ဘုံပြတ် (ခေါ်) မြင်းလှည်းဘယ်ကစ

“ဘုံပြတ် ခေါ် မြင်းလှည်းလေးနဲ့ ယဉ်ယဉ်ကျေးကျေးထိုင် မမတို့ မော်ရွှေမြိုင် မမတို့မော်ရွှေမြိုင်” ဒီသီချင်းကတော့ မော်လမြိုင်သားတိုင်းနီးပါးလောက် ကြားဖူးကြမယ်လို့ ထင်ပါတယ်။

မြင်းလှည်းများကို ဘုံပြတ်လို့ခေါ်တွင်ဖြစ်ခဲ့တဲ့သမိုင်းကလည်း စိတ်ဝင် စားဖို့ကောင်းပါတယ်၊ ထို့အတူ မြန်မာစာတတ်ပေတတ်လူမျိုးခြား ဘာသာခြား တစ်ဦးအကြောင်းကိုလည်း ချန်လှပ်ထားလို့မရပါဘူး။ထိုသူကားဦအလီ(1837-1907)(ကျူလယာလူမျိုး)ပင်တည်း။

ဖခင်ဖြစ်သူမှာ အင်္ဂလိပ်-မြန်မာပထမစစ်ပွဲတွင် အင်္ဂလိပ်တပ်များနှင့် ပါလာပြီး စစ်ပြီးသော်လည်း မပြန်တော့ပဲ မော်လမြိုင်တွင်အခြချ နေထိုင်သူတစ်ဦးဖြစ်သည်။ဦးအလီ၏အိမ်ကား ဦးဇိန ဘုရားလမ်း ရွှေပရိယတ္တိ စာသင်တိုက်၏ တောင်ဘက်ကပ်လျက်ရှိသည်။

ထိုစဉ်က ရွှေကျောင်းဆရာတော်မှာ လေကီ လောကုတ် ပညာများကို စွယ်စုံတတ်မြောက်သည့် ဆရာတော်ဖြစ်သလိုယနေ့ ထိတိုင် ထင်ပေါ်ကြော်ကြားသော ဘုန်းကြီးဘိုး လျှာပွတ်ဆေးကို ဖေါ်စပ်ခဲ့သည့် ဆရာတော်လည်း ဖြစ်သည်။

ဦအလီ စာသင်သည့် အရွယ်တွင်ဆရာတော်ထံ နေ့စဉ်ဆွမ်းအုပ်ပို့ရင်း မြန်မာစာနှင့်ပါဠိစာပေကိုသင်ယူသည်။ထိုအပြင်ဆရာတော် ထံမှ သီချင်းကြီးသီချင်းခန့် ကဗျာလင်္ကာများကိုပါ သင်ယုတတ်မြောက်သည်။

ဆရာတော်ထံ သွားလာရေးလွယ်ကူစေရန် ကျောင်းနှင့်အိမ်ကြားတံခါး ဖေါက်ထားရာယနေ့တိုင်တွေ့နိုင်သည်။ရပ်ရွာတွင် အလှူအတန်းလုပ်သည့်အခါတိုင်း ရတုရကန်ဧချင်းများကို ဦးအလီထံလာရောက်စပ်ခိုင်းရသည်အထိမြန်မာစာထူးချွန်သူဖြစ်သည်။

တခါတရံ သူကိုယ်တိုင် သွားရောက်ရွတ်ဆိုပေးရသည်အထိ သူမပါလျင်ပွဲမစည်ပေ။စာတတ်ပေတတ်ဖြစ်လာသော ဦးအလီသည် အလုပ်လျှောက်ရာ အရေးပိုင်ရုံးတွင် လက်ထောက်ဘီလစ်အဖြစ်အလုပ်ရသည်။လစာမှာ ၁၂ကျပ် ၈ပဲ ဖြစ်သည်။

(ရွှေတစ်ကျပ်သား ၂၀-၂၅ ကျပ်ခေတ်)1840 နောက်ပိုင်းတွင် မော်လမြိုင် တရားရုံးများ၌ ရှေ့နေများစတင်ပေါ်ပေါက်လာသည်။ထိုစဉ်က ရှေ့နေ များသည် အင်္ဂလန်မှလာသော ဝတ်လုံများဖြစ်သည်။

အမူကို အင်္ဂလိပ်လိုစစ်ရသည်အတွက် အမှူ့သည်များမှာရှေ့နေခရော စကားပြန်ခပါပေးရသည်။အချိန်လည်း ကြန်ကြာကြရသည်။မြန်မာ-မွန်-အင်္ဂလိပ်-ကုလား စကားတတ်သော ဦးအလီသည် ရှေ့နေ အလုပ်ကိုလျှောက်ထားရာ အရေးပိုင်က တစ်နှစ်အစမ်းခန့် သည်။ စကားပြန်မပါပဲ အမူလျှောက်ထားနိုင်သဖြင့် အမှူ့သည်များလည်း ကုန်ကျစရိတ် သက်သာလာကာ အမှူ့စစ်ရာတွင်လည်း မြန်ဆန်လာသည်။

ဦးအလီသည် ၁၈၇၀ တွင် အထက်တန်းရှေ့နေအဖြစ် ခန့်အပ်ခြင်းခံရသည်။ဦးအလီထင်ပေါ် ကျော်ကြားလာသည့်အတွက် ဦအလီ၏ အိမ်တွင် ရပ်ဝေးရပ်နီးမှ အမှူ့သည်များ အဝင်အထွက်များ လာသည်။ သိုသော် ကျိုက်မရော နှင့် မုဒုံမှ အမူသည်များ လွယ်လွယ်ကူကူ မလာနိုင်ချေ။လှည်းဖြင့်လာလျင် လမ်းတွင်ညအိပ်ရသည်။

ထိုစဉ်က မော်လမြိုင်တွင် မော်တော်ကား မရှိပေ။ ၁၉၁၄ခုနှစ် ခန့် အထိ မော်လမြိုင်တွင် ကိုယ်ပိုင်မော်တော်ကား ford အမျိုးစား ၁၀ စီးခန့်သာ ရှိသည်။ဦးအလီသည် ဘီးလေးဘီး နှင့် မြန်းနှစ်ကောင်တပ် မြင်းရထားကြီးနှစ်စီးကို တီထွင်ပြုလုပ်ပြီး မော်လမြိုင်-ကျိုက်မရော၊ မော်လမြိုင်-မုဒုံ အသွားအပြန်ကို ပြေးဆွဲသည်။

ထိုမြင်းလှည်း နှစ်စီး၏ အမည်ကိုလည်း ဘုံပြန် နှင့် ဘုံဆောင် ဟူ၍ မြန်မာ ဆန်ဆန် အမည်ပေးသည်။ အရှည် ၁၅ ပေခန့် ရှိပြီး လူ ၂၀ ခန့် ချောင်ချောင် စီးနိုင်သည်။နံနက် ၅ နာရီတွင် အိမ်ရှေ့ မှ မြင်းရထာကြီးတစီး စထွက်သည်။ မော်လမြိုင်မြို့မှ ၇ မိုင်ဝေးသော ခရွန်းရွာတွင် ခေတ္တနားသည်။

မြင်းအသစ် နှစ်ကောင်လဲ၍ ဆက်လက်ခရီးဆက်ရာ မော်လမြိုင်မှ ၁၂ မိုင်ဝေးသော ကျောက်တစ်လုံးရွာတွင် ခေတ္တနားသည်။ တဖန် မြင်းအသစ်နှစ်ကောင်လဲ၍ ခရီးဆက်ပြန်ရာ မုဒုံတွင် ခရီးဆုံးလေသည်။ မော်လမြိုင်မှ မုဒုံသို့ အသွား မြင်းခြောက်ကောင် အပြန် မြင်းခြောက်ကောင် ပေါင်း မြင်း ၁၂ ကောင် အသုံးပြုသည်။ မြင်းလှည်းခမှာ လူတစ်ယောက်လျှင် အသွား ၁ ကျပ် အပြန် ၁ ကျပ် ယူသည်။

(မြန်မာနိင်ငံရဲ့ ပထမဆုံးသော ခရီးသည်တင် မြင်းလှည်းလိုင်းလို့ ပြောရမလားပဲ။ ကျွန်တော်ခပ်ငယ်ငယ် လွန်ခဲ့သော အနှစ် ၃၀ လောက်က မော်လမြိုင်တွင် ထိုကဲ့သို့ သော ယာဉ်တစ်စီး ဟိန္ဒူ လူမျိုးများ အသုဘချရာတွင် မသာယာဉ်အဖြစ် အသုံးပြုသည်ကို မြင်ဖူးသည်)ဦးအလီ အသက်ကြီးလာသော် နလုံးရောဂါ စွဲကပ်လာပြီး ဘုံပြန် နှင့် ဘုံဆောင်ကို လှည်မကြည့်နိုင်တော့ချေ။လှည်းကြီးနှစ်စီးကို မွေးစားသား ၂ ဦးအား ပေးလိုက်ရသည်။

သား ၂ ဦးလည်း ရထားကြီး ၂ စီးကို ထိန်းသိမ်းနိုင်စွမ်း မရှိသဖြင့် ဦးအလီ၏ သဘောတူညီချက်ရယူကာ မြင်းလှည်းနှစ်စီးကို အလယ်မှ တိတိဖြတ်ပြီး ဘီး ၂ ဘီး မြင်း ၁ ကောင် မြင်းလှည်းငယ် ၄ စီးဖန်တီးကာ မော်လမြိုင်တွင် ပြေးဆွဲလေသည်။

မြင်းလှည်းငယ်၄စီးအမည်ပေးရာတွင်ဦးအလီကမူလဘုံဆောင်နှင့် ဘုံပြန်တို့၏အပြတ်များဖြစ်သောကြောင့် မူလအမည် “ဘုံ” လည်း ပါရအောင်ရထားပြတ်မှ “ပြတ်” လည်းပါအောင် “ဘုံပြတ် ” ဟုသာ ခေါ်ကြပေတော့ဟု အမည်ပေးရာမှ မော်လမြိုင်တွင် မြင်းလှည်းများကို “ဘုံပြတ် ” ဟုခေါ်ဝေါ်ခဲ့ကြလေသည်။ဦးအလီသည်မွတ်ဆလင် ဘာသာဝင်ဖြစ်သော်လည်း မိမိဆရာရွှေကျောင်းဆရာတော် ထံနေ့စဉ်ဆွမ်းအုပ်ပို့သည်။

ရွှေကျောင်းဆရာတော် ပျံလွန်သောအခါ ဦးအလီကမကထလုပ်ပြီး လောင်တိုက်နှင့် ပြသာဒ်တို့ကို ဆောက်လုပ်လှူဒါန်းသည်။ ဘုန်းကြီးပျံပွဲတွင်ဇာတ်ပွဲ ၇ ရက်ခံပေးသည်။

ဤတွင် မွတ်ဆလင်ဘာသာဝင်တို့က ဦးအလီအား ဝိုင်းဝန်းကဲ့ရဲ့ကာ ဝိုင်းပယ်လိုက်ကြလေတော့သည်။ဦးအလီကတရားရုံးအနီးတွင်ကိုယ်ပိုင်သစ်သားဗလီဆောက်ကာမှန်မှန်တက်သည်။

ဦးအလီ သည် အသက် ၇၀ အရွယ် ၁၉၀၇ခုနှစ်တွင် ကွယ်လွန်ခဲ့လေသည်။

ကျမ်းကိုး- (ဆရာအံ့ကျော်၏ မော်လမြိုင် ရွှေတောင်ကျောင်းတိုက် သမိုင်းမှ)

CreditThuzar Aye April ခန့်ညားသူGroup (မြန်မာ့သမိုင်းကြောင်းရာများစိတ်ဝင်စားသူ)

#crdသူဇာအေး#နော်ဂဲလယ်ထူး(စာပေပရဟိတ)

#GoodLuck#Credit

Likes:
0 0
Views:
107
Article Categories:
History

Leave a Reply

Your email address will not be published. Required fields are marked *