ဒို့ခေတ်ကို ရောက်ရမည်မှာ မလွဲပါ အခန်း (၂) ဒဂုန်တာရာ

#ဒို့ခေတ်ကို ရောက်ရမည်မှာ မလွဲပါ

အခန်း (၂)

သည်တော့မှ ဗညားမော်သည် ပတ်ဝန်းကျင်ကို သတိရလေတော့သည်။ မြူနီစပယ်ရုံးဝင်းကြီးကား ယခင်ကနှင့် မတူအောင် ထူးထူးခြားခြား ခမ်းနားစွာ ပြင်ဆင်မွမ်းမံထားပေသည်တကား။ ယခင်ကမူ နေ့စဉ် နွေအလိုက်၊ ဆောင်းဆို ဆောင်းအလိုက်၊ ပန်းများပွင့်နေသော ဥယျာဉ်ကြီးတခုဟု မှတ်ထားသည်။

ရုံးဝင်းကြီးကို ဖြတ်လိုက်တိုင်း အကန့်အကန့် စနစ်တကျ စိုက်ပျိုးထားသော ပန်းခင်း၊ မြက်ခင်း၊ လူများ သူ့အောက်မှဝင်သွားရသော ပန်းရုံကြီး များ၊ ဆေးအဖြူ၊ အပြာနု၊ ပန်းနုချယ်ထားသော သစ်သားကုလားထိုင်၊ ကြိမ်ကုလားထိုင်၊ ခုံတန်းလျားများဖြင့် ခင်းလျက်။ လှပသော ဝင်းကြီးကို ကြည့်မိသည်။ သိပ်လှတာဘဲ။ ယခုမူကား မျက်နှာစာတဖက်၌ အနီ၊ အပြာ၊ သုံးရစ် နဖူးစည်း ခြင်္သေ့၊ သရဖူ၊ နတ်မြင်း၊ အင်္ဂလိပ်ဘုရင် အစိုးရနိုင်ငံတော်တံဆိပ်ဖြင့် တပ်ဆင်ထားသော ရောင်စုံပန်းတွန့်စက္ကူများနှင့် ယှက်သန်းတွဲဆိုင်းထားသော မဏ္ဍပ်ကြီး။

ကျောင်းသားများသည် လမ်းထောင့်ချိုး၌ ရပ်ကာ နေရာယူထားကြသည်။ မဏ္ဍပ်ထဲမှ ဘင်ခရာသံ ထွက်ပေါ်လာသည်။ တလောကပင် “ဘုရားသခင် ဘုရင်မင်းမြတ်ကို ကယ်မပါစေ” ဟူသော သီချင်းသံကို ကြားခဲ့ရသေးသည်။ သီးချင်းတိုက်စဉ်က ကြားခဲ့ရခြင်းဖြစ်သည်။

ဗညားမော်သည် မဏ္ဍပ်ဘက်သို့ လှမ်းကြည့်လိုက်သည်။ မဏ္ဍပ်အတွင်း၌ မင်းစိုးရာဇာများ၊ ပိုးရောင်၊ ဖဲရောင်၊ သက္ကလပ်ရောင်၊ စိန်ရောင်၊ မြရောင်၊ ပတ္တမြားရောင်၊ အရာရှိများကား ခေါင်းပေါင်းစ တလူလူ၊ တချို့ကလည်း သက္ကလပ်ဘောင်းဘီနက်ပြာရောင်။ ရာဇဝတ်ဝန်ထောက်မင်းမှာ ကပြား၊ သူသည် ကာကီရောင် ပုလိပ်ဝတ်စုံဖြင့်။ သားရေခါးပတ်မှ ခြောက်လုံးပူးအိတ်အခန့်စား၊ စလွယ်သားရေရောင်က တပြောင်ပြောင်။ မင်းကတော်များကား သူမတို့၏လည်တိုင်ကို ငဲ့တိုင်း စိန်နားကပ်ရောင် တဖျတ်ဖျတ်။ စိန်ဆံထိုး၊ စိန်ဘီးတို့မှ ပြိုးပြိုးပြက်ပြက်။ သည်ကြားထဲတွင် အထောက်အပံ့ခံ အမျိုးသားကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဟန်တင့်မှာ ပင်နီရင်ဖုံး၊ ဘန်ကောက်လုံချည် ရွှေဖလားရောင်တောင်ရှည်ဖြင့်အတူ ခံ့ညားနေပေသည်။ ဗညားမော်သည် သူတို့ကျောင်းအုပ်ကြီး၏ ပေါ်လွင်ထင်ရှားသော ပင်နီရင်ဖုံးကို နှစ်သက်နေမိသည်။

ကျောင်းသားများသည် နေရိပ်ရာဘက်သို့ ရွှေ့လိုက်ကြသည်။ နေသည် တဖြည်းဖြည်းမြင့်လာရာ နေပြောက်များလည်း နေရာရွေ့သွားကြသည်။

ဗညားမော်ဘေးမှ ဗလက “ဟေ့.. ဗညားမော်၊ ဒီဘက်တိုး၊ ဒီဘက်က နေရိပ်တယ်၊ ငါတော့ ဆာတယ်ကွာ၊ မင်းကော အိမ်က ဘာစားခဲ့သလဲ”

“မနက်က နံပြားနဲ့ ပဲပြုတ်စားခဲ့တာ၊ ခုတော့ နဲနဲတောင်ဆာလာပြီ”

“ဘုရင်ခံက ဘယ်တော့ရောက်မှာတဲ့လဲ”

“ရောက်တော့မှာနဲ့ တူပါတယ်”

တချို့ကျောင်းသားများက ထိုင်နေကြသည်။ ဗညားမော်သည် ရှေ့ဆုံး စာတမ်းနားသို့ ကြည့်လိုက်သည်။ ကျောင်းသူများလည်း စုကာ အချင်းချင်းစကားပြောနေကြသည်မှာ ညံနေတော့သည်။ ဘင်ခရာဝိုင်းမှ သီချင်းတစ်ပုဒ် သီချင်းတီးသံ ကြားလာရပြန်သည်။ အော်လန်စင်းသီချင်း။ သီချင်းရပ်သွားသောအခါ ကျောင်းသူများဝိုင်းမှ စကားသံများမှာမစဲ၊ အသံအမျိုးမျိုးဖြင့် ရယ်မောနေကြသံ၊ အုပ်ပြောသောအသံ၊ စာသောအသံ၊ တိုးညင်သောအသံ၊ အသံစုံ။

“မင့်လှိုင်ထိပ်ထား တွေ့လား…” ဟု ဗလက ဗညားမော်အား လှမ်းမေးလိုက်သည်။ “ဟေ့ကောင် မေးတာမကြားဘူးလား” ဟု ငေးနေသော ဗညားမော်အား တတောင်ဆစ်နှင့် တွန်းကာ မေးလိုက်သည်။

ဗညားမော်မှ မဏ္ဍပ်၏ ပြင်ဆင်မွန်းမံပုံကို ငေးကြည့်နေသည်။ အနီ၊ အဖြူ၊ အပြာ အရောင်အတွဲမှာ သူ့စိတ်ကို ကြည်လန်းစေသည်။ မဏ္ဍပ်အဝင်ပေါက် လမ်းမကြီးဘက်ရှိ သဲဖြူခင်း ရာဇမတ်ကာ၊ ငှက်ပျောပင်စိုက် မင်းလမ်းမကြီးက ဖြူးလျက်။ ရှေးမင်းများအား ကြိုဆိုသည့်ဟန်ပန်အတိုင်း ပြင်ဆင်ထားသည်။ စိမ်းမြသော ငှက်ပျောရွက်များမှာ နေရောင်တွင် လန်းဆတ်လျက်၊ ဝင်းပလျက်။

“ဘယ်မှာလဲကွ” ဟု သတိရလာကာ ဗညားမော်က ပြန်မေးလိုက်သည်။

“မမြင်ဘူးလား၊ မရမ်းစေ့ရောင် ချိတ်ထမီနဲ့၊ ခေါင်းမှာ နှင်းဆီပွင့်တွေနဲ့”

ကျောင်းသားများက လှိုင်ထိပ်ထားဟုခေါ်ကြသော ခင်ထားလှိုင်မှာ သူနှင့် တတန်းတည်း ဖြစ်သည်။ သူမ၏ဖခင် စက်ပိုင်ရှင် ဦးသော်ကမှာ မြို့မျက်နှာဖုံး။ သူမမှာ အတန်းထဲတွင် အချောဆုံးဟု နာမည်ကြီးသည်။ ဘုရင်ခံအား ပန်းဆက်ရန် မြို့ဧည့်ကော်မတီက ရွေးချယ်ထားသည်။ ဗညားမော်ထက် နှစ်နှစ်ခန့်ကြီးသည်။ သူမမှာ ရန်ကုန် ဒိုင်အို အင်္ဂလိပ် မယ်သီလရင်ကျောင်းတွင် ကျောင်းထားရာမှ မနှစ်က နှုတ်ကာ ဤတောမြို့ကလေးတွင် လာထားခြင်းဖြစ်သည်။ ကျောင်းရောက်စက ဂါဝန်နှင့် တက်သေးသည်။ သူမ၏ အင်္ဂလိပ်နာမည်မှာ မေဘယ်။ အိမ်သားများက သူမကို မေဘယ်ဟု ခေါ်ကြသည်။ ကျောင်းသားများကမူ လှိုင်ထိပ်ထား။ သူမ စကားပြောလျှင် “လှိုင်က .. လှိုင်က” ဟု သူ့နာမည် ထည့်စကား ပြောလေ့ရှိသည်။

“မတွေ့ဘူးလားကွ၊ ငါ့နှမ ရင်မြနဲ့ စကားပြောနေတာ”

ဟုတ်သည်။ လှိုင်ထိပ်ထားကား ကြော့လို့၊ ဒေစီပန်းပွင့်ရောင် အဝါနု ပိုးဇာအင်္ကျီနှင့်။ သူ့အဖေက ရိုးကုမ္ပဏီမှတဆင့် အင်္ဂလန်မှ မှာယူသော ပိုးဇာ။ တခါ ကျောင်းကပွဲတုန်းက ဝတ်လာဘူးသည်။ ရင်ရင်မြပြော၍ အင်္ဂလန်မှ မှာယူသည့် ပိုးဇာမှန်း သိရသည်။ မကြာသေးမီက စာတိုက်မှ ရောက်လာသည်။

ခင်ထားလှိုင်သည် ရင်ရင်မြနှင့် စကားပြောနေရာမှ ဗလတို့ဘက်သို့ တချက် လှည့်ကြည့်လိုက်သည်။ ခင်ထားလှိုင်သည် ဒီကနေ့ အနုဆုံးဖြစ်နေသည်။ ဗညားမော်ကား ခင်ထားလှိုင်၏ မရမ်းစေ့နုနှင့် ငွေရောင်ချိတ်ထားသော ချိတ်ထမီကို ငေးကြည့်နေသည်။

“ထမီလေး အဆင်လှတယ်ကွာ”

“အမယ်… မင်းက လူတော့မပြောဘူး”

ဘေးက ကျောင်းသားများက ဝိုင်းရယ်ကြသည်။

စကားသံများနှင့် ပို၍ ဆူညံလာကြလေပြီ။ နေရောင်မှာလည်း ပူနွေးလာပေပြီ။ ခင်ထားလှိုင်သည် ချွေးပြန်လာ၍ မကြာခဏ မျက်နှာကို ဂုတ်ပိုးကို တို့ပတ်နှင့် တို့နေရသည်။ စိန်လည်တုံမှာ တဖျတ်ဖျတ် ပြိုးပြက်လျက်။ မဏ္ဍပ်တွင်းရှိ စားပွဲပေါ်၌ကား ရွှေရောင်ယွန်းကျည်တောက်သည် စံပယ်လျက်။ ကျည်တောက်ထဲ၌ ဘုရင်ခံ ကြွလာလျှင် ထောပနာပြုရမည့် မင်္ဂလာဩဘာစာ၊ မင်္ဂလာရတု ပိုဒ်စုံ လင်္ကာများသည် ခွေလိပ်လျက်။ ဘုရင်ခံအား ဆက်မည့် မင်္ဂလာစည်တော်သံ ကဗျာတေးကား ရွှေကလပ်ထက်၌ ဝင့်ကြွားလျက်။

ကျောင်းသားများပါးစပ်မှ “ဆာတယ်ကွာ” ဟူသော မြည်တမ်းသံများသည် ကြိုကြား ထွက်ပေါ် လာကြသည်။ အောင်ဒင်တို့လူသိုက်သည် လမ်းဘေးမြက်ပင်များအနားသို့ ရွှေ့လိုက်ကြသည်။ နေရောင်မှာ သူတို့ခေါင်းပေါ် ရောက်လာသောကြောင့် ဖြစ်သည်။

မဏ္ဍပ်တွင်းမှ မင်းစိုးရာဇာများသည် သဲဖြူခင်း၊ ရာဇမတ်ကာ မင်းလမ်းဆီသို့ မျှော်လျက်ရှိကြသည်။ ငွေဖလားထဲတွင် စိုက်ထားသော ပန်းခိုင်ကြီးမှာ ညှိုးစ ပြုလေပြီ။ သင်္ဘောဆိပ်သို့ သွားကြိုကြသော နယ်ပိုင် ဝန်ထောက်မင်းတို့လည်း ပြန်မလာကြသေး။

“ဟေ့.. ဗလ၊ ဘုရင်ခံရဲ့နံမယ် အရှည်ကောက်က ဘာလဲကွသိလား” ဟု ရှေ့တန်းက ၇ တန်းကျောင်းသား ခင်ဇော်က ဗလအား လှမ်းမေးလိုက်သည်။ ဗလမှာ အတန်းငယ်သော်လည်း စာအဖတ်ဆုံးဟု နာမည်ကြီးနေသူ။

“ဆာ- ဂျေ- အေ မောင်ကြီး ဟုတ်ဖူးလား”

“အရှည်ပြောတာ – အေက ဘာတဲ့လဲ”

“ဆရာမ မေးကြည့်ပါလား” ဟု ဗညားမော်က ကြားက ဝင်ပြောလိုက်သည်။

“သွား … မင်းသွားမေး၊ ဆရာမက မင်းကို ပိုအရေးပေးတယ်”

ဗညားမော်က ဆရာမ စန်းစန်းနုအား သွားမေးသည်။ ဆရာမက သူ့ကို ပြောပြသည်။

“ဆာ-ဂျိုဆက်-ဩဂတ်စတပ် မောင်ကြီးတဲ့ကွ၊ ဆာဆိုတာက ဘုရင်မင်းမြတ် အမှုတော်ထမ်းကောင်းလို့ ဘုရင်က ပေးတဲ့ မှူးကြီးမတ်ကြီး ဘွဲ့တံဆိပ်တော်တဲ့ကွ၊ ရဲရင့်တဲ့သူရဲကောင်း ဘုရင့်စစ်သည်တော်… တဲ့”

ထိုအခိုက် ကျောင်းအုပ်ကြီးသည် ကျောင်းသားများထံ မဏ္ဍပ်ထဲမှ လာနေသည်။ ကျောင်းဆရာ၊ ဆရာမများ သူ့ထံ ကပ်သွားကြသည်။ ထို့နောက် သူတို့သည် တစုံတရာကို တီးတိုးပြောနေကြသည်။

ဆရာမစန်းစန်းနုသည် ကျောင်းသားများအပါး ရောက်လာကာ “ဒီကနေ့ ဘုရင်ခံ မလာဖြစ်ဖူးတဲ့၊ ကျောင်းသားတွေအားလုံး ပြန်နိုင်ကြပြီ၊ ကျောင်းလဲမရှိဘူး၊ တရက် ပိတ်လိုက်တယ်၊ မနက်ဖြန်မှ ခါတိုင်းလို ကျောင်းလာတက်ကြ”

အသံများသည် စီညံသွားကာ တယောက်တပေါက် ပြောဆိုရင်း ကျောင်းသားအုပ်ကြီးသည် ကွဲသွားသည်။ ပန်းစည်း၊ ဩဘာပေး ရတုပိုဒ်စုံနှင့် ရန်ကုန်မြို့ ဗီယင်နာကဖေးမှ အထူးမှာယူထားသော ချီဇာကိတ်မုန့်တို့သည် မဏ္ဍပ်ထဲရှိ ပိတ်ဖြူခင်း စားပွဲပေါ်၌ အရှင်မဲ့ လဲလျောင်းလျက်။

အခန်း(၃)ဆက်ရန်

Likes:
0 0
Views:
176
Article Categories:
Books

Leave a Reply

Your email address will not be published. Required fields are marked *