ကမ္ဘာကို အမှန်အတိုင်း ပြောပြလိုက်ပါ

by အောင်ဇော်,

ဧရာဝတီ၁၉၆၆ ခုနှစ်တုန်းက မြန်မာပညာတတ်လူငယ် မင်းလတ်ရဲခေါင်တယောက် ချက်ကိုစလိုဗက်ကီးယား နိုင်ငံ ပရက်မြို့တော် ၀င်ဆက်ဆလပ်ရင်ပြင်ကသူထိုင်နေကျတက်ထရန် ကော်ဖီဆိုင်မှာရှိနေပါတယ်။ အဲဒီအချိန်မှာပဲ လွန်ခဲ့တဲ့ ၄ နှစ်က မြန်မာပြည်မှာ အာဏာသိမ်းအုပ်ချုပ်ခဲ့တဲ့ဗိုလ်ချုပ်ကြီးနေ၀င်းနဲ့လုံခြုံရေးယာဉ်တန်းဖြတ်သွားပါတယ်။

မင်းလတ်ဟာ ကော်ဖီဆိုင်က ချက်ချင်းထွက်သွားပြီးသူ့ မိတ်ဆွေလည်းဖြစ်၊ လုပ်ဖော်ကိုင်ဖက်လည်း ဖြစ်တဲ့ ဒေါက်တာ ဒက်ဂ်မာ ဘက်ခိုးဗား (Dr. Dagmar Beckova) ကို အကူအညီတခုတောင်းပါတယ်။နောက်ရက်ပိုင်း ဗိုလ်နေ၀င်းကို ဂုဏ်ပြုဧည့်ခံပွဲ ကျင်းပနေတုန်း ဘက်ခိုးဗားနဲ့ မင်းလတ်ရဲ့ မိတ်ဆွေ အတော်များများကဗိုလ်ချုပ်နေ၀င်းရဲ့ နောက်လိုက်နောက်ပါ အဖွဲ့၀င်တယောက်ကိုချဉ်းကပ်ပြီး ပါဆယ်ထုပ်တထုပ် ပေးခဲ့ပါတယ်။

အထုပ်ထဲမှာ ဗိုလ်နေ၀င်းကို လိပ်မူထားတဲ့ “မြန်မာပြည်နဲ့ ပတ်သက်ပြီး ကမ္ဘာကို အမှန်အတိုင်း ပြောပြလိုက်ပါ” ဆိုတဲ့ စာတစောင် ပါရှိ ပါတယ်။ဗိုလ်နေ၀င်းကို ထိပ်တိုက် ရင်ဆိုင်လိုက်တဲ့အတွက် သူ သိပ်အန္တရာယ်ကြီးသွားပြီ ဆိုတာ မင်းလတ်က သိပါတယ်။ ပညာတော်သင် မြန်မာတွေဟာ နိုင်ငံရေးနဲ့ ပတ်သက်မိပြီ ဆိုရင် ပုံမှန်အားဖြင့် မြန်မာပြည်ကို ပြန် ကြရတာပါ။

သူ မြန်မာပြည် ပြန်တဲ့အခါ စစ်အစိုးရက သူ့ကို ကောင်းကောင်းမွန်မွန် ဘယ်ကြိုပါ့မလဲ။ အာဏာရှင်ကို မကြောက်ဘဲ မှန်တာ ပြောမိရင် သူ့ဘ၀က ကြေကွဲစရာအဖြစ်နဲ့ အဆုံးသတ်မယ် ဆိုတာ ကို အဲ့ဒီအချိန်က သူ မသိနိုင်ပါဘူး။ ဗိုလ်နေ၀င်းရဲ့ လက်ချက်နဲ့ ဘ၀ဇာတ်သိမ်းမှာ မဟုတ်ဘဲ မြန်မာပြည် မြောက်ပိုင်း တောတွင်းတနေရာမှာ သူ့ရဲ့ ကွန်မြူနစ် ရဲဘော် တယောက်က ပစ်သတ်ခံရမယ် ဆိုတာကို သူ မသိခဲ့ပါဘူး။

ဘာသာဗေဒနဲ့ သမိုင်းပညာရှင် ဆရာမင်းလတ်ဟာ ရန်ကုန်က နာမည်ကျော် စိန့်ပေါလ် ဂရမ်မာ ကျောင်းမှာ ပညာသင်ခဲ့သူ ဖြစ်ပါတယ်။ ၁၉၂၅ မှာ မွေးဖွားပြီး ဒုတိယ ကမ္ဘာစစ်ကာလ ပဲခူးတိုင်းအတွင်း ဖက်ဆစ် ဂျပန် တော်လှန်ရေးမှာ ပါ၀င်ခဲ့သူပါ။ စစ်ပြီးချိန်မှာ အလံဖြူ ကွန်မြူနစ်ပါတီ၀င် တယောက် ဖြစ်သွားပြီး ၁၉၄၈ ခုနှစ် နိုင်ငံလွတ်လပ်ရေးရလို့ သိပ်မကြာခင်မှာပဲ တောခိုပါတယ်။

၁၉၅၀ မှာ ချက်ကိုစလိုဗက်ကီးယားကို ရောက်ပါတယ်။ သူဟာ မြို့တော် ပရက်မှာ ပထမဆုံး သွားရောက် ပညာသင်တဲ့ မြန်မာကျောင်းသား သုံးယောက်ထဲက တယောက်ပါ။ ချားလ်စ် တက္ကသိုလ်ရဲ့ ဒဿနိကဗေဒ မဟာဌာနမှာ အင်္ဂလိပ်စာနဲ့ သမိုင်း သင်ယူပါတယ်။ သူ့ရဲ့ “အင်္ဂလိပ် အက္ခရာ စာလုံးများနဲ့ မြန်မာပြည်” စာအုပ် ကတော့ ပရက်မှာ မြန်မာစာ သင်ကြားရေး အတွက် ကနဦး ခြေလှမ်းပါပဲ။၁၉၅၅ မှာတော့ သူက ပရက် ဘာသာစကားကျောင်းမှာ မြန်မာဘာသာ စတင် ပို့ချပါတယ်။

“မြန်မာ-အင်္ဂလိပ်၊ အင်္ဂလိပ်-မြန်မာ အက္ခရာစဉ် ဝေါဟာရများနှင့် ပရက် နည်းလမ်း မြန်မာဖတ်စာ” ကိုလည်း ပုံနှိပ် ထုတ်ဝေ ပါတယ်။ ချက်ကျောင်းသားတွေ ခေတ်ပေါ် မြန်မာ ဘာသာစကားကို ပထမဆုံး ထိတွေ့စေနိုင်ခဲ့တဲ့ စာအုပ်ပါ။ဒါ့အပြင် ချက်ကိုစလိုဗက် အကယ်ဒမီသိပ္ပံ၊ အရှေ့တိုင်း တက္ကသိုလ်မှာ သုတေသီ၊ သူ ပညာသင်ခဲ့တဲ့ တက္ကသိုလ် မှာလည်း နည်းပြဆရာ ဖြစ်လာပါတယ်။

၁၉၆၇ ခုနှစ် ပရက်မြို့တော်ကို ခွာခဲ့ချိန်အထိ ဒီတာ၀န်တွေ ယူခ ဲ့ပါတယ်။ချက်နဲ့မြန်မာ ဆက်ဆံရေးအတွက် ဆရာမင်းလတ်ရဲ့ ဆောင်ရွက်ချက်တွေဟာလည်း အရေးပါခဲ့ပါတယ်။ ၁၉၅၈ ခုနှစ်က ပရက်မှာ ထုတ်ဝေခဲ့တဲ့ သူ့ရဲ့ “မြန်မာ- အာရှရဲ့လမ်းဆုံ” စာအုပ်ဟာ မြန်မာပြည် နိုင်ငံရေး၊ သမိုင်း၊ စီးပွားရေးတို့အကြောင်း ကို ချက်ပြည်သူတွေနဲ့ ပထမဆုံး မိတ်ဆက်ပေးတဲ့ စာအုပ်လို့ ဆိုပါတယ်။

၂၀၀၈ ခုနှစ်မှာ Burma Center Prague က ထုတ်ဝေတဲ့ ဘက်ခိုးဗားရဲ့ “မြန်မာ့ဆုံချက်” (Focus on Burma) ထဲမှာ အဲဒီလို ရေးထားပါတယ်။ဘက်ခိုးဗားရဲ့ ရေးသားချက် အရ ဆိုရင် ဆရာမင်းလတ်ရဲ့ အရေး အပါဆုံး သုတေသန လုပ်ငန်းကတော့ “မြန်မာ ဘာသာ စကားကို ခေတ်မီ တိုးတက်အောင် ပြုလုပ်ခြင်း” ဆိုတဲ့ စာအုပ် ဖြစ်ပါတယ်။

ဆရာမင်းလတ်က မြန်မာ ဘာသာစကားနဲ့ ခေတ် အသုံးအနှုန်းတွေကို နက်နက်နဲနဲ ခွဲခြမ်း စိတ်ဖြာ လေ့လာခဲ့ပြီး မြန်မာဘာသာစကား ဆက်လက် ဖွံ့ဖြိုး တိုးတက်ရေး အတွက် သူ့ရဲ့ အဆိုပြုချက် ကိုလည်း စာအုပ်မှာ ဖော်ပြထားပါတယ်။အဲဒီ စာအုပ်ဟာ ပညာရေးဆိုင်ရာအရ အရေးကြီးတဲ့ သက်ရောက်မှုတွေ ဖြစ်ခဲ့ပါတယ်။

ဒါတင်မက အာဏာရှိ သူတွေကို ပြောင်ပြောင်တင်းတင်း စိန်ခေါ်လိုတဲ့ သူ့ရဲ့ စိတ်ဆန္ဒကို တကြိမ် ထပ်ပြီး ပြသလိုက်တာပါပဲ။ ဒီတခါမှာတော့ ဂန္ထ၀င် မြန်မာ စကား အသုံးအနှုန်းက လွဲပြီး တခြား အသုံးအနှုန်းကို လက်မခံတဲ့ ပညာရေး ဆိုင်ရာ ချမှတ်ဆောင်ရွက်မှု ပုံသဏ္ဌာန်တွေကို စိန်ခေါ် ခဲ့တာပါ။ဆရာမင်းလတ်ဟာ ပညာရှင်တယောက်၊ တက်ကြွ လှုပ်ရှားသူ တယောက် အဖြစ်သာ မကဘဲ တက်ကြွနိုး ကြားတဲ့ ၀တ္ထုတိုတွေ ကဗျာတွေရေးသားတဲ့ စာရေးဆရာ တယောက်လည်း ဖြစ်ပါတယ်။

ရဲခေါင် ကလောင် အမည်နဲ့ သူ့၀တ္ထုတိုတွေ၊ ကဗျာ တွေကို မြန်မာပြည်မှာ ပုံနှိပ် ဖော်ပြခဲ့ပါတယ်။သူ ပရက်မှာ ရှိနေတုန်း ချက် လူငယ် ဗားကလက် ဟာဗဲလ် ကလည်း ပြဇာတ်တွေ ရေးသားပြီး အာဏာ ရှင်စနစ်ကို ဆန့်ကျင် ကန့်ကွက်ခဲ့ပါတယ်။ သူတို့ ခေတ်ပြိုင် စာရေးဆရာ တက်ကြွလှုပ်ရှားသူ နှစ်ဦးဟာ အစိုးရရဲ့ဖိနှိပ်မှုကို ဆန့်ကျင်တဲ့နေရာမှာ ကိုယ်စီ ရှိနေတဲ့ အရည်အချင်းတွေကို ဖလှယ် မျှဝေရင်း သူတို့ရဲ့ အသက်ကို ရဲဝံ့ စွန့်စားခဲ့သူတွေပါ။

ဟာဗဲလ်ဟာ ၁၉၈၉ ခု ကတ္တီပါ တော်လှန်ရေးကို ဦးဆောင်နိုင်တဲ့အထိ ဆက်လက်ဆောင်ရွက်ပါတယ်။ ချက်ကိုစလိုဗက်ကီးယားမှာ ကွန်မြူနစ်ဝါဒ ငြိမ်းငြိမ်းချမ်းချမ်း ကျဆုံးသွားပြီးတဲ့နောက်ပိုင်းသူဟာတိုင်းပြည်ရဲ့ပထမဆုံးသမ္မတဖြစ်လာပါတယ်။

သူ့ဆောင်ပုဒ်တခုဖြစ်တဲ့ “အမှန်တရားနဲ့ ချစ်ခြင်း မေတ္တာတရားဟာလိမ်ညာမှုတွေနဲ့ အမုန်းတရားကိုအနိုင်ရလွှမ်းမိုးနိုင်ရမယ်” ဆိုတဲ့စကားဟာ ဆရာမင်းလတ်အသေအချာနှစ်သက် တန်ဖိုးထားတဲ့စကားပါပဲ။

ဆရာမင်းလတ်ရဲ့ ပညာရေးဆိုင်ရာ တိုးတက် ဖြစ်ထွန်းမှု တွေက ချက်ကိုစလိုဗက်ကီးယားမှာ ဖြစ်ပေမယ့် သူ့ရဲ့ ဇာတိမြေ ကိုတော့ သူ့နှလုံးသားထဲမှာ ထည့်ထားတာပါ။ မြန်မာပြည် နိုင်ငံရေးဖြစ်စဉ်တွေကို သူ ထဲထဲ၀င်၀င် လေ့လာခဲ့ပြီး ဗမာပြည် ကွန်မြူနစ် ပါတီ (ဗကပ) ဌာနချုပ် တည်ရှိရာ ပဲခူးရိုးမနဲ့ တရုတ် မြန်မာ နယ်စပ်ဒေသမှာ လှုပ်ရှား တိုက်ပွဲ၀င်နေကြတဲ့ သူ့ရဲ့ ကွန်မြူနစ်ပါတီ ရဲဘော်ရဲဘက်တွေနဲ့ အမြဲ ထိတွေ့ ခဲ့ပါတယ်။

၁၉၆၀ ပြည့်လွန် နောက်ပိုင်းကာလမှာတော့ ဗကပ ဟာ ၀ တောင်တန်းဒေသကို စတင် ထိုးဖောက်၀င်ရောက်ခဲ့ပါတယ်။ဗကပဟာ တရုတ်ပြည်ကစစ်ရေးအကူအညီရခဲ့တာပါ။ တရုတ်ပြည်ရဲ့ ယဉ်ကျေးမှုတော်လှန်ရေးက ရလာတဲ့အတွေးအခေါ်နဲ့ ဗကပ က ၁၉၆၇ ခုနှစ်မှာ သူတို့ပါတီရဲ့ “တ၀က်တပျက်ယဉ်ကျေးမှုတော်လှန်ရေး” ကို ဖော်ဆောင်ပါတော့တယ်။

ဗကပ ပါတီ၀င်တွေရဲ့ ဆွေမျိုးသားချင်းတွေ အပါအ၀င် ပညာတတ် ပုဂ္ဂိုလ်တွေကို ရက်ရက်စက်စက် ဖြုတ် ထုတ် သတ် လုပ်ခဲ့တယ်။ သန့်စင် ရှင်းလင်းရေးကို တုံ့ပြန် ရိုက်ခတ်တဲ့ တရုတ် ဆန့်ကျင်ရေး ရုန်းရင်း ဆန်ခတ် မှုတွေ ရန်ကုန်မြို့မှာ ဖြစ်ပွားခဲ့ပါတယ်။ တရုတ်နဲ့ မြန်မာကြား သံတမန် ဆက်ဆံရေး ဆိုးဝါးသွားပြီး ဘေဂျင်းက မြန်မာနိုင်ငံကို ပေးနေတဲ့ အကူအညီတွေ တရား၀င် ရပ်စဲလိုက်ပါတယ်။ သူ့နိုင်ငံက ကျောင်းသား တွေကိုလည်း ပြန်ခေါ်ယူပါတယ်။

ဘေဂျင်း ရေဒီယိုက ဗိုလ်နေ၀င်း အစိုးရကို “ဖက်ဆစ်၊ တော်လှန်ရေးကို ဖျက်ဆီးသူ၊ ဖောက်ပြန်ရေးအစိုးရ” စသဖြင့် အပြင်းအထန် ရှုတ်ချပါ တော့တယ်။ပရက် နွေဦးရာသီ ပြုပြင်ပြောင်းလဲရေးသမားတွေကို ဝါဆောစာချုပ်၀င်နိုင်ငံတွေက ကျူးကျော် ဝင်ရောက် ပြီး ချေမှုန်းတာတွေ မဖြစ်ခင် တနှစ်အလို ၁၉၆၇ ခုနှစ် မှာ ဆရာမင်းလတ်ဟာ အဲဒီကနေ တရုတ်ပြည်ကို သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဘေဂျင်းကို သူရောက် ပြီး ရှမ်းဘာသာကို လေ့လာသင်ယူရင်း ၁၉၆၉ ခုနှစ်အထိ နေခဲ့ပါတယ်။

ဒီနောက်တော့ ရှမ်းပြည်နယ်ဘက်ကို ပြောင်းသွားပါတယ်။ တရုတ်မြန်မာနယ်စပ်က ဗကပ ရဲဘော်တွေနဲ့ ပြန်ဆက်သွယ်ခဲ့ပြီး၀ နဲ့ ရှမ်း ဘာသာ ရပ်တွေကို လေ့လာပါတယ်။ ကွန်မြူနစ် ပါတီ၀င်ဟောင်းတွေရဲ့ အဆိုအရသူ့လုပ်ဆောင်မှုတွေထဲမှာ ၀ ဘာသာကနေ လက်တင် ဘာသာကို ပြန်ဆို ရေးသား မှတ်တမ်းတင်မှုတွေ ပါ၀င်ပါတယ် တဲ့။

ဒါပေမယ့် အာဏာရှင်တွေကိုအမှန်အတိုင်းပြောတယ် ဆိုတာဟာအမြင်မတူသူနဲ့ ထိပ်တိုက်ရင်ဆိုင်တာမဟုတ်ဘူး၊ ကိုယ့်ဘက်တော်သား တွေထဲမှာလည်း အင်အားကောင်းစေရေးအတွက်ဖြစ်တယ်ဆိုတာကို ဆရာမင်းလတ်ကသဘောပေါက်တဲ့သူပါ။ သူကကွန်မြူနစ်ပါတီရဲ့ အခက်အခဲတွေကိုကူညီဖြေရှင်းပေးတဲ့အနေနဲ့ ဗကပပေါ်လစ်ဗျူရိုအဖွဲ့၀င်တွေဆီအစီရင်ခံစာတွေရေးပို့ပါတယ်။သူ့ရဲ့အငြင်းပွားဖွယ် အစီရင်ခံစာတွေထဲမှာ ဘာတွေပါတယ်ဆိုတာအခုထိမသိရပါဘူး။

သိရသလောက်ကတော့ ပါတီခေါင်းဆောင်တွေက အဲဒီ အစီရင်ခံစာတွေကို မကြိုက်ကြဘူး ဆိုတာပါပဲ။၁၉၇၀ ပြည့်လွန် နောက်ပိုင်းမှာတော့ ဗမာပြည် ကွန်မြူနစ်ပါတီကသူ့ကိုရှမ်းပြည် အရှေ့ မြောက်ပိုင်းဒေသမှာ ထိန်းသိမ်းလိုက်ပါတယ်။ တိုက်ပွဲမှာအဖမ်းခံရတဲ့အရာရှိတ ယောက် အပါအ၀င်မြန်မာစစ်သား ၁၅ ယောက်နဲ့အတူ ချုပ်နှောင်ခံရပါတယ်။

ကွန်မြူနစ်ပါတီ၀င်ဟောင်းတွေရဲ့ အဆိုအရ ၁၉၈၅ ခုနှစ်ထဲမှာ စစ်သားတွေ ထွက်ပြေးဖို့ စီစဉ်တော့ ဆရာမင်းလတ်လည်း သူတို့နဲ့အတူ ပြေးခဲ့ပါတယ်တဲ့။ ဒါပေမယ့်ကွန်မြူနစ်ပါတီတပ်တွေကသူတို့နောက်ကို လိုက်ပြီး ရှင်းတဲ့အတွက် အားလုံး သေဆုံးသွားရပါတယ်။ ကွန်မြူနစ်ဟောင်းတွေကတော့ ဆရာမင်းလတ်ရဲ့ နောက်ဆုံးကာလ အကြောင်းတွေကို ပြန်ပြောချင်စိတ် မရှိကြပါဘူး။

ပါတီဌာနချုပ် ကပဲသုတ်သင်ပစ်လိုက်ဖို့ အမိန့်ပေးခဲ့သလားဒါမှမဟုတ်တပ်သားတွေကပဲ သူတို့ ဘာသာ ပစ်ခတ်ခဲ့တာလား ဆိုတာ မသိရပါဘူး။တောထဲမှာကြေကွဲဖွယ် ကျဆုံးခဲ့ရပေမယ့်ဆရာမင်းလတ်ရဲ့ ကြံဆ စိတ်ကူးမှုတွေနဲ့ ပညာရပ် နယ်ပယ် ဆိုင်ရာ သြဇာ သက်ရောက်မှုတွေကမြန်မာပြည်မှာရှိနေဆဲပါ။

ဒါ့အပြင်မြန်မာနဲ့ ချက်နှစ်နိုင်ငံကြားလက်ရှိဆက်ဆံရေးအထိသြဇာရှိနေဆဲဖြစ်ပါတယ်။“လေးနက်တဲ့အကြောင်းအရာတွေကို ဂန္ထ၀င်မြန်မာ ဘာသာစကားနဲ့ပဲ ရေးရမယ်လို့ဆိုကြတဲ့ရှေးရိုးစွဲဝါဒီပညာရှင်တွေနဲ့သဘောမတူကြတဲ့ ခေတ်သစ် မြန်မာပညာရှင်တွေ၊ စာရေးဆရာတွေ၊ စာနယ်ဇင်း သမားတွေအတွက်တော့ဆရာမင်းလတ် ရဲ့ ‘မြန်မာဘာသာစကားကိုခေတ်မီတိုးတက်အောင်ပြုလုပ်ခြင်း’ နဲ့ တခြားလက်ရာ တွေကအထောက်အကူဖြစ်ခဲ့တယ်၊ အကြံကောင်း ဉာဏ်ကောင်းတွေပေးခဲ့တယ်” လို့ဘက်ခိုးဗားကဆိုပါတယ်။

နောက်မျိုးဆက် စာရေးဆရာတွေ ကတော့ ခေတ်ပေါ် မြန်မာဘာသာစကားကို စာပေနယ်ပယ်မှာသာ မဟုတ်ဘဲတခြား ရေးဖွဲ့မှုတွေမှာပါ သုံးလာကြတယ်၊ ခေတ်ပေါ်နည်းနဲ့ ရေးတာက ပိုပြီး နားလည်ရ လွယ်စေတယ် ဆိုတာကိုပြသခဲ့ကြတယ်လို့ သူကဆိုပါတယ်။ ဒီအစဉ်အလာကို ဒီနေ့ခေတ်အထိ သယ်ဆောင်လာပြီး သတင်းစာ၊ မဂ္ဂဇင်း၊ စာအုပ်တွေမှာခေတ်ပေါ် ဘာသာစကားနဲ့ ရေးသား ဖော်ပြနေကြပါပြီ။

၁၉၅၀ နဲ့ ၆၀ ပြည့်လွန်နှစ်တွေတုန်းက ဆရာမင်းလတ် ပရက်မှာ ရှိနေချိန်အတွင်း တစိုက်မတ်မတ် ကြိုးပမ်း အားထုတ်မှုတွေကြောင့်လည်း ချက်ခေါင်းဆောင် ဟောင်း ဟာဗဲလ်နဲ့ လက်ရှိ ချက်သမ္မတနိုင်ငံတို့ဟာ မြန်မာပြည် ဒီမိုကရေစီရရှိရေးကိုထောက်ခံ အားပေးသူတွေ ဖြစ်လာတာပါ။

ဧပြီလတုန်းက ချက်သမ္မတနိုင်ငံဟာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးစုံစမ်းစစ်ဆေးသူ မစ္စတာ ကင်တာနာ ရဲ့ တိုက်တွန်း ပြောဆိုချက်ကို ထောက်ခံတဲ့ တတိယမြောက်နိုင်ငံ ဖြစ်လာခဲ့ပါတယ်။

မစ္စတာ ကင်တာနာကမြန်မာနိင်ငံတွင်း စစ်ရာဇ၀တ်မှုတွေနဲ့လူသားမျိုးနွယ်ကို ဆန့်ကျင် ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေ အတွက် စုံစမ်းစစ် ဆေးရေးကော်မရှင်တရပ် စေလွှတ်ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို တင်ပြ တိုက်တွန်းခဲ့တာပါ။ဧရာ၀တီမဂ္ဂဇင်းကိုပေးပို့တဲ့ ထုတ်ပြန်ကြေ ညာချက်တခုမှာဆိုရင်ချက်နိုင်ငံခြားရေး ၀န်ကြီးဌာနကလည်းမြန်မာနိုင်ငံမှာဆိုးဝါးတဲ့လူ့အခွင့်အရေး ချိုးဖောက်မှုတွေဆက်လက် ဖြစ်ပျက်နေတဲ့အတွက်ပူပန်နေရကြောင်းဖော်ပြထားပြီး စစ်အစိုးရရဲ့ဒီမိုကရေစီဖော်ဆောင်ရေး လမ်းပြမြေပုံရဲ့ အလားအလာကိုလည်း မေးခွန်းထုတ်ထားပါတယ်။

ချက်အစိုးရဲ့ထောက်ခံမှုဟာဆရာမင်းလတ်ချက်ကိုစလိုဗက်ကီးယားကထွက်ခွာလာပြီး နှစ်ပေါင်း ၄၀ ကျော်အကြာ၊ မြန်မာပြည်မြောက်ပိုင်း တောထဲမှာသူသေဆုံးပြီး နှစ် ၂၀ ကျော်ကြာမှ ပေါ်ပေါက်ခဲ့တာပါ။ ဒါပေမယ့် ဆရာမင်းလတ်နဲ့ သူ့လို ပြည်ပခရီး ထွက်ခဲ့ကြပြီး မြန်မာနိုင်ငံ စစ်အစိုးရ အဆက်ဆက်ကို ဆန့်ကျင်ခဲ့ကြသူတွေဟာ အနာဂတ် မျိုးဆက်သစ် တက်ကြွ လှုပ်ရှားသူတွေအတွက် အခြေခံ အုတ်မြစ်ချခဲ့ကြ သူတွေ၊ နိုင်ငံခြား တိုင်းပြည်တွေက ကူညီ ထောက်ခံလာကြအောင် တံတား ထိုးပေးခဲ့ကြ သူတွေ ဖြစ်ပါတယ်။

တခြားမြန်မာ နဲ့ ချက်တက်ကြွလှုပ်ရှားသူတွေလိုပဲ ဆရာမင်းလတ်ဟာ သူ့ဘ၀မှာ သူမြင်ချင်တဲ့ ရလဒ်ကို မြင်မသွားခဲ့ရပါဘူး။ ဒါပေမယ့် အတိုက်အခံတွေသာ ဇွဲကောင်းမယ်ဆိုရင် မျှော်လင့်ချက် ကင်းမဲ့ပြီး ဖိနှိပ်ခံနေရတဲ့ အခြေအနေတွေကို ပြောင်းပြန် လှန်ပစ်လို့ရတယ် ဆိုတာ ဒီကနေ့ ဒီမိုကရေစီ တိုင်းပြည် ဖြစ်နေတဲ့ ချက် သမ္မတနိုင်ငံက သက်သေပါပဲ။

တကယ်လို့ မြန်မာပြည်သူတွေဟာချက် ပြည်သူတွေ လိုပဲ ရက်စက်တဲ့အာဏာရှင်တွေကို တနေ့မှာ အောင် မြင်နိုင်ခဲ့မယ် ဆိုရင် နှစ်နိုင်ငံဟာ အာဏာရှင်စနစ်ရဲ့ဖိစီး နှိပ်စက်မှု သံကြိုးတွေကို ဖယ်ရှင်းပစ်နိုင်မယ့် လွတ်လပ်တဲ့ ဒီမိုကရေစီနိုင်ငံတွေ ဖြစ်လာတဲ့အထိ ညီညွတ် ပေါင်းစည်း မျှဝေ ခံစားနိုင်ကြမှာ ဖြစ်ပါတယ်။

ဆရာမင်းလတ်ဟာ အဲဒီ ပေါင်းစည်း ညီညွတ်မှုရဲ့ ဘိုးဘေး တဦး ဖြစ်နေမှာပါ။ သူသာ တကယ်လို့ ဒီ ကနေ့အထိ အသက်ရှင်နေဦးမယ် ဆိုရင် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုလည်းသူအရင်တုန်းက ဗိုလ်နေ၀င်းကို ပြောဆိုခဲ့ဖူးသလို “ကမ္ဘာကို မှန်တဲ့အတိုင်း ပြောပြပါ” ဆိုတဲ့ စကားကို ပေးပို့မှာကတော့ အသေအချာပါပဲ။ ။

အောင်ဇော် ရေးသားသည့် ‘Tell the World the Truth’ ကို ဆီလျော်အောင် ပြန်ဆိုသည်။

#winhlaingoo

Likes:
0 0
Views:
8295
Article Categories:
NEWS

Leave a Reply

Your email address will not be published. Required fields are marked *