ကြာပန်းဖြူဂိုဏ်း

ကြာပန်းဖြူဂိုဏ်း

白莲敎ကြာပန်းဖြူဂိုဏ်း 白莲敎 မဟာယာနဗုဒ္ဓဘာသာနှင့် ဆက်နွယ်သည့် နိုင်ငံရေးဂိုဏ်းဂဏတစ်ခု ဖြစ်သည်။ ထိုဂိုဏ်းအဖွဲ့ဝင်များထဲတွင် ဧကရာဇ်၊ မှူးမတ်၊ ဝန်ကြီး၊ အရာရှိ၊ စစ်သူကြီး၊ စာပေပညာရှင်မှသည် ကုန်သည်လူတန်းစား၊ အခြေခံလူတန်းစားများအထိ ပါဝင်သည့် တရုတ်ဖရီးမေဆင် Freemason ဂိုဏ်းမျိုး ဖြစ်သည်။ ထိုသူတို့သည် မဟာယာနဟုဆိုသော်ငြား အမိတာဘဘုရားကို ကိုးကွယ်ကြသူများမဟုတ်ပဲ နောင်ပွင့်မည့် အရိမေတ္တေယျဘုရား (မီလဲ့ဖော် 彌勒佛) ကို ​စောင့်မျှော်နေကြသူများ ဖြစ်ကြသည်။

ထို့အတွက် အသက်ရှည်စေမည့် ကျင့်စဉ်များကို ကျင့်ကြပြီး ရှီဝမ်းမူမယ်တော် (西王母-無生老母) ကို ကိုးကွယ်ကြသည်။ ကြာပန်းဖြူဂိုဏ်း၏ ဂိုဏ်းချုပ်ခေါင်းဆောင်ကို မင်ဘုရင် (明王) ဟု ခေါ်ကြသည်​။ နောက်ခံသမိုင်းကြောင်း​ကြာပန်းဖြူဂိုဏ်းရယ်လို့ မဖြစ်လာခင်က တောင်မြောက်မင်းဆက်များခေတ် (南北朝) တွင် ဟွေ့ယွမ် (၃၃၄ ခုနှစ်မှ ၄၁၆ ခုနှစ်) ဆိုသူက လုစန်းတောင် (廬山) ပေါ်ရှိ တုန်းလင်ဘုရားကျောင်း၌ ကြာပန်းဖြူအဖွဲ့အစည်း 白蓮社 ကို တည်ထောင်ခဲ့သည်။

တစုန့်ခေတ်သို့ ရောက်သောအခါ ကြာပန်းဖြူအဖွဲ့အစည်းကို တရုတ်ပြည်တောင်ပိုင်းသို့ ပြောင်းရွှေ့ခဲ့ကြသည်။ ထိုအဖွဲ့သည် တရုတ်ပြည်တောင်ပိုင်းတွင် ဗုဒ္ဓဘာသာပြန့်ပွားအောင် လုပ်ဆောင်ခဲ့ပြီး ဗုဒ္ဓတရားဓမ္မနှင့် ကမ္မဋ္ဌာန်းထိုင်နည်းတို့ကို သင်ကြားပို့ချပေးခဲ့သည်။ ထိုအချိန်က ကြာပန်းဖြူအဖွဲ့အစည်းထဲတွင် မဟာယာနဗုဒ္ဓဘာသာသီးသန့်သာ ရှိခဲ့သည်။

နောက်ပိုင်းတွင် နောင်ပွင့်တော်မူမည့် အရိမေတ္တေယျမြတ်စွာဘုရားကို စောင့်မျှော်သည့်ဝါဒများပါ ဝင်ရောက်လာခဲ့သည်။ သို့သော်လည်း ကျင့်စဉ်ချင်း တူညီနေသည့်အတွက် နှစ်ကာလကြာသည့်အခါ မခွဲခြားနိုင်တော့ပဲ ပေါင်းစည်းသွားခဲ့ကြသည်။ ထိုအချိန်က ကြာပန်းဖြူအဖွဲ့အစည်းသည် တစ်ကွဲတစ်ပြားစီဖြစ်နေပြီး မစုစည်းမိကြသေးပေ။

ထိုအချိန် ဗုဒ္ဓဘုန်းတော်ကြီး မောင်းကျစ်ယွမ် 茅子元 ၊ ရဟန်းဘွဲ့အမည် စစ့်ကျောက် 慈照 (၁၀၉၆ ခုနှစ်မှ ၁၁၆၆ ခုနှစ်) သည် ကြာပန်းဖြူကျောင်းတော် 白蓮宗 ကို တည်ထောင်ခဲ့သည်။ ပြီးနောက် တစ်ကွဲတစ်ပြားစီဖြစ်နေသည့် ကြာပန်းဖြူအဖွဲ့ဝင်များကို လိုက်လံရှာဖွေခဲ့သည်။ ထို့နောက် 蓮懺堂 ကျောင်းဆောင်ကို ဆောက်လုပ်ပြီး ကြာပန်းဖြူကျောင်းအဖြစ် တည်ထောင်ခဲ့သည်။

ထိုကျောင်းတော်တွင် ကြာပန်းဖြူဝါဒ 白莲敎 ကို သင်ကြား ပို့ချပေးခဲ့သည်။ ထိုကြာပန်းဖြူဝါဒသည် မဟာယာနဂိုဏ်းဖြစ်သော်လည်း အပေါ်တွင်ဆိုခဲ့သည့်အတိုင်း နောင်ပွင့်တော်မူမည့် အရိမေတ္တယျဘုရားကိုသာ ကိုးကွယ်ကြသည်။ အရိမေတ္တယျဘုရား၏ အဆုံးအမ၊ ဒေသနာတော်ကိုသာ သင်ကြားကြရသည်။

ထို့အပြင် ကျား/မ ဆက်ဆံရေးကို လုံးဝကန့်သတ်ထားပြီး သက်သတ်လွတ်ဟင်းကိုသာ စားကြရသည်။ ကြာပန်းဖြူဟု ခေါ်ဆိုကြရခြင်းမှာ ဗုဒ္ဓဟောကြားတော်မူခဲ့သော ငါးပါးသီလကို မြဲမြံစွာ စောင့်ထိန်းကြသောကြောင့် ဖြစ်သည်။ သူတစ်ပါးအသက်သတ်ခြင်း၊ သူတစ်ပါးပစ္စည်းဥစ္စာကို ခိုးယူခြင်း၊ ကာမေသုမိစ္ဆာကံကို ကျူးလွန်ခြင်း၊ လိမ်ညာပြောဆိုခြင်း၊ အရက်သေစာသောက်စားခြင်းတို့မှ ရှောင်ကြဉ်ပြီး ငါးပါးသီလကို လုံအောင်ထိန်းပါက အပြစ်ကင်းစင်သည့် ကြားပန်းဖြူ 白花蓮 ကဲ့သို့ပင် ဟူသည့် ဟောကြားချက်ကို ယူထားခြင်း ဖြစ်သည်။

(ဟိုတစ်ခါ အက်မင်ပြောတဲ့ ပန်းနုသွေး 白花蓮 ဆိုတာက ရွဲ့ပြောတဲ့နေရာမှ သုံးရတာနော်) တစုန့်ခေတ်နှောင်းပိုင်းတွင် မွန်ဂိုတို့သည် တရုတ်ပြည်ကို သိမ်းပိုက်ခဲ့ကြပြီး ဆိုးရွားယုတ်မာသည့် မိစ္ဆာဒိဋ္ဌိဆန်ဆန် တိုင်းပြည်ကို အုပ်ချုပ်ခဲ့ကြသည်။ ထိုအခါ ကြာပန်းဖြူအဖွဲ့အစည်းက မွန်ဂိုတို့၏ ယွမ်မင်းဆက်ကို အတင်းတလင်း ဆန့်ကျင်ခဲ့ကြသည်။

ထို့ကြောင့် ယွမ်အစိုးရက ကြာပန်းဖြူအဖွဲ့ကို ဖျက်သိမ်းရန်ကြိုးပမ်းခဲ့ကြသည်။ မွန်ဂိုတို့၏ ရက်စက်ယုတ်မာမှုများကြောင့် ကြာပန်းဖြူအဖွဲ့သားများ တိမ်းရှောင်ခဲ့ကြရပြီး မြေအောက်အဖွဲ့အစည်းအဖြစ် ဆက်လက်ရပ်တည်ခဲ့ကြသည်။ ထိုအချိန်မှစ၍ ကြာပန်းဖြူအဖွဲ့ဝင်များသည် စာပေပညာရှင်၊ ဘာသာရေးသမားအဖြစ်မှ မျိုးချစ်နိုင်ငံရေးသမားများ၊ တော်လှန်ရေးသမားများအသွင်သို့ ပြောင်းလဲသွားကြတော့သည်။

ကြာပန်းဖြူအဖွဲ့အစည်းမှသည် ကြာပန်းဖြူဂိုဏ်းအဖြစ်သို့ ပြောင်းသွားခဲ့ပြီး မွန်ဂိုတို့၏ ယွမ်မင်းဆက်ကို မြေအောက်တော်လှန်ရေးအသွင်ဖြင့် ဆန့်ကျင်တိုက်ခိုက်ခဲ့ကြသည်။ ကြာပန်းဖြူဂိုဏ်းတွင် နယ်ပယ်အသီးသီးမှ ဟန့်လူမျိုးများ ပါဝင်လာကြသည့်အတွက် ငွေကြေးအင်အား၊ လူသူအင်အားလဲ တောင့်တင်းလာခဲ့သည်။

ခပ်ကြွားကြွားလေးပြောရလျှင် “စစ်ပွဲတစ်ပွဲကို ပြီးပြည့်စုံအောင် ပုံဖော်နိုင်ကြသူများ” အဆင့်သို့ ရောက်ရှိလာကြသည်။ တစ်ဖက်တွင်လဲ မွန်ဂိုတို့သည် ကြာပန်းဖြူဂိုဏ်းကို လူသတ်ခေါင်းဖြတ်သည့်ဂိုဏ်း၊ ဒုစရိုက်ဂိုဏ်း၊ ဘာသာရေးအစွန်းရောက်သည့်ဂိုဏ်းစသည်ဖြင့် အမျိုးမျိုးပုံဖျက်လာကြသည်​။ ဥပမာဆိုလျှင် ဘာသာရေးအစွန်းရောက်ပြီး အရှင်လတ်လတ် မီးရှို့သတ်သည်၊ ခေါင်းဖြတ်သတ်သည်ဟု ကောလာဟလမျိုးစုံ ဖြန့်ခဲ့ကြသည်။

သို့သော်လည်း ကြာပန်းဖြူဂိုဏ်းထက် မွန်ဂိုတို့က ဆိုးရွားရက်စက်နေသည်ကို တရုတ်ပြည်တစ်ခုလုံးက သိနှင့်ပြီးသားပင် ဖြစ်လေသည်။ယွမ်မင်းဆက်ကို ဖြုတ်ချ၍ မွန်ဂိုတို့အား မောင်းထုတ်ခြင်းအနောက်နိုင်ငံမှ ဖရီးမေဆင်ဂိုဏ်းကို ပသျှူးခေါင်းဖြတ်ဂိုဏ်းဟု ထင်ယောင်ထင်မှားဖြစ်ပြီး ကြောက်ရွံ့ခဲ့ကြသလို တရုတ်ပြည်တွင်လည်း ကြာပန်းဖြူဂိုဏ်းကို မီးရှို့သတ်သည့် ဂိုဏ်းဟု အထင်မှားကာ ကြောက်ရွံ့ခဲ့ကြသည်။

အကြောင်းမှာ မွန်ဂိုတို့၏ ယွမ်အစိုးရမှ ပြည်သူတို့အား ကြောက်ရွံ့ပြီး ကြာပန်းဖြူဂိုဏ်းကို အကူအညီမပေးနိုင်ကြစေရန် ဖြစ်သည်။ ကြာပန်းဖြူဂိုဏ်းကလည်း ယွမ်မင်းဆက်၏ အစိုးရရုံးဌာနများကို ဝင်ရောက်စီးနင်းခြင်း၊ ယွမ်အရာရှိတို့၏ ငွေကြေးများကို လုယက်ခြင်း၊ မွန်ဂိုဧကရာဇ်၏ ဘဏ္ဍာငွေနှင့် ပစ္စည်းများကို လုယက်ခြင်းများ လုပ်ဆောင်ခဲ့ကြသည်။

ထိုသို့ ရရှိလာသော ငွေကြေးများဖြင့် ခြေကုပ်စခန်းများ တည်ဆောက်ခြင်း၊ စစ်တပ်ဖွဲ့ခြင်း၊ ကျေးရွာအုပ်ချုပ်ရေးကို စတင်ကာ အခြေခံလိုအပ်ချက်များကို တည်ဆောက်ခဲ့ကြသည်။ ထိုအချိန်က အာရှတစ်ခွင်၌ မွန်ဂိုဆန့်ကျင်သည့် နိုင်ငံများစွာ ရှိခဲ့ပြီး ထိုအထဲတွင် ဂိုလျော (ကိုးရီးယား)၊ ဂျပန်နယ်စားများနှင့် တခြားသော အာရှနိုင်ငံများမှ လူများပင် ကြာပန်းဖြူဂိုဏ်းသို့ ဝင်ရောက်ခဲ့ကြသည်။ (မွန်ဂိုခေတ်ကို အခြေတည်ထားတဲ့ ကိုးရီးယား၊ ဂျပန် ဇာတ်ကားတွေမှာဆို ကြာပန်းဖြူဂိုဏ်းအကြောင်း ပါတတ်သည်။)

၁၃၃၀ ခုနှစ်တွင် ကျန်းရှီးပြည်နယ်ရှိ ကြားပန်းဖြူဂိုဏ်းဝင် ဘုန်းတော်ကြီး ဖန်းယင်းယွီသည် ဂိုဏ်းသားအနည်းငယ်ကို စုဖွဲ့ပြီး မွန်ဂိုတို့ကို တော်လှန်ခဲ့သည်။ သို့သော် မွန်ဂိုစစ်တပ်မှာ အင်အားကြီးမားသည့်အတွက် ​ရေရှည်မတိုက်နိုင်ပဲ တပ်ပြန်ဆုတ်ပေးလိုက်ရသည်။ ဘုန်းကြီး ဖန်းယင်းယွီလဲ အန်းဟွေ့ပြည်နယ်ထဲသို့ ရှောင်ပြေးပြီး တပ်ပြန်စုကာ အင်အားဖြည့်တင်းလေသည်။ တရုတ်ပြည်တောင်ပိုင်းသို့ နောက်တစ်ကြိမ် ထိုးစစ်ဆင်လေရာ မွန်ဂိုတပ်များ၏ တိုက်ခိုက်မှုကြောင့် ထိုးစစ်ပျက်ပြီး ကျဆုံးသွားရှာလေသည်​။

ထိုအခါ ကြာပန်းဖြူဂိုဏ်းသည် တော်လှန်ရေးအဖွဲ့အားလုံးနှင့် ပူးပေါင်းပြီး မွန်ဂိုတို့ကို တိုက်ထုတ်ရန် ကြိုးပမ်းခဲ့သည်။ ဤသို့ဖြင့် ကြာပန်းဖြူဂိုဏ်း၏ ဒုတိယတော်လှန်ရေးဖြစ်သည့် အလံနီပုန်ကန်မှုမှာ တရုတ်ပြည်တွင်း၌သာမက မွန်ဂိုကို ဆန့်ကျင်လိုသည့် တိုင်းပြည်များတွင်ပါ ပေါ်ပေါက်လာခဲ့တော့သည်။

(၁၉၁၁ ခုနှစ် ရှင်းဟိုက်တော်လှန်ရေးသည် အလံနီပုန်ကန်မှု 紅巾起義 ကို နမူနာယူခဲ့ခြင်း ဖြစ်သည်။ မော်စီတုန်း၏ တပ်နီတော်သည် မင်ဧကရာဇ် ကျူးယွင်ကျန်း၏ အလံနီတပ်တော် 紅巾軍 ကို နမူနာယူထားခြင်း ဖြစ်သည်။)အလံနီပုန်ကန်မှု အလံနီပုန်ကန်မှုကို ဦးဆောင်သူမှာ ကြားပန်းဖြူဂိုဏ်း၏ ဂိုဏ်းချုပ် မင်ဘုရင် ကော်ကျစ့်ရှင်း (明王 郭子興) ဖြစ်သည်။

တရုတ်ရိုးရာတွင် အနီရောင်သည် မင်္ဂလာရှိသောအရောင်၊ ရဲရင့်မှုကို ကိုယ်စားပြုသည့်အရောင်ဖြစ်သောကြောင့် တော်လှန်ရေးတွင် အနီရောင်ကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။ တော်လှန်ရေးတပ်သားများသည် အလံနီ၊ ခေါင်းပေါင်းအနီ၊ အင်္ကျီအနီတို့ကို ဝတ်ဆင်ကြသည်ကို အစွဲပြု၍ အလံနီတပ်တော် 紅巾軍 ဟု ခေါ်ဆိုကြသည်။

အလံနီကို ကိုင်စွဲပြီး တော်လှန်ပုန်ကန်ကြသည့်အတွက် အလံနီပုန်ကန်မှု 紅巾起義 ဟု မှတ်တမ်းတင်ခဲ့ကြသည်။ အလံနီတပ်သားတိုင်းသည် ကြာပန်းဖြူဂိုဏ်း၏ ဘာသာရေး စည်းမျဉ်းများဖြစ်သည့် လုယက်ခြင်း၊ မုဒိန်းမှုကျူးလွန်ခြင်း၊ ခိုးယူခြင်းတို့ကို ရှောင်ကြဉ်ရသည်။ ငါးပါးသီလကိုလည်း တတ်နိုင်သလောက် စောင့်ထိန်းကြရသည်။ ကြာပန်းဖြူဂိုဏ်း၏ ဒုတိယပုန်ကန်မှု မစတင်မှီမှာပင် နေရာအနှံ့ ပြောက်ကျားတိုက်ပွဲများ ဖြစ်ပေါ်လာသည်။

ထိုအချိန် ကျဲ့ကျန်းပြည်နယ် ပင်လယ်ကမ်းခြေဘက်တွင် ဖန်းကော်ကျန့်နှင့် သူ၏ တပ်သားများက မွန်ဂို ယွမ်အရာရှိများကို သုတ်သင်ရှင်းလင်းခဲ့ရာမှ တိုက်ပွဲမှာ တစ်ကြော့ပြန်လည်ဖြစ်ပွားခဲ့သည်။ ထိုအခါ ကြာပန်းဖြူဂိုဏ်းမှလည်း မဟာမိတ်ဂိုဏ်းများကို ကူညီရန် တစ်ပြိုက်နက်တည်း အုံကြွပေးကြသည်။ ကြာပန်းဖြူဂိုဏ်းမှ ဂိုဏ်းခွဲခေါင်းဆောင် ဟန်စန်းထုန့်သည် မြစ်ဝါမြစ်မြောက်ပိုင်းတွင် ခြေကုပ်ယူပြီး မွန်ဂိုတို့ကို တိုက်ခိုက်ခဲ့သည်။

၁၃၅၁ ခုနှစ်အထိ ကြာပန်းဖြူဂိုဏ်းနှင့် တခြားသော ဂိုဏ်းအဖွဲ့အစည်းများအားလုံးသည် မွန်ဂိုတို့ကို တော်လှန်တိုက်ခိုက်ခဲ့ကြသည်။ သို့သော် ဟန်စန်းထုန့် ဖမ်ဆီးခံရပြီး ယွမ်အစိုးရ၏ ကွပ်မျက်ခြင်းကို ခံလိုက်ရသောအခါ ထိုးစစ်အရှိန်ပျက်လုနီးပါး ဖြစ်ခဲ့ရသည်။ ထိုအခါ ကြားပန်းဖြူဂိုဏ်း၏ အရေးပါသော ဂိုဏ်းသားတစ်ဦးဖြစ်သည့် လျိုဖူထုန့် 劉福通 က ဟန်စန်းထုန့်၏ သားဖြစ်သူ ဟန်လင်အော် 韓林兒 ကို ဖခင်နေရာဆက်ခံစေပြီး အလံနီတပ်တော်ကို ဖွဲ့စည်းခဲ့သည်။

အလံနီတပ်တော်ကို ဖွဲ့စည်းပြီးချိန်မှစ၍ တော်လှန်ရေးမှာ အားကောင်းလာခဲ့ပြီး ချန်ကျန်းမြစ်တောင်ပိုင်းတစ်လျှောက်ရှိ တော်လှန်ရေးအဖွဲ့များကလည်း အလံနီတပ်တော်အမည်ခံကာ မွန်ဂိုတို့ကို တော်လှန်တိုက်ခိုက်ခဲ့ကြသည်။ တရုတ်ပြည်တောင်ပိုင်းရှိ အလံနီတပ်တော်များကို ရွှီရှို့ဟွေ့နှင့် ချန်ယိုလျန့်တို့က ဦးဆောင်လေသည်။

ထိုအချိန် မွန်ဂိုတို့ကို တိုက်ထုတ်ပြီး မင်မင်းဆက်ကို တည်ထောင်မည့် လူငယ်လေးတစ်ဦးကတော့ ဘုန်းကြီးဝတ်လျက် ရှိနေသေးသည်​။ ၁၃၅၂ ခုနှစ်တွင် ကြာပန်းဖြူဂိုဏ်းကို အတုယူပြီး ကွမ်ကျိုးမြို့ခံ ဂိုဏ်းများက စုပေါင်းပြီး မွန်ဂိုတို့ကို တော်လှန်တိုက်ခိုက်ခဲ့ကြသည်။ ထိုအချိန် မင်မင်းဆက်ကို တည်ထောင်မည့် လူငယ်လေး ကျူးယွင်ကျန်းလည်း ဘုန်းကြီးဝတ်နေရာမှ အလံနီတပ်ထဲသို့ ဝင်ရောက်လိုက်တော့သည်။

ကျူးယွင်ကျန်း၏ ငယ်ဘဝမှာ ကြမ်းတမ်းလွန်းခဲ့ပြီး မွန်ဂိုခေတ်က ပလိပ်ကပ်ရောဂါကြောင့် အငတ်ဘေးဆိုက်ကာ သူဖုန်းစားဘဝသို့ ရောက်ခဲ့ရသေးသည်။ သို့သော် ကျူးယွင်ကျန်းသည် ဉာဏ်ကောင်းပြီး လူရည်လည်သည်။ အလံနီတပ်ထဲသို့ဝင်ပြီး မကြာမှီမှာပင် သူ၏ လုပ်ရည်ကိုင်ရည်၊ ကြံရည်ဖန်ရည်ရှိပုံကို သဘောကျကာ တပ်မှူးအဖြစ် ခန့်အပ်ခဲ့သည်။ ၁၃၅၅ ခုနှစ်မှာတော့ အလံနီပုန်ကန်မှုသည် တရုတ်တစ်ပြည်လုံးသို့ ပျံ့နှံ့သွားခဲ့တော့သည်။

အလံနီတပ်တော်၏ ခေါင်းဆောင်တစ်ဦးဖြစ်လာသည့် ကျူးယွင်ကျန်းကို ကြာပန်းဖြူဂိုဏ်းချုပ် ကော်ကျစ့်ရှင်းက သဘောကျသောကြောင့် သူ၏ သမီးဖြစ်သူနှင့် လက်ထပ်ပေးခဲ့သည်။ နောက်ပိုင်းတွင် ကော်ကျစ့်ရှင်း၏ မွေးစားသမီးကိုပါ တော်ကောက်ယူလိုက်သည်။ ကော်ကျစ့်ရှင်း ကွယ်လွန်သွားသည့်အခါ ကော်ကျစ့်ရှင်းနေရာကို ဆက်ခံပြီး ကော်ကျင့်ရှင်း၏ စစ်တပ်ကို သိမ်းယူခဲ့သည်။ ကျူးယွင်ကျန်း၏ နောက်သို့ ရွှီတ၊ ချန်ယွီချွမ်း၊ ထန်ဟယ်၊ လန်ယွီ၊ မုယင်းနှင့် ကန်းပင်းဝိမ်းတို့ လိုက်ပါခဲ့ပြီး ထီးနန်းရရှိသည်အထိ ကူညီပေးခဲ့ကြသည်။

ကျူးယွင်ကျန်းက “အရိုင်းသားတွေကို မောင်းထုတ်ပြီး ဟန့်လူမျိုးတို့ တစ်ဖန်ပြန်လည်အုပ်စိုးကြမယ်” ဟူသည့် ကြွေးကြော်သံကြောင့် သူ့အား ထောက်ခံသူများ အလွန်များပြားလာခဲ့သည်။ ၁၃၅၆ ခုနှစ် တရုတ်လမုန့်ပွဲတော်နေ့တွင် ကျူးယွင်ကျန်းတို့ တပ်သားများသည် တရုတ်ပြည်တောင်ပိုင်း၏ မြို့တော် နန်ကျင်း 南京 ကို တိတ်တဆိတ် ဝင်ရောက်သိမ်းပိုက်လိုက်ကြသည်။ တစ်ချိန်တည်းမှာပင် ခြေကုပ်နယ်မြေများတွင် အင်အားကြီးလာသော အလံနီတော်လှန်ရေးခေါင်းဆောင်တို့က သူတစ်လူ ငါတစ်မင်းဖြစ်ကုန်ကြပြီး ဘုရင်ဘွဲ့ခံယူကာ စစ်ဘုရင်များ ဖြစ်လာကုန်ကြသည်။

ထို့ကြောင့် စစ်ဘုရင်အချင်းချင်း နယ်မြေလုစစ်ပွဲများ ဖြစ်ပွားခဲ့ကြသည်။ အဓိကအားဖြင့် တရုတ်ပြည်မြောက်ပိုင်းတွင် မွန်ဂိုများက အုပ်စိုးထားပြီး တောင်ပိုင်း၊ အရှေ့ပိုင်းနှင့် အနောက်ပိုင်းကို ဟန့်လူမျိုး စစ်ဘုရင်များက အုပ်စိုးထားသည်။ မွန်ဂိုများအချင်းချင်းလည်း နန်းတွင်းရေးအရှုပ်အထွေးများဖြင့် အင်အားနည်းပါးနေပြီး မြောက်ပိုင်းဒေသတစ်ချို့ကို အလံနီတပ်ဖွဲ့များက သိမ်းယူထားနိုင်ခဲ့သည်။

(တရုတ်ရိုးရာ လမုန့်ပွဲတော်နေ့ကျရင် အပြည့်အစုံ ထပ်တင်ပေးပါမည်။)၁၃၅၆ ခုနှစ်မှ ၁၃၆၇ ခုနှစ်အထိ ကျူးယွင်ကျန်းသည် အလံနီတပ်တော်အတွင်းမှ သူ၏ ပြိုင်ဘက် စစ်ဘုရင်များနှင့် အပြိုင်စစ်ခင်းခဲ့ရသည်။ ထိုကာလသည် ရန်သူ မွန်ဂိုတို့ကို တိုက်ထုတ်ရမည့်အစား ဟန့်အချင်းချင်း သတ်ဖြတ်ကာ နယ်မြေလုပွဲများကို ကျင်းပလျက်ရှိကြပေသည်။

ကျုးယွင်ကျန်းသည် ပထမဦးစွာ အလံနီတပ်တော်၏ ခေါင်းဆောင် ဟန်လင်အော်ကို မြောက်ပိုင်းတွင် မွန်ဂိုတပ်များနှင့် တပ်ချင်းဆိုင်ထားစေပြီး မြောက်ပိုင်းအခြေအနေကို ခံစစ်အနေအထားဖြင့် တည်ငြိမ်အောင် ထိန်းထားစေသည်။ ပြီးနောက် အလံနီတပ်မှ စစ်ဘုရင်များဖြစ်ကြသော ချန်ယို့လျန်၊ ကျန်းစစ်ချန်နှင့် ဖန်းကော်ကျန့်တို့ကို တစ်ယောက်ချင်းစီ ဖြုတ်ချပစ်ခဲ့သည်။ ပြီးနောက် ဟန်လင်အော်ကို တပ်မှူးကြီးနေရာမှ ဖြုတ်ချပြီး အလံနီတပ်များအားလုံးကို ပေါင်းစည်းခဲ့သည်။

၁၃၆၈ ခုနှစ်တွင် ကျူးယွင်ကျန်းသည် ကွမ်ကျိုးကို သိမ်းပိုက်ခဲ့ပြီး တရုတ်ပြည်တောင်ပိုင်းတစ်ခုလုံးကို စုစည်းနိုင်ခဲ့သည်။ ပြီးနောက် မင်မင်းဆက်ကို တည်ထောင်ပြီး ဟုန်ဝူတိဧကရာဇ် 洪武帝 အဖြစ် နန်းတက်ခဲ့သည်။ ထိုအခါ ဟန့်လူမျိုးများအားလုံး မင်မင်းဆက်နှင့် ပူးပေါင်းပြီး တရုတ်ပြည်မြောက်ပိုင်းရှိ မွန်ဂိုတို့ကို တိုက်ထုတ်ခဲ့သည်။ မွန်ဂိုဘုရင် Toghon Temür လဲ ကြောက်ရွံ့ပြီး ပေကျင်းမြို့တော်မှ ထွက်ပြေးရလေသည်။ ၁၃၆၈ ခုနှစ်တွင် ကျူးယွင်ကျန်းသည် သူ၏ စစ်တပ်ကို ဦးဆောင်၍ ပေကျင်းမြို့တော်ထဲသို့ ဝင်ကာ တရုတ်ပြည်မြောက်ပိုင်းတစ်ခုလုံးကို သိမ်းယူခဲ့သည်။

ကြာပန်းဖြူဂိုဏ်းမှ အစပြုလိုက်သော တော်လှန်ရေးသည် ကျူးယွင်ကျန်းကို ဧကရာဇ် ဖြစ်စေခဲ့ပြီး ဆုံးရှုံးသွားသော ဘိုးဘေးဘီဘင်မြေတစ်ခွင်လုံးကို ပြန်လည်သိမ်းယူနိုင်ခဲ့လေသည်။ စစ်ပွဲကြီးဆုံး၍ မင်မင်းဆက် တက်လာသည့်အခါ ကြာပန်းဖြူဂိုဏ်းမှ ဂိုဏ်းသားများထဲတွင် တစ်ချို့က မင်မင်းဆက်ထံတွင် ဆက်လက်တာဝန်ထမ်းဆောင်ကြပြီး မှူးမတ်များ ဖြစ်လာကြသည်။ တစ်ချို့က ခြေရာဖျောက်ကာ တစ်နေရာသို့ ထွက်သွားပြီး ဆက်လက်ရှင်သန်ကြသည်။

ကြာပန်းဖြူဂိုဏ်းသည် မင်မင်းဆက်တစ်လျှောက်လုံးတွင် နိုင်ငံရေးထဲ ဝင်မပါပဲ နေခဲ့ကြသည်။ ထိုအစား သူတို့၏ ဘာသာရေးယုံကြည်မှုအပေါ်တွင်သာ နှစ်မြှုပ်ထားပြီး ကျင့်ကြံအားထုတ်နေခဲ့ကြသည်ဟု ဆိုကြသည်။ မင်မင်းဆက်တစ်လျှောက်လုံး ကြာပန်းဖြူဂိုဏ်း၏ လှုပ်ရှားမှုများကို လုံးဝမြင်တွေ့ခဲ့ရခြင်းမရှိပဲ မန်ချူးများ ဝင်ရောက်ကျူးကျော်သည့်အခါ ပြန်လည်ထွက်ပေါ်လာခဲ့သည်။ (အလံနီပုန်ကန်မှုဖြင့် မွန်ဂိုများကို တစ်ချက်တည်း တိုက်ထုတ်နိုင်ရန်အတွက် တော်လှန်ရေးတစ်ရပ်ကို နှစ်ပေါင်း ၂၀ ကျော် အစပျိုးခဲ့ရသည်။)

မန်ချင်းခေတ်တော်လှန်ရေးတရုတ်ပြည်ကို မန်ချူးလူမျိုးများ သိမ်းပိုက်ထားချိန်တွင် ကြာပန်းဖြူဂိုဏ်းသည် အခြားဂိုဏ်းများနှင့်အတူ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ကြသည်။ ၁၇၇၄ ခုနှစ်၌ ဆေးပညာနှင့် သိုင်းပညာကျွမ်းကျင်သူ ဝမ်လွင်သည် စန်းတုန်းနယ်တွင် ကြာပန်းဖြူဂိုဏ်းခွဲကို အခြေစိုက်ပြီး လူအင်အားစုဆောင်းလျက် ရှိသည်။ ထိုနှစ်မှာပင် ပုန်ကန်မှုကို စတင်ခဲ့ရာ မြို့ငယ် ၃ မြို့၊ လင်ချင်းမြို့ကြီးကို သိမ်းပိုက်နိုင်ခဲ့သည်​။ လင်ချင်းမြို့သည် တောင်-မြောက်ကို ဆက်သွယ်ထားသည့် မဟာတူးမြောင်းကြီးပေါ်တွင် တည်ရှိသောကြောင့် မဟာဗျူဟာမြောက် မြို့ကြီးတစ်ခုဖြစ်သည်။

သို့သော် မန်ချင်းအစိုးရ၏ ဒေသခံစစ်တပ်ဖြစ်သည့် အလံစိမ်းတပ်မတော်က အချိန်တိုတွင်းမှာပင် ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။ တော်လှန်ရေးခေါင်းဆောင် ဝမ်လွင်ကို မန်ချင်းတပ်များက လိုက်လံဖမ်းဆီးလေသည်။ ဝမ်လွင်လဲ မလွတ်မှန်းသိသည့်အတွက် သူ၏ ဌာနချုပ်၌ မန်ချင်းတပ်များကို စောင့်ဆိုင်းနေခဲ့သည်။

မန်ချင်းတပ်များ ရောက်လာချိန်တွင် ဓားမြှောင် ၂ လက်၊ ဓားရှည်တလက်ကို ဘေးတွင်ချထားပြီး ခရမ်းရောင်ဝတ်စုံ၊ ငွေဖြင့်ပြုလုပ်ထားသော လက်ကြပ်တို့ကို ဝတ်ဆင်ကာ မိမိကိုယ်ကို မီးရှို့ပြီး အဆုံးစီရင်သွားလေသည်။ ဝမ်လွင်၏ မန်ချင်းတော်လှန်ရေး ကျရှုံးခဲ့ရသည့် အကြောင်းရင်းမှာ ပြည်သူတို့၏ ထောက်ပံ့မှုကို မရရှိသောကြောင့် ဖြစ်သည်။ ထို့အပြင် ဘဏ္ဍာရေးနှင့် ရိက္ခာစုဆောင်းမှုလဲ များများစားစား မရှိခဲ့ပေ​။ အထူးသဖြင့် မြို့ငယ် ၃ ခုကို ရရှိပြီးချိန်တွင် ပြန်လည်ဖြည့်တင်းရန် လူသူလက်နက်၊ ရိက္ခာပစ္စည်း ဘာတစ်ခုမှပင် မရှိခဲ့ပေ။

ထို့ကြောင့် မန်ချင်းစစ်တပ်များ ထိုးစစ်ဆင်လာသည့်အခါ အလွယ်တကူ ကျရှုံးကုန်ကြခြင်း ဖြစ်သည်။ သူ၏ ဒေသတွင် လယ်သမား သန်းနှင့်ချီပြီး နေထိုင်ကြသော်လည်း စည်းရုံးရေးမကောင်းသောကြောင့် အမြဲတမ်း လူအင်အားမှာ ၄၀၀၀ ဝန်းကျင်သာ ရှိခဲ့သည်။ ထိုအထဲမှာ အများစုမှာ အတင်းအဓမ္မ တပ်သားစုဆောင်းထားရသူများ ဖြစ်ကြသည်။ ထို့နောက် နှစ်ပေါင်း ၂၀ ခန့်ကြာသည့်အခါမှ ပေကျင်းမြို့တော်တစ်ဝိုက်တွင် ကြာပန်းဖြူဂိုဏ်းသားများ ပြန်လည် ခြေချလာခဲ့ကြသည်။ ၁၈၁၃ ခုနှစ်တွင် ပါးကွဂိုဏ်း 八卦斆 နှင့် ပူးပေါင်းပြီး ပုန်ကန်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

မန်ချင်းခေတ်၌ ကြာပန်းဖြူဂိုဏ်း၏ တော်လှန်ရေးများ မအောင်မြင်ရသည့် အကြောင်းအရင်းမှာ မန်ချူးမင်းဆက်သည် မွန်ဂိုမင်းဆက်နှင့် မတူပဲ အုပ်ချုပ်ရေးတွင် ပိုင်နိုင်ကြသည်။ မန်ချူး၏ တိုင်းပြည်အုပ်ချုပ်ရေးစနစ်များသည် ရှေးဟန့်မင်းဆက်တို့၏ အုပ်ချုပ်ပုံများကို နမူနာယူပြီး စုစည်းထားခြင်း ဖြစ်သည်။ ထို့အပြင် မန်ချင်းတို့သည် မွန်ဂိုတို့ထက် ပါးနပ်ပြီး ဟန့်ယဉ်ကျေးမှုကို ကျွမ်းကျင်ကြသည်။ ဥပမာ ပုန်ကန်မှုများ ဖြစ်ပွားသည်ဆိုပါက မွန်ဂိုတို့သည် တော်လှန်သူများကို ရက်ရက်စက်စက် သတ်ဖြတ်ပြခြင်းဖြင့် ပြဿနာကို ဖြေရှင်းကြသည်။

မန်ချူးတို့က ထိုသို့မဟုတ်ပဲ မည်သည့်အကြောင်းအရင်းကြောင့် ပုန်ကန်ကြသည်ကို စုံစမ်းပြီးမှ ဖြေရှင်းလေ့ရှိသည်​။ အခွန်ကြီးလေးသည့်ကိစ္စမျိုးဆိုလျှင် ပြည်သူများကျေနပ်အောင် အခွန်လျှော့ပေးခြင်းဖြင့် ဖြေရှင်းလိုက်ကြသည်။ ထို့အတွက် ကြာပန်းဖြူဂိုဏ်းအနေဖြင့် လူသူစုဆောင်းရန်၊ ငွေကြေးစုဆောင်းရန် အခက်ကြုံလာသည်။

နောက်တစ်ခုမှာ ကြာပန်းဖြူဂိုဏ်းသည် ရှေးကျသော ဂိုဏ်းဖြစ်သည်နှင့်အညီ အတွေးအခေါ်များမှာ ခေတ်နောက်ကျလျက်ရှိသည်။ အများစုမှာ တုတ်ပြီး၊ ဓားပြီး၊ ဂါထာမန္တရား၊ အင်းအိုင်အစီရင်တို့ကို တတ်ကျွမ်းကြသော်လည်း ခေတ်ပညာကို တတ်ကျွမ်းသူများ မရှိကြပေ။ ထို့ကြောင့် မန်ချူးခေတ်တော်လှန်ရေးများတွင် ပါဝင်ခဲ့သော်လည်း မွန်ဂိုတို့ကို ဖြုတ်ချတုန်းကလို ဦးဆောင်မှုမျိုး မပေးနိုင်ပေ။

ယိဟော်ထွမ်ပုန်ကန်မှု (Boxer Revolution – 義和團) နောက်ပိုင်းတွင် သူ၏ ဂိုဏ်းခွဲတစ်ခုဖြစ်သည့် မိုးမြေအဖွဲ့အစည်း (ခ) မိုးမြေဂိုဏ်း (天地會) လောက်ပင် အင်အားမရှိတော့ပေ။ ၁၉ ရာစုမှစ၍ မင်မင်းဆက်သစ္စာခံများက ဖွဲ့စည်းတည်ထောင်ခဲ့သည့် မိုးမြေအဖွဲ့အစည်း – မိုးမြေဂိုဏ်း 天地會 သည် ဟုန်မန်ဂိုဏ်း 洪門 ၊ ဟုန်ပန်းဂိုဏ်း 洪幫 ၊ ၃ ပါးအဖွဲ့အစည်း 三合會 ဟူ၍ မန်ချူးဆန့်ကျင်ရေးလောကတွင်ရော ဒုစရိုက်ဂိုဏ်းလောက၌ပါ နာမည်အမျိုးမျိုးဖြင့် ကျော်ကြားလာခဲ့လေသည်။ကြာပန်းဖြူဂိုဏ်းကို ယနေ့ခေတ် ဂိုဏ်များက သူတို့၏ ဘိုးဘေးအဖြစ် သတ်မှတ်ထားခဲ့ကြသည်။ မိုးမြေဂိုဏ်းသည်လည်း ကြာပန်းဖြူဂိုဏ်းမှ ခွဲထွက်လာသည့် ဂိုဏ်းတစ်ခုပင် ဖြစ်သည်။

ကြာပန်းဖြူဂိုဏ်း၏ လက်အောက်တွင် ဂိုဏ်းခွဲ ၅ ခုရှိပြီး ဂိုဏ်းခွဲများကို အနက်၊ အနီ၊ အဖြူ၊ အဝါ၊ အစိမ်း ဟူ၍ အရောင်များဖြင့် ခွဲခြားသတ်မှတ်ထားသည်။ ယနေ့ခေတ် တရုတ်ဂိုဏ်းများကတော့ ကြာပန်းဖြူဂိုဏ်းကို ဂိုဏ်းအားလုံး၏ ဘိုးဘေးဂိုဏ်းတော်အဖြစ် တင်စားခေါ်ဝေါ်ကြသည်။ မိုးမြေဂိုဏ်း၏ ရည်ရွယ်ချက်မှာ မန်ချူးတို့ကို မောင်းထုတ်ပြီး မင်မင်းဆက်ကို နန်းပြန်တင်ရန် ဖြစ်လေသည်။ မိုးမြေဂိုဏ်းသည် ကြာပန်းဖြူဂိုဏ်းကဲ့သို့ မန်ချင်းမင်းဆက်ကို ဆန့်ကျင်သော်လည်း လုပ်ထုံးလုပ်နည်းများမှာ မတူညီပေ။ ကြာပန်းဖြူဂိုဏ်းသည် တော်လှန်ရေးအတွက် အလှူငွေသာ ကောက်ခံသော်လည်း မိုးမြေဂိုဏ်းကမူ ငွေရမည်ဆိုလျှင် ဘာမဆိုအကုန်လုပ်သည်။ လုပ်လို့ရလာသည့် ငွေကြေးများကို တော်လှန်ရေးထဲသို့ လှူဒါန်းပေးလေသည်။

မိုးမြေဂိုဏ်းသည် အရှေ့တောင်အာရှအထိ လက်တံကျယ်ပြန့်ခဲ့ပြီး ဂိုဏ်းခွဲများစွာ တည်ထောင်နိုင်ခဲ့သည်။ မန်ချုးတော်လှန်ရေးအတွက် ဒေါက်တာ ဆွန်ယက်ဆင်ကို အများဆုံး လှူဒါန်းခဲ့ကြသူများထဲတွင် မိုးမြေဂိုဏ်းလည်း ပါဝင်ခဲ့သည်။ ကျင့်ယုံး၏ “နဂါးနိုင်ဓားနှင့် တိမ်လွှာဓားဝတ္ထု” မှ မင်ဂိုဏ်းအကြောင်း စာရေးဆရာကြီး ကျင်းယုံးသည် တရုတ်သမိုင်းထဲမှ ဖြစ်ရပ်မှန်များကို အခြေခံပြီး ဝတ္ထုများကို ဖန်တီးခဲ့သည်။ ဆရာကြီး၏ စိတ်ကူးစိတ်သန်းကောင်းပြီး ဖန်တီးနိုင်စွမ်းကြောင့် တစ်ခါတစ်ရံ ဝတ္ထုနှင့် ဖြစ်ရပ်မှန်များ ရောသွားလေ့ရှိတတ်သည်။ နဂါးနိုင်ဓားဝတ္ထုတွင် ကြာပန်းဖြူဂိုဏ်းကို မင်ဂိုဏ်း (မိန်ဂိုဏ်း) အဖြစ် ပုံဖော်ထားပြီး ကျူးယွင်ကျန်းကို မင်ဂိုဏ်းသားအဖြစ် ပုံဖော်ထားခဲ့သည်။ သမိုင်းမှတ်တမ်းများတွင်တော့ ကြားပန်းဖြူဂိုဏ်းနှင့် ကျူးယွင်ကျန်းသာလျှင် အမှန်ဖြစ်သည့်အတွက် သမိုင်းဖြစ်ရပ်နှင့် ဝတ္ထုဇာတ်လမ်းကို မရောထွေးစေလိုပါ။

မင်ဂိုဏ်းသည် တရုတ်ပြည်တွင် အမှန်တကယ်တည်ရှိခဲ့သည့် ဂိုဏ်းဖြစ်သော်လည်း တစုန့်ခေတ်မှာပင် ပျောက်ကွယ်သွားခဲ့သည်။ မင်ဂိုဏ်းသည် အမှန်တကယ် ပါးရှားပြည် (ယခု အီရန်နိုင်ငံ) မှ လာသည့် ဘာသာရေးဂိုဏ်းဖြစ်သည်။ တရုတ်လို 明教 မင်ကျောက် ဟု ခေါ်ဆိုပြီး ၃ ပါးတစ်ဆူ ကိုးကွယ်သည့် ပါရှားဘာသာရေးဂိုဏ်း ဖြစ်သည်။ အင်္ဂလိပ်လို Mancheanism မဏိဘာသာရေးဂိုဏ်းဟု ခေါ်ဆိုကြသည်။ ထိုမဏိဘာသာရေးဂိုဏ်းကို ပါးရှားအမတ်ကြီး မဏိမှ တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ မင်ဂိုဏ်း (ခ) မဏိဂိုဏ်းသည် အလင်းရောင် ဘုရားသခင်ကို ကိုးကွယ်ကြသည်။ အလင်းရောင်သခင်သည် လူသားတို့ကို အမှောင်ဘက်သို့ အလင်းဆောင်ပေးသည်။ (ဘလာ ဘလာပေါ့) လူသားတို့ကို ကယ်တင်ရန်အတွက် တမန်တော် ၃ ဦးကို ကမ္ဘာပေါ်သို့ စေလွှတ်ခဲ့သည်။

ထိုတမန်တော် ၃ ဦးမှာ ပါးရှားပရောဖတ်ကြီး Zoroaster၊ ဗုဒ္ဓဘာသာမှ ဂေါတမဗုဒ္ဓ၊ ခရစ်ယာန်ဘာသာမှ ယေရှုကိုယ်တော်တို့ ဖြစ်ကြသည်ဟု ဆိုကြသည်။ တရုတ်ပြည်ရောက်သည့်အခါ ထို ၃ ပါးတစ်ဆူဝါဒကို သဘောကျကြသည်။ ထိုဝါဒဖြင့်ဆိုလျှင် တရုတ်ပြည်ရှိ ကွန်ဖြူးရှပ်၊ ဗုဒ္ဓဘာသာ၊ တာအိုဘာသာတို့ ပွတ်တိုက်နေစရာအကြောင်းမရှိတော့ဟု ယူဆခဲ့ပုံရသည်။ ထို့ကြောင့် တရုတ်ပြည်သို့ရောက်သည့်အခါ မင်ဂိုဏ်း 明教 ကို တည်ထောင်ပြီး ၃ ပါးတစ်ဆူဝါဒကို စတင်ဖြန့်ဝေခဲ့ကြသည်။ နောက်ပိုင်းတွင် ပါရှားဘာသာရေးဂိုဏ်းများသည်လည်း အစ္စလာမ်ဘာသာဝင်ရောက်လာသည့်အတွက် ပျောက်ကွယ်ကုန်သည်။

ပါးရှားဘက်က ၃ ပါးတစ်ဆူဂိုဏ်းများတွင် အစ္စလာမ်ဘာသာမှ မိုဟာမက်၊ ဗုဒ္ဓဘာသာမှ ဂေါတမဗုဒ္ဓ၊ ခရစ်ယာန်ဘာသာမှ ယေရှုကိုယ်တော်တို့ကို ကိုးကွယ်သူများ ရှိသေးသည်။ တရုတ်ပြည်မှ ၃ ပါးတစ်ဆူ (ကွန်ဖြူးရှပ်၊ ဗုဒ္ဓဘာသာ၊ တာအိုဘာသာ) တရုတ်လူမျိုးတို့၏ အခြေခံကိုးကွယ်ယုံကြည်မှု ဖြစ်လာခဲ့သည်။ (ဝူကျယ်ထျန်းတွင် ထည့်ရေးပေးခဲ့ဖူးသည်။) ထိုအထဲမှာမှ မဟာယာနဗုဒ္ဓဘာသာတွင်လည်း ၃ ပါးတစ်ဆူ ရှိသေးသည်။ ရူလိုင်ဗုဒ္ဓ 如来佛 (ဂေါတမမြတ်စွာဘုရား 本師釋迦牟尼佛) သည် နောင်ပွင့်မည့် အရိမေတ္တယျဘုရား 彌勒佛 မပွင့်ခင်အချိန်အထိ နိဗ္ဗာန်သို့ စေလွှတ်သောစိတ်ဖြင့် တည်ရှိနေတော်မူသေးသည်။

ထို့အတွက် လောကကို စောင့်ရှောက်တော်မူရန် ကိုယ်ပွားတော်အဖြစ် အမိတဖော် 阿彌陀佛 ကို လောကကြီးအား လွှဲအပ်တော်မူလေသည်။ လူတို့၏ ကိလေသာအနာတို့ကို ကုစားပေးရန် ကိုယ်ပွားတော်အဖြစ် ရောက်စေးဖော် 藥師佛 ကို လွှဲအပ်ပြီး နတ်လူတို့ကို ချေချွတ်ဆုံးတော်မူလေသည်။

ထို့အတွက်ကြောင့် မဟာယာနဗုဒ္ဓဘာသာတွင် ကျီလော့ဘုံ 極樂 (သုခချမ်းသာဘုံ) ၌ ဘုရား ၃ ဆူရှိသည်ဟု ယုံကြည်ကြသည်။ ကျီလော့ဘုံသည် မြတ်စွာဘုရားနှင့် ရဟန်းသံဃာတို့ နေထိုင်ရာ ဘုံဖြစ်ပြီး မဟာယာနအလိုအရ မိုးနတ်မင်း၏ ကောင်းကင်ဘုံ 天 ထက် မြင့်သည်ဟု ဆိုသည်။တာအိုဘာသာ၏ ၃ ပါးတစ်ဆူအယူအရ စန်းချင်း 三清 ဟု ခေါ်ဆိုကြသည့် နတ်ဘုရား ၃ ဆူသည် အကြီးမြတ်ဆုံးဖြစ်ပြီး စန်းချင်း ၃ ပါး၏ အောက်တွင် မိုးနတ်မင်း ယွီဟွမ်တတိ 玉皇大帝 နှင့် အခြားသော နတ်မင်းများ ရှိကြသည်။

ဝတ္ထုဇာတ်လမ်းများတွင်တော့ တစ်ခါတစ်ရံ စန်းချင်း ၃ ပါးမှာ ယွီတိ အောက်တွင် ရှိနေတတ်သည်။ စန်းချင်း ၃ ပါးထဲတွင် ယွမ်ရှစ့်ထျန်းကျွမ်း 元始天尊 အရှင်မြတ်မှာ အကြီးဆုံး နတ်ဘုရားဖြစ်ပြီး လောကကို ဖန်ဆင်းသူဟု ယုံကြည်ကြသည်။

ထို့ကြောင့် စန်းချင်း ၃ ပါးတွင် အလယ်၌ ယွမ်ရှစ့်ထျန်းကျွမ်း 元始天尊၊ ညာဘက်တွင် ထိုက်စန့်လောင်ကျွင်း 太上老君 (လောင်ကျစ့်)၊ ဘယ်ဘက်တွင် လင်းပေါင်ထျန်းကျွမ်း 灵宝天尊 ကို ထားရှိပူဇော်ကြသည်။ ကြာပန်းဖြူဂိုဏ်းအကြောင်း ဤတွင်ပြီးပါပြီ။ နောက်တစ်ပတ်မှာတော့ ဂိုဏ်းတွေအကြောင်း ဆက်ပေးသွားပါအုံးမည်။ 「天下第一」

Likes:
0 0
Views:
204
Article Tags:
Article Categories:
BooksChinese Books

Leave a Reply

Your email address will not be published. Required fields are marked *