ဒို့ခေတ်ကို ရောက်ရမည်မှာ မလွဲပါ ( ဒဂုန်တာရာ )

ဒို့ခေတ်ကို ရောက်ရမည်မှာ မလွဲပါ

အခန်း (၁)

ဗညားမော်သည် ယူနီယံဂျက်အလံကို ကိုင်ရင်း ရင်ထဲမှာ လှုပ်ရှားနေသည်။ သူ့စိတ်ထဲ၌ ယူနီယံဂျက်အလံများမှာ လှပနေသည်ဟု ခံစားနေသည်။ ဆန့်ကျင်ဘက်ဖြစ်သော အနီနှင့်အပြာရောင် ဖြတ်ထားပြီး၊ အဖြူက ဘေးနားကွပ်ထားသည်မှာပင် ကြည့်ကောင်းနေသည်။ သူတို့ ၆တန်းသားများ အားလုံး ယင်းအလံလေးများကို ကိုယ်စီကိုင်ကာ ဝှေ့ယမ်းလျက်ရှိသည်။ သူ့အတန်းပြဆရာမ စန်းစန်းနုက အတန်းသားများဘေးမှ လိုက်ပါကာ ကွပ်ကဲအုပ်ချုပ်ပါသည်။

ဒီကနေ့ ဆရာမမှာ အတောက်ပဆုံး၊ အသစ်လွင်ဆုံး ဝတ်စားထားပေသည်။ ပဒုမ္မာပိတ်အဖြူ၊ နှင်းဆီကွက် ဖဲလုံချည်။ သူ့စိတ်ထဲတွင် ဆရာမမှာ အချောဆုံး၊ သနပ်ခါးနံ့ အမွှေးပျံ့ဆုံး။ မွှေးတာဆိုလျှင် ငေးမောနေတတ်သူ။

“အထောက်ပံ့ခံ အမျိုးသားကျောင်း” ဟူသော စာတန်းကြီးမှာ အနီတွင် ရှာပန်းထည်ထဲမှ အဖြူရောင်စာလုံးများ တလွင့်လွင့်။ စာတမ်းကြီးကို ၇ တန်းကျောင်းသားကြီးထဲမှ ကိုယ်ထည်ကြံ့ခိုင်တောင့်တင်းသော၊ အရပ်အမောင်းအကောင်းဆုံး အလေးမသမား၊ ဘောသမားများက ကိုင်ဆောင်လာကြသည်။ ရှပ်လက်တိုအဖြူ၊ ဘောင်းဘီတို အဖြူ၊ ဖိနပ်ဖြူ ဝတ်ထားသော ကျောင်းသားများ၊ ဆယ့်သုံးလေးနှစ်ခန့်ရှိသော ကျောင်းသားကြီးများ။ ၆ တန်းတွင်ပင် ဗညားမော်ထက် အသက်ကြီးသူများ များနေသည်။

ဗညားမော်မှာ အသက် ၁၁နှစ်မို့ အငယ်ဆုံး။ သူသည် မီးခိုရောင်နုပေါ်မှ ရေညှိစိမ်း ကွမ်းရိုးစင်းထားသော ရှပ်အင်္ကျီ၊ မန္တလေးပိုးဖြူ တိုက်ပုံ၊ ပန်းရောင်ငွေချိတ်လုံချည် ဝတ်ထားသည်။ သူ့ထက် လေး ငါးနှစ်ခန့်ကြီးသော သူ့အစ်မဝမ်းကွဲ စိမ်းစိမ်းက ဆင်ပေးလိုက်သောအဆင်။ အမှန်က သူသည် တိုက်ပုံအင်္ကျီမဝတ်ချင်။ မလွတ်လပ်ဟု မဝတ်ချင်။ သို့သော် စိမ်းစိမ်းက အတင်းဝတ်ခိုင်းသည်။ တိုက်ပုံအင်္ကျီ ဆိုင်အပ်ပေးတာလည်း စိမ်းစိမ်းပင် မဟုတ်လား။

“ဟဲ့ အစ်မ ကောင်းတယ်ထင်လို့ ဝတ်ခိုင်းတာ၊ မောင်လေးက ဘာနားလည်လို့လဲ” ဟုပင် တိုက်ပုံဝတ်ပေးရင်း အစ်မစိမ်းစိမ်းက သူ့နဖူးကို ခေါက်ကာ ပြောလိုက်သေးသည်။ သူကမူ နှုတ်ခမ်းစူလျှက်။ ဝတ်နိုင်စားနိုင်သော ကျောင်းသားအချို့လည်း တိုက်ပုံအင်္ကျီဝတ်ထားကြသည်။ အများအားဖြင့် ပဒုမ္မာပိတ်ဖြူ တိုက်ပုံ ဝတ်ကြသည်။ စက်သူဌေးသား ဘစန်းက တာဖက်တာတိုက်ပုံအဝါနု ဝတ်ထားသည်။ တရုတ်ကုန်သည် ဦးအဝမ်၏သား စိန်ဝမ်ကလည်း သက္ကလပ် အင်္ကျီတိုက်ပုံ ဝတ်ထားသည်။ ဦးအဝမ်၏ ကုန်စုံရောင်းသော စတိုးဆိုင်ကြီးမှာ ဈေးနား၌ ဟည်းနေသည်။

“မှန်ထဲ သွားကြည့်စမ်း၊ ပိုးတိုက်ပုံနဲ့ မောင်လေး သိပ်လိုက်တာ” ဟု စိမ်းစိမ်းက သူ့ကိုကြည့်ရင်း ပြုံးနေခဲ့သည်။

“ဒီကနေ့ပွဲက ဘုရင်ခံ သွားကြိုရမယ့်ပွဲ မဟုတ်လား၊ ဝတ်ကောင်းစားလှ ဝတ်သွားရတယ်။ ဒို့မြန်မာအမျိုးသားထဲမှာ ပထမဆုံးဘုရင်ခံ မဟုတ်လား”

ဟိုတလောက လွန်ခဲ့သော သုံးလေးလခန့်ကပင် သူရိယသတင်းစာထဲ၌ ၁၉၃ဝ၊ သြဂုတ်လ ၁၅ ရက်က အင်္ဂလိပ်ဘုရင်ခံ ဆာချားအင်းနစ် ခွင့်ယူကာ အင်္ဂလန်သို့ ပြန်သွားသဖြင့် ပြည်ထဲရေးဝန်ကြီးချုပ် ဆာဂျေအေ မောင်ကြီးအား ခေတ္တဘုရင်ခံအဖြစ် ခန့်ထားသောသတင်းနှင့် ဘုရင်ခံအသစ်၏ဓာတ်ပုံကို တွေ့ခဲ့ရသေးသည်။ သူ့စိတ်ထဲ၌ မြန်မာဘုရင်ခံမှာ ချောမော ခံ့ညားနေပေသည်။ သူက မချောလျှင်မကြိုက်၊ မလှလျှင် မကြိုက်၊ အနက်ခံတွင် ကော်လံနှင့် ဘေးနားပတ်လည်တို့၌ ရွှေရောင်ပန်းများဖြင့် ကွပ်ထားသည်မှာ လှပနေသည်။ တင့်တယ် ခန်းနားနေသည်။

ကျောင်းမှနေ၍ မြူနီစပယ်ခမ်းမရှိရာသို့ ကျောင်းသားများ စီတန်းသွားကြသည်။ ပိုးလုံချည်ချင်းပွတ်သံ၊ အချင်းချင်း တိုးတိုးစကားသံများ သည် ရောပြွန်းကာ ခပ်သဲ့သဲ့ ညံနေသည်။ ဆရာဆရာမများက ကျောင်းသားတန်းကြီးဘေးမှ လိုက်ကာ သူတို့၏တပည့်များကို ကြည့်ရင်း ကျေနပ်နေကြဟန်ရှိသည်။

၇တန်းကျောင်းသားများကား အားလုံပင် အပေါ်ဖုံးတိုက်ပုံအင်္ကျီ ကိုယ်စီ ဝတ်ထားကြသည်။ ၆တန်း ကျောင်းသားထဲကလည်း အပေါ်ဖုံး ဝတ်ထားကြသည်။ ဗညားမော်မှာ သူနှင့်အဖော်များတွေ့သဖြင့် စိမ်းစိမ်းကို ငြူစူသောစိတ်များ လျော့ပါးသွားလေပြီ။ “တိုက်ပုံက မောင်လေးနဲ့သိပ်လိုက်တာ” ဟူသော စိမ်းစိမ်း၏အသံကိုပင် ကြားယောင်လာကာ သူ၏စိတ်သည် ကြည်စပြုလာပေပြီ။

ဆောင်းရက်၏နှင်းတို့သည် သူတို့၏ဇာဝတ်ရုံကို လွှမ်းဆင်ထားဆဲ။ သိပ်သည်းသော ကုက္ကိုပင်အရွက်များကြားမှ နေရောင်တန်း နီနီများသည် ဇာဝတ်စုံကို တအားထွင်းဖောက် ဖြတ်သန်းလာသည်။ စိန်ရောင်၊ ပတ္တမြားရောင်၊ မြရောင်များဖြင့် တဖိတ်ဖိတ်လက်နေသော ဇာရုံမှာ တလွင့်လွင့် ရွေ့လျားလှုပ်ရှားကာ ကျန်ရစ်တော့သည်။ ကျောင်းသားများသည် နေဝန်းနီနှင့် ဇာဝတ်ရုံတို့၏ တိုက်ပွဲကြောင့် လှုပ်ခါနေသော ကုက္ကိုပင်ရိပ်အောက်မှ ဖြတ်လျှောက်လာကြသည်။ နှင်းနံ့ သင်းထုံသော အေးမြတိုးညင်သောလေသည် သူတို့ကိုင်ဆောင်လာကြသော ယူနီယံဂျက် အင်္ဂလိပ်အလံများနှင့် ကစားမြူးတူးနေပေသည်။

“ဟေ့ ဗညားမော် မြန်မြန်လျှောက်လေ”

ဗညားမော်နောက်မှ ကပ်၍လိုက်ပါလာသော သူ့ထက် သုံးနှစ်လောက်ကြီးသော အောင်ဒင်ကအော်ပြောလိုက်သည်။ ဗညားမော်က နောက်သို့ ပင် လှည့်မကြည့်။ ခပ်ဖြည်းဖြည်းသာ သွားမြဲ။ သူ့နောက်အနားတွင် ရှိနေသော ဆရာမစန်းစန်းနုက ကြားသွားဟန်ဖြင့် “အောင်ဒင် ဘာပြော တာလဲ” ဟုလှမ်း၍ အောင်ဒင့်အား ပြောလိုက်သည်။

“သူက လမ်းလျှောက်တာ သိပ်နှေးတာဆရာမ”

“ဘယ့်နှယ်ပြောတာလဲ၊ သူက ခြေသိပ်မသန်လို့ပါကွယ်”

ဗညားမော်နှင့် ကပ်လျက် လိုက်ပါလာသော အတန်းထဲတွင် စားပွဲချင်းကပ်လျက်ထိုင်သော ဗလက “ဖြည်းဖြည်းသာလျှောက်၊ ခြေနာရင် ပြော၊ မင်းကို ငါတွဲလျှောက်ပေးမယ်” ဟု ဗညားမော်ကို နားနားကပ်၍ ပြောသည်။

ဗညားမော်ကား ခေါင်းကိုမော့ကာ တစုံတရာ၍ စိတ်ဝင်စားနေသလို၊ ဘေးမှ ပြောဆိုနေကြသောအသံဗလံများကို မကြားသလို၊ သူ့ဝသီ အတိုင်း ဖြည်းဖြည်းပင် လမ်းလျှောက်လျက်ရှိနေသည်။ အခြားကျောင်းသားများမှာ ဝတ်ကောင်းစားလှဝတ်ဆင်ရသဖြင့် ကျောင်းမတက် ရသဖြင့် ပျော်မြူးနေကြသည်။ ဗညားမော်မှာမူကား နံနက်ခင်း၏အလှအပ၌ နစ်မွန်းနေသည်။

မျက်လုံးက ရှေ့သို့မူထားသော်လည်း မြင်ပုံမရ။ နားက စွင့်ထားသော်လည်း ပတ်ဝန်းကျင်မှ ထွက်ပေါ်နေသောအသံများကို ကြားရုံ မရ။ ယင်းသို့ ငေးတေးတေးနေသော အမူအရာကို အတန်းပြဆရာမ စန်းစန်းနုက နားလည်သည်။ ကစားဆင်းချိန်တွင် အခြားကျောင်းသားများလို မကစားဘဲ အတန်းထဲတွင်နေကာ စာဖတ်ချင်ဖတ်၊ ရောင်စုံခဲတံ ဖရောင်းတောင့်များဖြင့် ပန်းချီဆွဲလျှင် ဆွဲ သို့မဟုတ် ငေးမိငေးရာ ငေးနေတတ်သော သူ၏သဘာဝကို သတိထားမိတာ၊ နောက် ခြေကောင်းကောင်းမသန်သော အဖြစ်ကို သိသွားသည်။

ဗလကား သူနှင့်တတွဲတွဲနေသူမို့ သူ့အားနည်းချက်ကိုသိသည်။ သူ့ကိုညှာသည်။ အမှန်အားဖြင့် ဗလမှာသူ့ထက်တစ်နှစ်ကျော်ကြီးသေး သည်။ ဗလမှာ သင်္ချာညံ့သည်။ ဗညားမော်က ဗလကိုသင်္ချာပြပေးတတ်သည်။ ဗလဟုနာမည်မှည့်ထားသော်လည်း လူဟန်ကမူခပ်ပျော့ ပျော့၊ အသားလတ်လတ်၊ လမ်းလျှောက်လျှင် ခပ်နွဲ့နွဲ့လျှောက်သေးသည်။ လုံချည်စကိုဆွဲကာ လမ်းလျှောက်တတ်သေးသည်။ ဗညား မော်ကသူ့ကို မင်းသားဟန်ဖြင့် လမ်းလျှောက်သည်ဟုပြောတတ်သည်။ ဗညားမော်မှာ စကားနည်းသူဖြစ်သော်လည်း ဗလနဲ့မှပြောသည်။ ဗလက သူ့ကိုနားလည်သည်ဟု သိ၍ သူနှင့်ပြောခြင်းဖြစ်လေသည်။

ကျောင်းသားများသည် လမ်းတကွေ့ကို ချိုးလိုက်ကြသည်။ သည်တော့မှ ဗညားမော်သည် ဘေးသို့ လှည့်ကြည့်လိုက်လေသည်။ သူ၏စိတ် အာရုံသည် ကိုယ်တွင်းရှိ အလှကမ္ဘာမှ ပြင်ပကမ္ဘာသို့ ဝင်ရောက်လာတော့သည်။ လူသူအားလုံးကို မြင်လာတော့သည်။ ပြောသံဆိုသံများကို ကြားလာတော့သည်။ စီတန်းလာကြသော ကျောင်းသားအုပ်ကြီးသည် နေရောင်၌ ကျောက်မျက်ရတနာများ ကြဲပေးသည်။ လေတိုက်သဖြင့် ကုက္ကိုပင်အကိုင်းများ ဝှေ့ယမ်း ယိမ်းထိုးတိုင်း၊ မြေပြင်ပေါ်ရှိ သစ်ရိပ်ပြောက်များသည် ရုန်းရင်းဆန်ခတ်ဖြစ်ကာ ယိမ်းထိုးနေကြပေသည်။

ဗညားမော်သည် လမ်းထောင့်ရှိ မြူနီစပယ်ရုံးအဆောက်အဦးကို လှမ်းမြင်လေသည်။ မြူနီစပယ်ရုံးမှာ မြို့ရှိ ခေတ်အဆန်ဆုံး၊ ဥရောပအ ဆန်ဆုံး အဆောက်အဦး ဖြစ်သည်။ အင်္ဂလိပ်အစိုးရက ဝိတိုရိယဟန်နှင့် မြန်မာဟန် ရောစပ်ဆောက်ပေးထားသောပုံဖြစ်သည်။ အမိုးမှာ ပြသာဒ်ဟန်ထုထားပြီး မျက်နှာစာမှာ ဝိတိုရိယပုံ ဖြစ်သည်။ အုတ်ကျွန်မိုးအနီတွင် ပန်းဆွဲအဖြူများ ကွပ်ထားသည်။ နံရံများမှာ အုတ်ရောင်အနီပင်ထား၍ ရေညှိတက်လျက်၊ အားလုံး မှန်တံခါးများချည်း။

ပြတင်းပေါက်အပေါ်၌ မှန်ရောင်စုံအဝိုက်ကြီးများဖြင့် မှန်တံခါးတိုင်း၌ လိမ်မော်ရောင် ဇာခန်းဆီးများ တလွင့်လွင့်။ ခေါင်းမိုးပေါ်၌လည်း ယူနီယံဂျက် အလံကလေးများကို ကြိုးဖြင့်သီကာ ဆင်ယင်ထားကြသည်။ မြူနီစပယ် တဝင်းလုံးပင် ယူနီယံဂျက်အလံများဖြင့် ပြန့်ကြဲထူထပ်နေတော့သည်။ ငှက်အဖြူ၊ အပြာ၊ အနီကလေးများ တဝင်းလုံး ဝဲပျံလျက်။ ကျောင်းသားတန်းကြီးသည် မြူနီစပယ်ဝင်းရှေ့၌ ရပ်လိုက်ကြသည်။

အခန်း(၂)ဆက်ရန်

ဒဂုန်တာရာ

Likes:
0 0
Views:
281
Article Categories:
Books

Leave a Reply

Your email address will not be published. Required fields are marked *