ဦးသော် ပန်းကန်စက်

ဒီရက်ပိုင်းအတွင်း ၁၉၄၉ခုနှစ် ရန်ကုန်မြို့မှာ ဖြစ်ပွါးခဲ့တဲ့ အင်းစိန်တိုက်ပွဲ အကြောင်း လေ့လာဖတ်ရှုခဲ့တယ်။ စစ်ပွဲ ဖြစ်ပွါးရတဲ့ အကြောင်းရင်းကို ရှုထောင့် ပေါင်းစုံကနေ လေ့လာသုံးသပ်ဖို့ လိုအပ်တာကို သတိပြုမိတယ်။ စစ်မြေပြင်၊ စစ်စခန်း၊ စစ်ဒါဏ် ခံရတဲ့ နေရာတွေ အကြောင်း ဖတ်ရှုတဲ့အခါ ကိုယ်မသိသေးတဲ့ အချက်အလက်အချို့ကိုလည်း သိရှိရပါတယ်။

အင်းစိန်တိုက်ပွဲမှာ အထင်ကရ ဖြစ်ခဲ့တဲ့ နေရာတွေက …စောဘင်ဆင်ခြံ၊ဂျမားခြံ၊ ခဝဲခြံ၊ဦးစက္ကိန်ကျောင်း၊ပွင့်၁၂၂ အိမ်နီကြီးတောင်ကုန်း၊မင်းဓမ္မကုန်း၊နွားထိုးကုန်း၊ကြို့ကုန်း၊စောဘွားကြီးကုန်း၊တောင်သူကုန်း၊တရုတ်သချိုင်း၊ကျမ်းစာသင်ကျောင်း၊တိရစ္ဆာန်ဆေးကုဝင်း၊မီးရထားခေါင်းတွဲစက်ရုံ၊သမိုင်းဘူတာ၊ဦးသော် ပန်းကန်စက် တို့ ဖြစ်ပါတယ်။

ဒီအထင်ကရ ဖြစ်ခဲ့တဲ့နေရာတွေထဲက ဗိုလ်ချုပ်အောင်ဆန်း တရုတ်နိုင်ငံ အမွိုင်မြို့သို့ မထွက်ခွါမီ ပုန်းအောင်းနေထိုင်ခဲ့ရတဲ့ ဦးသော် ပန်းကန်စက် အကြောင်း မျှဝေလိုပါတယ်။ကျွန်တော် ဖတ်ဖြစ်တဲ့ FAM TOURS post တခုမှာ ရေးသားထားတဲ့ ဦးသော် နဲ့ သူတည်ထောင်ခဲ့တဲ့ ပန်းကန်စက်အကြောင်းက ဒီလိုပါခင်ဗျာ ………….

ဦးသော်ကို ၁၈၉၃ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့တွင် ပေါင်းတည်မြို့ ၌ မွေးဖွားသည်။ အဖ ဆန်စက်ပိုင်ရှင် သူဌေး ဦးဘိုးဆင့်၊ အမိ ဒေါ်သက် ဖြစ်သည်။ မွေးချင်း သုံးယောက်တွင် ဦးသော်သည် အကြီးဆုံးသား ဖြစ်သည်။ဦးသော်သည် ၁၉၀၀ ပြည့်နှစ်တွင် စတင် ပညာသင်ယူသည်။ ၁၉၁၂ ခုနှစ်၌ ပြည်မြို့ အစိုးရအထက်တန်းကျောင်းက မက်ထရစ်စာမေးပွဲ အောင်သည်။

ကျောင်းသားဘဝ ငယ်စဉ်ကပင် မိဘများ၏ ဆန်စပါး ရောင်းဝယ်ရေးနှင့် ဆန်စက်လုပ်ငန်းများကို ကူညီ လုပ်ကိုင်ပေးခဲ့သည်။၁၉၁၃ ခုနှစ်တွင် စီးပွားရေး လောကသို့ ဝင်ရောက်သည်။ ယင်းနှစ်မှာပင် ဒေါ်လှခင်နှင့် လက်ထပ်သည်။ ပေါင်းတည်၊ ဇီးကုန်း၊ ရွှေတောင်၊ နတ်တလင်း၊ဟင်္သာတရှိ ဖခင်၏ ဆန်စက်များကို စီမံအုပ်ချုပ်ရသည်။

အိမ်ထောင်ကျပြီးနောက် ဟင်္သာတ ဆန်စက်ကို သီးခြားတာဝန်ယူ ဆောင်ရွက်သည်။ ဖခင် ဦးဘိုးဆင့်သည် ပထမကမ္ဘာစစ် မဖြစ်ပွါးမီကာလတွင် နိုင်ငံခြား ကုမ္ပဏီများနှင့် ဆန်ရောင်းဝယ် တင်ပို့ရန် သဘောတူစာချုပ် ချုပ်ဖြစ်သည်။ စာချုပ် ချုပ်ပြီးနောက် ပထမကမ္ဘာစစ် ဖြစ်ပွါးလေသည်။ပထမစစ်ကာလ ပင်လယ်ပြင်တွင် စစ်ပွဲများ ဖြစ်နေသောကြောင့် ဥပဒေအရ စာချုပ်ပါ ကတိဖောက်ဖျက်ရာမရောက်ကြောင်း ရှေ့နေများကလည်း အကြံပြုကြသည်။

သို့ရာတွင် ဦးဘိုးဆင့်က ‘မင်းမှာသစ္စာ လူမှာကတိ’ ဆိုရိုးအတိုင်း စာချုပ်ပါ အချက်များကို မိမိကစပြီး မဖောက်ဖျက်လိုကြောင်း၊ မြန်မာတွေ ကတိမတည်ဘူး ဟူ၍လည်း လူမျိုးခြားများ၏ ပြစ်တင်ဝေဖန် ပြောဆိုခြင်းကိုလည်း မခံချင်ကြောင်း ပြောပြီး ကိုယ်တိုင်သွားပို့ရန်ပြင်ဆင်ခိုက် အသက် (၂၁) နှစ် အရွယ်သာရှိသော သားဖြစ်သူ ဦးသော်က ………”သေစရာရှိလျှင် မောင်သော် အသေခံပါမည်၊

ဖေဖေ အသေခံစရာမလို” ဟု ပြောကာ ပထမကမ္ဘာစစ်အတွင်း ၁၉၁၄ ခုနှစ်တွင် ဂျပန်သင်္ဘောအား စင်းလုံးငှား၍ အိန္ဒိယသမုဒ္ဒရာကို ဖြတ်ပြီး အိန္ဒိယနိုင်ငံသို့ သူကိုယ်တိုင် ဦးဆောင်ကာ ဆန်တင်ပို့ ရောင်းချခဲ့သည်။ အိန္ဒိယသမုဒ္ဒရာ ဘင်္ဂလားပင်လယ်အော် ဖြတ်ပြီး ပထမကမ္ဘာစစ်အတွင်း ပထမဦးဆုံး စွန့်စားသွားရောက်ခဲ့သော အသက်အငယ်ဆုံး ဗမာလူမျိုး ဆန်ကုန်သည်ကြီးတစ်ဦးဟု ထိုစဉ်က နေ့စဉ်ထုတ် သတင်းစာများတွင် ဓာတ်ပုံနှင့်တကွ ရေးသားချီးကျူးခြင်း ခံရသည်။

၁၉၁၅ ခုနှစ်တွင် ဇီးကုန်းဆန်စက်ကို တာဝန်ယူ အုပ်ချုပ်သည်။ ပြုတ်ဆန်ကို စမ်းသပ်တင်ပို့ရာ အောင်မြင်ခဲ့သည်။ အိန္ဒိယသို့ ဆန်တင်ပို့ရောင်းချသည့်လုပ်ငန်းကိုလည်း ဆက်လက်ဆောင်ရွက်သည်။ ကာလကတ္တားမြို့ အထိ သွားရောက်ပညာသင်ကြားခဲ့ဖူးသူ ဖြစ်ရာ အင်္ဂလိပ်စာကို ကောင်းစွာတတ်ကျွမ်းသူ ဖြစ်သည်။ကာလကတ္တားတွင် ဝန်မင်း ဦးဘတူ၊ ဒေါက်တာသိန်းမောင်၊ ကာလကတ္တား ပန်းကန်စက်ပိုင်ရှင် မဟာရာဇာစော်ဘွား ကာဆင်ဗဇား တို့နှင့် ရင်းနှီးခင်မင်ရာမှ ပန်းကန်စက် လုပ်ငန်းကို စိတ်ဝင်စားလာသည်။

သမားရိုးကျ ဆန်ကုန်သည် စီးပွားရေး လုပ်ငန်းမှ စက်မှုလက်မှု လုပ်ငန်းရှင် အဖြစ် စွန့်စား ဆောင်ရွက်ရန် ဖခင် ဦးဘိုးဆင့်ထံ ခွင့်ပြုချက် တောင်းခဲ့သည်။ ဖခင်၏ငွေငါးသိန်း (ထိုခေတ်က ရွှေတစ်ကျပ်သားကို မြန်မာကျပ် ၁၀ ကျော်သာရှိ) ခွင့်ပြုချက်ဖြင့် ဇီးကုန်းမြို့ မှ ကိုဖိုးမြိုင်ကို ကာလကတ္တားသို့ ပို့၍ မဟာရာဇာ ၏ ပန်းကန်စက်တွင် သုံးနှစ်တာ ပညာသင်စေခဲ့သည်။

၁၉၂၀ ပြည့်နှစ်တွင် ရန်ကုန်မြို့ သမိုင်းနှင့် ကြို့ကုန်းကြားတွင် မြေ ၁ဝ ဧက ဝယ်ယူ၍ ပန်းကန်စက် လုပ်ငန်း စတင်ခဲ့သည်။ တနှစ်အတွင်း ငွေ ငါးသောင်းခန့် ဆုံးရှုံးခဲ့သည်။ ၁၉၃၃ ခုနှစ်တွင် ရန်ကုန်သို့ ပြောင်းရွှေ့ နေထိုင်ကာ ပန်းကန်စက် လုပ်ငန်းကို ကိုယ်တိုင် ကြီးကြပ်သည်။ ပန်းကန်စက် လုပ်ငန်း အတွက် မြေစေး စမ်းသပ်သည့် လုပ်ငန်းကို ဦးဖိုးမြိုင်၊ လုပ်သား ငါးယောက်တို့နှင့်အတူ ကြိုးစား လုပ်ဆောင်သည်။

၁၉၂၃ ခုနှစ်တွင် ဖခင် ဦးဘိုးဆင့်နှင့် အတူ ကာလကတ္တားသို့ ထပ်မံ သွားရောက်ပြီး ပန်းကန်စက် လုပ်ငန်းကို လေ့လာသည်။ ထို့နောက် အိန္ဒိယမှ စက်ပညာရှင် မစ်စတာဒတ်ကို ငှားရမ်း၍ သမိုင်းပန်းကန်စက်ကို စတင်သည်။ ဂျာမန် စက်ပစ္စည်းများကို မှာယူ၍ တည်ဆောက်ရာ ၁၉၂၅ ခုနှစ်၊ မတ်လတွင် ပြီးစီးသည်။ ငွေငါးသိန်းခန့် ကုန်ကျခဲ့သည်။

ပန်းကန်စက် လုပ်ငန်းကို ဦးသော် တာဝန်ယူခဲ့သည်။ သို့သော် နည်းပညာ အခက်အခဲကြောင့် အောင်မြင်မှု မရခဲ့ချေ။ နောက်ဆုံးတွင် ဦးသော်ကိုယ်တိုင် လူမျိုးခြားပိုင် ဆန်စက်တွင် တလလျှင် လခ ၂၅ဝ ကျပ်ဖြင့် မန်နေဂျာ ဝင်လုပ်ခဲ့ရသည်။၁၉၃၁ ခုနှစ်တွင်သူဌေး ဦးသော်၏ ပန်းကန်စက်မှ မြေစိုက်ပန်းအိုးနှင့် လက်ဖက်ရည်ကရားများ စတင် ထုတ်လုပ်နိုင်ခဲ့သည်။

၁၉၃၄ ခုနှစ်တွင် အင်္ဂလန်၌ ပန်းကန်စက်ပညာ သင်ခဲ့သော ဦးကျင်၏ အကူအညီဖြင့် ခေါင်းပွကြွေထည်များ ထုတ်လုပ်နိုင်၍ အောင်မြင်မှု စတင် ရရှိလာခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် အစိုးရချေးငွေ တစ်သိန်းရခဲ့သဖြင့် အင်္ဂလန်မှ ပန်းကန်ပြားစက် အသစ်မှာယူကာ လုပ်ငန်းကို တိုးချဲ့သည်။၁၉၄၀ ပြည့်နှစ်တွင် ပန်းကန်ချောများ အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ပြီး တစ်လလျှင် ပန်းကန်ပြား ဒါဇင်ပေါင်း တသောင်းကျော် ထုတ်လုပ်နိုင်ခဲ့သည်။ သို့သော် ဒါဇင် ငါးထောင်ခန့်သာ ဈေးကွက်ရှိသည်။

ထိုစဉ်က ဦးသော်၏ ပန်းကန်ပြားများသည် ဂျပန် ပန်းကန်ပြားများကို အသာရခဲ့သည်။သမိုင်းရှိ ဦးသော်၏ ပန်းကန်စက်သည် ကိုလိုနီခေတ်တွင် တစ်ခုတည်းသော ဗမာတိုင်းရင်းသားပိုင် ပန်းကန်စက်ဖြစ်သည်။ ဦးသော်ပန်းကန်စက် တည်နေရာမှာ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ သမိုင်းမြို့သစ် မီးရထားဘူတာရုံအနီး ဖြစ်သည်။

ဦးသော်ပန်းကန်စက်၏ လုပ်ငန်းများတွင် ဂျပန်များက အဓမ္မဝင်ရောက် ဦးစီးလုပ်ကိုင်သည်။ သို့ရာတွင် ဦးသော်ပန်းကန်စက်တွင်လည်း ဂျပန်များက အစုစပ်အဖြစ်ပါဝင်၍ ဦးစီးလုပ်ကိုင်သည်ဟု ဂျပန်အလိုတော်ရိများက မဟုတ်မမှန် ဝါဒဖြန့်ချိခဲ့သည်။အမှန်စင်စစ်အားဖြင့် ၁၉၄၂ ခုနှစ်မှ ၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်စစ်သားတို့သည် ဦးသော်ပန်းကန်စက်ကို အတင်းအဓမ္မသိမ်းယူလိုက်ခြင်းဖြစ်သည်။

ဂျပန်စစ်တပ်အတွက် လိုအပ်သော ပစ္စည်းများ၊ ဟင်းချိုသောက် မြေပန်းကန်များ၊ အခြားကြွေထည်အသေးအဖွဲများနှင့် စစ်မြေပြင်သုံးကြွေသီးများ သိန်းသန်းချီ၍ ထုတ်လုပ်ကြသည်။ စက်ရုံဝင်းအတွင်း၌ လက်ပစ်ဗုံးများလည်း ထုတ်လုပ်သည်။ စက်ရုံပိုင်ရှင်ဦးသော်သည် အမည်ခံသာဖြစ်၍ ပန်းကန်စက်မှာ ဂျပန်စစ်သားများ၏ အတင်းအဓမ္မကြီးစိုးပိုင်ဆိုင်မှုအောက်တွင် ရှိခဲ့သည်။

နောက်ပိုင်းတွင် မဟာမိတ်တို့၏ ဗုံးကြဲတိုက်ခိုက်မှုကိုခံရ၍ လုပ်ငန်းရပ်ဆိုင်းသွားသည်။၁၉၄၅ ခုနှစ်တွင် ဂျပန်တို့အရေးနိမ့်၍ စစ်ဆုတ်ရသောအခါ ဦးသော်ပိုင်သော သမိုင်းပန်းကန်စက်ရုံရှိစက်များကို ဂျပန်စစ်သားများက မီးရှို့ဖျက်ဆီးခဲ့ကြသည်။ဦးသော်၏ ထပ်မံငွေစိုက်ထုတ် ကြိုးစားမှုကြောင့် ၁၉၄၇-၄၈ ခုနှစ်တွင် ဦးသော်၏ ပန်းကန်လုပ်ငန်း တစ်ဖန်ပြန်လည်အောင်မြင်လာသည်။

သို့ရာတွင် ၁၉၄၉ ခုနှစ်တွင် ပြည်တွင်းစစ်ဒဏ်ကြောင့် ဦးသော်၏ ပန်းကန်စက်မှာ ထပ်မံ အဖျက်အဆီးခံရပြန်သည်။ ဖဆပလ အစိုးရ နှင့် KNDOတို့ အပြန်အလှန်တိုက်ပွဲများ ဖြစ်ခဲ့ရာ အင်းစိန် ခဝဲခြံနှင့် လွန်စွာ နီးကပ်လျက်ရှိသော ဦးသော်၏ ပန်းကန်စက် (ယခု-မရမ်းကုန်းမြို့နယ် သမိုင်းမြို့သစ် မီးရထားဘူတာရုံအနီး) ဗုံးဒဏ်များကြောင့် ပျက်စီးသွားခဲ့သည်။တိုက်ပွဲများ အဆုံးသတ်ပြီးနောက် ဦးသော်ကိုယ်တိုင် ထပ်မံငွေစိုက်ထုတ်ကြိုးစားဦးစီး၍ စက်ကို ပြန်လည် လည်ပတ်ခဲ့သည်။

၁၉၅၁ ခုနှစ်တိုင် လုပ်ငန်း အောင်မြင်လာခဲ့သည်။ ၁၉၅၂ ခုနှစ်တွင် ထိုစဉ်က အစိုးရ၏ အခွန်ကောက်နှုန်းများကြောင့် ဂျပန် ပန်းကန်ပြားများကို မယှဉ်ပြိုင်နိုင်တော့ချေ။ နောက်ဆုံး ၁၉၅၂ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့တွင် စက်ရုံ ရပ်နားခဲ့ရသည်။ ၁၉၅၆-၅၇ တွင် ရင်းနှီးသော မိတ်ဆွေ သင်္ဂဟများနှင့်အတူ ပြန်လည် လုပ်ကိုင်ပြန်သည်။

ဦးသော်သည် ငယ်ရွယ်စဉ် ဟင်္သာတ၊ ဇီးကုန်း၊ ရန်ကုန် (သမိုင်း) တွင် နေစဉ်ကပင် လူမှုရေးလုပ်ငန်းများကို ဦးဆောင်ပါဝင်ခဲ့သည်။ အမျိုးသားကျောင်းများ တည်ထောင်ရေးတွင်လည်း ငွေကြေးမတည် လှူဒါန်းခဲ့သည်။ ၁၉၂ဝ ပြည့်နှစ်တွင် ရန်ကုန် မြို့မအမျိုးသားကျောင်းကို စတင်တည်ထောင်ခဲ့သူများအနက် ပန်းကန်စက် ဦးသော်လည်း တစ်ဦးအပါအဝင်ဖြစ်သည်။

ပန်းကန်စက်ဦးသော်သည် ပန်းကန်စက်တည်ထောင်ခြင်း၊ အမျိုးသားကျောင်းများဖွင့်လှစ်ခြင်း စသော ကိစ္စများသာမက မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု အမျိုးသားရေးကိစ္စများတွင်လည်း လျှို့ဝှက်ဆောင်ရွက်ပေးခဲ့သည်။ ၁၉၄၀ ပြည့်နှစ် ဇွန်လတွင် သခင်အောင်ဆန်းအား ကာကွယ်ရေးဥပဒေနှင့် ဖမ်းဆီးရန် ဟင်္သာတရာဇဝတ်ဝန် ဇေဗီးယား (Xavier) က ဖမ်းဝရမ်းထုတ်ခဲ့ရာ သခင်အောင်ဆန်းသည် ဗြိတိသျှ အစိုးရ၏ အဖမ်းမခံလိုပဲ ပုန်းလျှိုးဝှက်လျှိုးနေခဲ့ရသည်။

သခင်အောင်ဆန်းအား ပန်းကန်စက်ဦးသော်က သူ၏ရန်ကုန်မြို့ သမိုင်း ပန်းကန်စက်ဝင်းနေအိမ်တွင် လျှို့ဝှက်စွာနေထိုင်ခိုလုံခွင့် ပြုခဲ့သည်။ စားရေးသောက်ရေး နေထိုင်ရေးအတွက် အစအလယ်ဆုံး စီစဉ်ပေးခဲ့သည်။ ၁၉၄၀ ပြည့်နှစ် ဩဂုတ်လ ၈ ရက် တရုတ်နိုင်ငံ Amoy မြို့ (ယခု Xiamen မြို့) Kulangsu Island သို့ ဟိုင်လီ (Hai Lee) သင်္ဘောဖြင့် ထွက်ခွာသည့်အချိန်အထိ ကူညီပေးခဲ့ခြင်းဖြစ်သည်။

တရုတ်ပြည် အမွိုင်မြို့တွင် သောင်တင်နေသော သခင်အောင်ဆန်းနှင့် သခင်လှမြိုင်တို့ကို ဂျပန်ပြည်သို့သွားရောက်နိုင်ရေးအတွက် ဗိုလ်မှူးကြီး ဆူဇူကီးနှင့် ဆက်သွယ်ပေးရာတွင်လည်းကောင်း၊ သခင်အောင်ဆန်းဦးဆောင်သော မြန်မာလူငယ်များ ဂျပန်ပြည်သို့ သွားရောက် စစ်ပညာသင်ယူရေး ကိစ္စတွင်လည်းကောင်း ကူညီ ဆောင်ရွက်ခဲ့သည်။

၁၉၄၀ ပြည့်နှစ်တွင် အင်္ဂလိပ်အစိုးရက တိုင်းကျိုးပြည်ကျိုးဆောင်ဘွဲ့ (တီ၊ ပီ၊ အက်စ်)၊ ၁၉၈ဝ ပြည့်နှစ်တွင် နိုင်ငံတော် အစိုးရက နိုင်ငံ့ဂုဏ်ရည်ဘွဲ့ (ပထမဆင့်) များ ချီးမြှင့်ခဲ့သည်။ဦးသော်သည် ၁၉၈၀ ပြည့်နှစ်၊ ဇွန် ၂၅ ရက် ရန်ကုန်မြို့၊ အင်းလျားလမ်း အမှတ် ၇၄ (စီ) နေအိမ်၌ အသက် ၈ရ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည်။

(13.11.2021 နေ့ ဖတ်ဖြစ်သည့် အကြောင်းအရာ)🤝 ဦးသော် ပန်းကန်စက် တည်နေရာသည် ယခုအချိန်အခါမှာ ဘယ်လို အခြေအနေမျိုး ဖြစ်နေသလဲ ဆိုတာ သိရှိသူများ ရှိပါက comment မှာ ရေးသားပေးပါခင်ဗျာ။ ကျေးဇူးပါ။ 🤝

Likes:
3 0
Views:
2140
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published.