပြားပျောက်ဆုံးသည့် သတင်း ကြောင့်လူတွေအထိတ်တလန့်ဖြစ်နေကြသည်။ ထိုလက်နက်များထဲမှ အလက် ၂၀၀ ခန့်သည် သုခနှင့် သက်နှင်းတို့စီးနင်းလာသောလော်ရီကား၏နောက်ခန်း တွင်ပါလာခဲ့လေပြီ။မကြာမီမှာပင်မော်တော်ဆိပ်သို့ ရောက်ရှိခဲ့ကြပြီး ကားကို ရပ်လိုက်ကြသည်။ ကားရပ်လိုက်သည်နှင့် ကူလီများပြေးလာကြသည်။မိုးထိန်ထိန်လင်းနေပေပြီ။

ဆိုက်ဂိုက်ကောင်းသော သက်နှင်းက…“နောက်က သေတ္တာ ၂ လုံးကို ကျိုက်လတ်မော်တော် ပေါ် ချကွာ” ဟုကူလီများကိုပြောလိုက်ရာ ကူလီများက လော်ရီပေါ်တက်ကာ သေတ္တာကြီး ၂ လုံးကိုမကြသည်။“ အားပါး ၊ အရမ်းလေးတယ် ဆပ်၊ ဘာတွေလဲ ”“ဘာတွေဖြစ်ဖြစ် မင်းနဲ့ဘာဆိုင်လဲကွာ၊စက်ပစ္စည်းတွေ ဘဲ၊ လေးမှာပေါ့ကွ ”သက်နှင်းဟောက်လိုက်သဖြင့် ကူလီတွေဘာမှ မပြော တော့ဘဲ အဖော်များကိုအော်ခေါ်ကာ ဗားလေးဆပ်ဟု သံပြိုင်အော်ကြရင်း လေးလံလှသောသေတ္တာကြီး ၂လုံး ကို မော်တော်တွင်းသို့ထမ်းပိုးဖြင့် ထမ်းချပေးကြသည်။

မြစ်ဆိပ်တွင်ပုလိပ်များရှိနေသော်လည်းဘာမှလာမေးခြင်းမရှိသဖြင့်သက်နှင်းတို့စိတ်အေးသွားရတော့သည်။ မော်တော်ပေါ်မှဆူကာနီခေါ်မော်တော်စာရေးက ကူလီ တွေမနိုင်မနင်းသယ်နေသည်ကို မြင်ကာ သဘောကျ နေသည်။ကုန်ပစ္စည်းလေးလေ မော်တော်ခ များများ ရလေ မဟုတ်ပါလား။နံနက် ၇ နာရီတွင် မော်တော်က ရန်ကုန်မြို့မှ ၄၈ မိုင် ကွာဝေးသည့်ကျိုက်လတ်မြို့လေးဆီသို့ ဦးတည် မောင်းနှင်သွားတော့ သည်။ကျိုက်လတ်သို့ မွန်းလွဲ ၁ နာရီလောက်တွင် မော်တော် ဆိုက်သည်။

သက်နှင်းနှင့်သုခတို့သည် ကိုယ့်အိမ် ကိုယ် ပြန်ကြပြီး သေတ္တာထဲမှသေနတ်များကို၊ ဂုံနီ အိတ်များအတွင်းထည့်၍လုံခြုံအောင်အိမ်အောက်တွင် ဝှက်ထားလိုက်ကြတော့သည်။သုခ နှင့် သက်နှင်းတို့သည် ကျိုက်လတ်တွင် တစ်မြို့ တည်းနေကြသူများဖြစ်ကြသော်လည်းကနဦးက ခင်မင် ရင်းနှီးမှုမရှိခဲ့ကြပါချေ။

စစ်အုပ်ချုပ်ရေး(ကက်စ်ဘီ)ခေတ် တွင်သုခကရန်ကုန်သို့တက်လာကာ ရွှေတောင်တန်း လမ်းတွင်ပွဲရုံတစ်ရုံထောင်ကာစီးပွားရေးလုပ်ခဲ့သည်။သုခနှင့်စပ်တူအလုပ်လုပ်နေသောကိုအေးကျော်နှင့် ပတ်သက်၍ သက်နှင်းက ပွဲရုံတွင်ကုန်ပစ္စည်းများ မကြာ မကြာလာချရာမှ တစ်မြို့တည်းသား နှစ်ယောက်ရင်းနှီး ကျွမ်း၀င်ခဲ့ကြသည်။သက်နှင်းက စစ်မဖြစ်မီက ကျိုက်လတ်မြို့တွင် မျိုးချစ် ပါတီခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး ဂဠုန်ဦးစောကို အလွန်ကြည်ညို လေးစားသူတစ်ယောက်ဖြစ်သည်။

ဦးစောကို သူ၏ ဆရာကြီးတစ်ယောက်အဖြစ်သတ် မှတ်ထားသည်။သုခက ပွဲရုံလုပ်ငန်းမကောင်းတော့၍ ဖြုတ်လိုက်ချိန် တွင် သက်နှင်းက သူရိယတိုက်တွင် မန်နေးဂျင်း ဒါရိုက်တာလုပ်နေသော ဦးစောထံသို့သုခကို နှစ်ကြိမ် ခေါ်သွားခဲ့ဖူးသည်။တစ်ရက်တွင် သက်နှင်း က သုခ ထံ ရောက်လာပြီးယူဂန္ဓာသွားမည့်ဦးစောအားလိုက်ပို့ရန်အဖော်ခေါ်ရာဦးစောနှင့်သုခတို့တတိယအကြိမ်ဆုံဖြစ်ခဲ့ကြသည်။

နောက်ပိုင်းတွင်အလုပ်မကောင်းတော့၍ သုခ ကျိုက်လတ် သို့ ပြန်ပြောင်းခဲ့ရသည်။တစ်ရက်တွင် ကျိုက်လတ်၌ရှိနေစဉ် သုခထံသို့ စာရွက် တစ်ရွက်ရောက်လာသည်။စာရွက်ပေါ်တွင် ကျိုက်လတ် မြို့နယ် မျိုးချစ်ပါတီကိုပြန်လည်ဖွဲ့စည်းကြောင်း၊ဥက္ကဋ္ဌ ဦးကြည်တင် ၊ အတွင်းရေးမှူး ဦးသက်နှင်း၊ တွဲဘက် အတွင်းရေးမှူးဦးသုခတို့ဖြစ်ကြောင်း ၊ဦးသက်နှင်းအိမ် တွင်ကျင်းပသော အစည်းအဝေးကဖွဲ့စည်းပေးကြောင်း စသည်ဖြင့်ပုံနှိပ်စာလုံးများဖြင့်ရိုက်နှိပ်ထားသည်။

သုခက သူဘာမှမသိရဘဲ စာရွက်ထဲတွင်သူ့နာမည်ပါနေ၍ အံ့သြနေမိသည်။သက်နှင်းနှင့်လူချင်းကလည်း ရင်းနှီး နေကြသည်ဖြစ်သည့်အပြင် ပြဿနာ တစ်စုံတစ်ရာ မဖြစ်နိုင်ဟုယူဆကာ သုခကသက်နှင်းကိုဘာမှ မပြော ဘဲနေလိုက်မိခြင်းသည်ပင် ကြီးစွာသောအမှားဖြစ်ခဲ့မှန်း အချိန်လွန်တော့မှ သုခ သိခဲ့ရတော့သည်။

ရန်ကုန်တွင်ရရန်ရှိသော အကြွေးများတောင်းရန် သုခ သည် ရန်ကုန်သို့လာခဲ့ရာ သက်နှင်းလည်းအတူ လိုက် လာခဲ့သည်။သက်နှင်းကသုခကိုဦးစောအိမ်သို့ထပ်မံခေါ်သွားပြန်ရာ သုခလည်း လိုက်လာခဲ့ရပြန်သည်။ ဦးစော ကို သက်နှင်းက သုခ အကြောင်းဘာတွေ ပြော ထားသည် မသိ။ဦးစောက သုခကို မြင်သည်နှင့် “ကိုသုခကို ပြောစရာတစ်ခုရှိတယ်ဗျာ၊ကိုသက်နှင်း က ပြောပြထားလို့ ကိုသုခရဲ့သမာဓိကိုတော့ ယုံကြည်ပြီး သားပါဘဲ” ဟု အစချီကာ မာကင်တိုင်ဘဏ်ကို ဓားပြ တိုက်ရန် စည်းရုံးခဲ့သည်။

သုခက ဘာမှ အဖြေမပေးဘဲ နေခဲ့သည်။နိုင်ငံသိနိုင်ငံရေးသမားကြီးဂဠုန်ဦးစောကိုယ်တိုင်က ဘဏ်ဓားပြတိုက်ရန်ပြောသည်ကိုနားဖြင့် ကိုယ်တိုင်ကြားလိုက်ရသည်ကို သုခ မယုံနိုင်အောင် ဖြစ်မိခဲ့သည်။ “နိုင်ငံရေးလုပ်တယ်ဆိုတာ ငွေလိုတယ်ဗျ၊ငွေရှိမှဖြစ်မှာ ၊ဒီတော့ နာရီ၀က်အတွင်း သိန်း ၅၀ လောက် သေချာ ပေါက်ရဖို့ အလုပ်ကိုလုပ်ရမယ်၊ဒါသေချာတာဘဲ၊ဖြစ်ပါ့ မလားရယ်လို့တော့တွေးမနေနဲ့တော့၊သေချာပေါက် ဖြစ်တယ်”ဦးစောကိုကြည့်ကာ သုခ ကြောက်လာမိသည်။

နောက် နေ့တွင်ကျိုက်လတ်သို့သက်နှင်းတို့သုခတို့ပြန်ခဲ့ကြသည်။ကျိုက်လတ်တွင်ရှိနေစဉ် သုခ ထီငါးရာဆုပေါက်ခဲ့ရာ ထီဆုငွေထုတ်ရန် ရန်ကုန်သို့သွားခဲ့ရပြန်သည်။ ထုံးစံ အတိုင်းသက်နှင်းလည်းလိုက်လာခဲ့ရာ ဦးစောအိမ်မှ ကားဖြင့်လာကြိုကာ သုခတို့နှစ်ယောက်လုံးကို အေဒီ လမ်းရှိ ဦးစောအိမ်သို့ခေါ်သွားခဲ့သည်။

သက်နှင်း ဘာတွေလုပ်ထားသည်ကို သုခ မသိ။ထိုနေ့မှစ၍ သုခ ရော သက်နှင်းပါ မာကင်တိုင်ဘဏ်ကိုလည်း ဓားပြ မတိုက်ဖြစ်၊ကျိုက်လတ်သို့လည်းမပြန်ဖြစ်ကြတော့ဘဲ ဦးစော အိမ်တွင် သောင်တင်နေခဲ့သည်။သုခနှင့်သက်နှင်းတို့ဦးစောအိမ်တွင်ရှိနေစဉ် တစ်ရက် တွင် သေနတ်ကျည်ဆံများသယ်ယူလာသော လော်ရီ ကားနှစ်စီးရောက်လာခဲ့သည်။

ဦးစောကများးပြားလှသောကျည်ဆံများအားအင်းယားကန်အတွင်း၌်လည်းကောင်း၊သူ့ခြံအတွင်းး၌်လည်းကောင်းသိုဝှက်ထားခဲ့သည်။နောက်တစ်ရက်၊နှစ်ရက်တွင်ဘရင်းဂန်းသေနတ် များနှင့်ပြောင်းပိုများပါလာသော လော်ရီကားကြီးတစ်စီး ထပ်မံ ရောက်လာပြန်သည်။

ဦးစောက… “ဂဠုန်ကွ”ဟု လက်သီးဆုပ်ကာပြုံးရွှင်စွာဟစ်အော်သည်ကို သုခ နား မလည်နိုင်ခဲ့။တစ်ခုသော ညနေခင်း၀ယ် ဦးစောက သုခအား“ကိုသုခ၊ကျွန်တော်တို့မှာအရေးကြီးတဲ့ကိစ္စတစ်ခုရှိတယ်၊ကိုသုခကားမောင်းပေးရလိမ့်မယ်၊ဘယ်နှယ့်လဲ၊ မောင်းနိုင်ပါ့မလား” ဟုမေးမြန်းရာကိုသုခကလည်း“ မောင်းတာပေါ့ ” ဟု ခပ်ပေါ့ပေါ့ပင် အဖြေပေးခဲ့သည်။

ထိုနေ့သည်ကား ၁၉၄၇ ခုနှစ် ၊ ဇူလိုင်လ ၁၈ ရက်နေ့ ဖြစ်ပါ၏။နောက်နေ့ဇူလိုင်က ၁၉ ရက်နေ့ နံနက်တွင် ဦးစော ခြံထဲတွင် လူတွေလှုပ်လှုပ်ရှာရှားဖြစ်နေခဲ့ကြသည်။“အားလုံးယူနီဖောင်းတွေ၀တ်ကြ” ဟု ဦးစောကအမိန့် ပေးနေသဖြင့် ခြံထဲမှလူများအားလုံး စစ်ယူနီဖောင်းများ ၀တ်ကြရသည်။

နံနက် ၁၀ နာရီတိတိတွင် ဦးစောက သွားကြတော့ဟုပြောလိုက်ရာ မောင်စိုး၊ သက်နှင်း၊ စိန်ကြီးနှင့် ရန်ကြီးအောင်တို့လိုက်ပါလာသော ဂျစ်ကား ကို သုခက မောင်းနှင်ခဲ့သည်။သုခသည် မောင်စိုးမောင်း ခိုင်းသည့် လမ်းအတိုင်း ဂျစ်ကားကိုမောင်းလာခဲ့ရာ အတွင်း၀န်ရုံးအရောက်တွင် သက်နှင်း၊ မောင်စိုး၊ စိန်ကြီးနှင့် ရန်ကြီးအောင်တို့ကသေနတ်များဆွဲကာ ရုံး ပေါ်သို့တက်သွားကြသည်။

သုခက ကားစက် မသတ် ဘဲ ကားပေါ်မှာပင်စောင့်နေခဲ့ရသည်။ထိုအချိန်သည် နံနက် ၁၀ နာရီ ၃၇ မိနစ် ဖြစ်ပေသည်။။ သက်နှင်းသည် ကြိုးတိုက်ရောက်မှ စိတ်ပုတီးကိုလက်မှ မချတမ်း စိတ်ဖြစ်ခဲ့လေပြီ။ ဦးစောနှင့်သူတို့သည်… ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်တွင်အဖမ်းခံကြရပြီး… ထိုနှစ်ဒီဇင်ဘာ ၃၀ ရက်တွင်သေဒဏ်ချမှတ်ခံခဲ့ရသည်။

၁၉၄၈ ခုနှစ် မေလ ၇ ရက်နံနက်ပိုင်းတွင်ဘုန်းတော်ကြီး သုံးပါး အင်းစိန်ထောင်ကြိုးတိုက်သို့ကြွလာကာတစ်မြို့ တည်းသားသူငယ်ချင်းနှစ်ယောက်ဖြစ်ကြသော သက်နှင်း နှင့် သုခ၊တို့ကိုအခြား သေဒဏ်ကျသူများ နှင့်အတူ သရဏဂုံတင်ပေးကြသည်။ ထူးထွေသည့် အံ့ရာသော်ဟု ပြောရမည်သာပင်၊ သရဏဂုံတင်ပြီးမှ သုခနှင့်မောင်နီကိုသေဒဏ်မှလွှတ်ကာ တစ်သက် တစ်ကျွန်းဒဏ်ကိုသာကျခံစေရမည်ဟု အမိန့်စာ ရောက်လာသဖြင့် သူတို့နှစ်ယောက်ကိုကြိုးတိုက် မှ ထုတ်၍ အခြားအဆောင်သို့ပြောင်းပေးလိုက်သည်။

ဦးစော၊ သက်နှင်း၊ မောင်စိုး ၊ မှုံကြီး၊ ရန်ကြီးအောင်၊ စိန်ကြီး တို့ခြောက်ယောက်၏ သေဒဏ်ကအတည် ဖြစ်ခဲ့လေပြီ။ကြိုးစင် သံပြားပေါ်တွင် သက်နှင်း နှင့်မောင်စိုးတို့ ရပ် နေကြသည်။သူတို့နှစ်ယောက်ကိုကြိုးတိုက်မှ အပြင် သို့ရောက်အောင်ထောင်၀န်ထမ်းများကခဲခဲယဉ်းယဉ်းထုတ်ခဲ့ရသည်။သူတို့နှစ်ယောက်လုံးသည်အထူး ပင် တုန်လှုပ်ခြောက်ခြားနေခဲ့ကြသည်။သေရမည့်အရေးကို ရင်မဆိုင်ရဲအောင် ကြောက်ရွံ့ခဲ့ကြသည်။ခြေ မကိုင် မိ၊ လက်မကိုင်မိ ဆောက်တည်ရာမရ ဖြစ်နေခဲ့ကြသည်။

မည်သို့ပင်ဖြစ်နေစေကာမူ နောက်ဆုံးတွင် ကြိုးစင် သံပြားများပေါ်သို့သူတို့နှစ်ယောက်ရောက်ရှိခဲ့ရချေပြီ။အင်းစိန်ထောင်ကြိုးစင်တွင် နှစ်ယောက်တစ်ပြိုင်တည်း ကြိုးပေးနိုင်သဖြင့် သက်နှင်းနှင့်မောင်စိုးအတူ ရပ်နေ ကြရချေပြီ။အကယ်၍ သုခသာ သေဒဏ် မှ ကင်းလွတ် ခွင့်မရခဲ့ လျှင် သက်နှင်း နှင့် သုခ သူငယ်ချင်းတို့ နှစ်ယောက်တို့သည်အတူတူကြိုးစင်ပေါ်တွင် တပြိုင် တည်းရှိနေကြမည်ဖြစ်ပေသည်။

သုခ သေဒဏ်မှ လွတ် သွားခဲ့၍ သူတို့နှစ်ယောက် သံပြားပေါ်ရပ်နေကြရချိန် တွင်မူ မတုန်မလှုပ်ကျောက်ရုပ်များပမာငြိမ်နေခဲ့ကြ သည် ။သူတို့ ဦးခေါင်းကိုစွပ်ထားသော ခေါင်းစွပ်အိတ် ဖြူ (Death Cap)အောက်မှ သူတို့၏မျက်လုံးများသည် မည်သို့ဖြစ်နေကြပေမည်နည်း…သူတို့ဘာကိုတွေးမိနေကြမည်နည်း…

ဘာကို အာရုံ ရနေကြနေလိမ့်မည်နည်း…သံဝေဂများ၊ နောင်တများ၊ သောကများ၊ ဗျာပါဒများ၊ ပူဆွေးမှုများ၊တုန်လှုပ်မှုများ၊ကြောက်ရွံ့မှုများ၊ငိုကြွေးမှုများ၊ ပြီးတော့……မျက်ရည်များ…….များစွာသော များစွာများနှင့်အတူ….…နင်းထားသော…သံပြားကပွင့်ထွက်သွားလေပြီ။

သက်နှင်းလက်ထဲတွင်တင်းကြပ်စွာဆုပ်ကိုင်ထားသော စိတ်ပုတီးလေးက သက်နှင်းနှင့်အတူကြိုးစင်အောက် သို့လိုက်ပါသွားခဲ့တော့သည်။

သို့သော်…ပိုင်ရှင်လက်ထဲမှ…လွတ်ထွက်မသွားခဲ့ပါ… တကား…

ကိုးကား ; လူထုဦးလှ၏ ထောင်နှင့်လူသားသန်း၀င်းလှိုင်၏ ဂဠုန်ဦးစော၏နောက်ဆုံးနေ့များဒေါက်တာမောင်မောင်၏ နိုင်ငံတော်လုပ်ကြံမှု။

Credit_ကောင်းစည်သူ

Likes:
1 0
Views:
15175
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *