နာမည်ကြီး ရန်ကုန်အင်းစိန် အကျဉ်းထောင်သမိုင်း

၁၈၅၂ခုနှစ်ကနေ ၁၈၅၃ခုနှစ်အတွင်းပုဂံမင်းလက်ထက် မှာ အင်္ဂလိပ်_မြန်မာဒုတိယစစ်ပွဲဖြစ်ပွားပြီးရန်ကုန်အပါဝင် မြန်မာပြည်အလယ်ပိုင်းဟာ ဗြိတိန်လက်အောက် ကျရောက်သွားခဲ့တယ်။ အင်္ဂလိပ်မြန်မာပြည်အောက်ပိုင်းနဲ့အလယ်ပိုင်းကိုသိမ်းပိုက်ထားတဲ့အတွက် မခံနိုင်လို့ထချသူတွေ၊ တော်လှန်သူတွေ စတဲ့သူတွေရဲ တိုက်ခိုက်တဲ့တိုက်ပွဲငယ်တွေနဲ့မကြာခဏရင်ဆိုင်ရတယ်။

ဒီအခါမှာ အင်္ဂလိပ်ဟာ အုပ်ချုပ်ရေးငြိမ်ဝပ်ပိပြားဖို့အတွက် အကျဉ်းထောင်စနစ်ကို စတင်ပါတော့တယ်။အဲ့ဒီကတစ်ဆင့် အုပ်ချုပ်ရေးစနစ်ခိုင်မာတောင့်တင်းအောင် အခြေချဖို့ ဂတ်တွေ၊ရုံးတွေ၊ထောင်တွေကိုစတင်တည်ထောင်ပါတယ်။

၁၈၆၄ခုနှစ်မှာ အကျဉ်းထောင်ဌာနကို စတင်ဖွင့်လှစ်ခဲ့ပြီး ဆေးမင်းကြီးလက်အောက်မှာ ထားရှိအုပ်ချုပ်စေတဲ့အပြင် မြို ရွှာသန့်ရှင်းရေးနဲ့ ကျောက်ဆေးထိုးဌာနတွေကိုလည်း တစ်ချိန်တည်းကြီးကြပ်စေခဲ့တယ်။၁၈၇၂ခုနှစ်မှာ ယခင်ဆေးမင်းကြီးအုပ်ချုပ်နေရာကမှ အကျဉ်းထောင်ဌာနကို ထောင်မင်းကြီးသီးသန့်ခန့်ထားပြီး အုပ်ချုပ်စေခဲ့တယ်။အဲ့ဒီလိုနဲ့ မြန်မာပြည်မှာခေတ်မီအကျဉ်းထောင်စနစ်မရှိခဲ့ရာကနေ ၁၈၆၁ခုနှစ်မှာတော့ ရန်ကုန်ထောင်ကို တည်ဆောက်ခဲ့ပြီးတဲ့နောက် မြန်မာမှာသာမက အရှေ့တောင်အာရှမှာပါအကြီးဆုံးဖြစ်တဲ့ အင်းစိန်ထောင်ကြီးကို သီပေါမင်းပါတော်မူကြီး၄နှစ်အကြာ ၁၈၈၉ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ပါတော့တယ်။

အကျဉ်းထောင်မတည်ဆောက်မီ အင်းစိန်မြို့နေရာဟာ ရွှာငယ်သာသာမျှသာရှိပါသေးတယ်။အင်းစိန်မြို့ကို စတင်တည်ဆောက်ခဲ့တဲ့နေရာဟာ ယခု ရွာမရွာကြီးဖြစ်ပါတယ်။ ရွာမရွာကြီးတစ်ဝိုက်သစ်တောကြီးတွေဖုံးလွှမ်းနေပြီးမင်္ဂလာဒုံတောနဲ့ဆက်စပ်နေပါတယ်။ယခုလက်ရှိမင်္ဂလာဒုံကို အထက်မင်္ဂလာဒုံဆိုပြီးတစ်မျိုး၊ယခု အင်းစိန်မြို့နေရာကို အောက်မင်္ဂလာဒုံဟူ၍ တစ်နည်း ခေါ်ဝေါ်ကြတယ်။ အင်းစိန်အကျဉ်းထောင်ကို ၁၈၈၉ခုနှစ်မှာစတင်တည်ဆောက်ခဲ့ပြီး၁၈၉၂ခုနှစ် ဇူလိုင်လမှာ စတင်ဖွင့်လှစ်ခဲ့ကြောင်းသိရှိရတယ်။

အကျဉ်းထောင်မတည်ဆောက်ခင် ယခုအင်းစိန်ထောင်ဝင်းကြီး တည်ရှိရာမြေနေရာမှာ သရက်ခြံ၊ကနစိုခြံ၊ပိန္နဲခြံကြီးတွေအုပ်ဆိုင်းနေပြီး ဗြိတိသျှအစိုးရ က မြေတွေကိုလျှော်ကြေးပေးပြီးသိမ်းကာ အကျဉ်းထောင်ဧရိယာကိုသတ်မှတ်ခဲ့တယ်။အင်းစိန်ထောင်ကိုအုတ်ရိုး၂ထပ်တည်ဆောက်ပြီးတဲ့နောက် ထောင်အတွင်းမြေညှိပြီး အိပ်ဆောင်တွေဆောက်လုပ်ဖို့ပြင်ဆင်ခဲ့တယ်။ အဲဒီအချိန် ရန်ကုန်ထောင်ကို အသုံးပြု နေပြီး ဖြစ်တဲ့အတွက် ရန်ကုန်ထောင်က၆လအောက်အပြစ်ကျတဲ့ အကျဉ်းသားတွေကိုခေါ်ယူပြီးအင်းစိန်ထောင်တည်ဆောက်ရေးမှာ ခိုင်းစေခဲ့တယ်။

အလုပ်သမားအကျဉ်းသား၄၀၀ခန့်ရှိတယ်လို့သိရတယ်။အဲ့ဒီအချိန်ကအုတ်ရိုးကြီး၂ထပ်အတွင်း မှာ အဆောက်အဦိးတွေမပြီးစီးသေး တဲ့အတွက် အလုပ်သမားတွေဟာ ဒီအတိုင်းနေထိုင်ပြီးအိပ်ကြရတယ်။ အိပ်ဆောင်၆လုံးတည်ဆောက်ရာမှာ အကျဉ်းသားတွေအပြင် ပြင်ပကအင်ဂျင်နီယာနဲ့ဗိသုကာပညာရှင်တွေဦးစီးပြီး ဆောက်လုပ်ခဲ့ကြတာဖြစ်တယ်။ ထောင်ရဲ့လုံခြု ံရေးနဲ့ အကျဉ်းသားလုံခြုံ ရေးအတွက်အင်းစိန်ထောင်အရှေ့ဘက်နေရာကို အဆောက်အဦး တန်းလျားတွေဆောက်ပြီး ပုလိပ်တွေကိုထားပြီးစောင့်ကြပ်စေခဲ့တယ်။

အဲ့ဒီအချိန်က တွဲဘက်ထောင်ခေါ် ယခုသီးသန့်ထောင် မဆောက်ရသေးဘဲ အဲ့ဒီနေရာမှာအလုပ်သမားအကျဉ်းသားတွေနဲ့ပုလိပ်တွေအတွက် သီးနှံစိုက်ပျိုးတဲ့တောင်ယာခင်းဖြစ်တယ်။ထောင်အုတ်ရိုး၂ထပ်နဲ့အိပ်ဆောင်တွေကိုဆောက်လုပ်တာဟာ ၄နှစ်နီးပါးကြာတယ်။ အုတ်ရိုးကြီးတည်ဆောက်ပြီးတဲ့အခါ အုတ်ရိုးနံရံကြီးကို မြေနီရောင်ဆေးသုတ်ခဲ့တယ်။

အင်းစိန်ဗဟိုအကျဉ်းထောင်ကြီးဟာ အင်းစိန် လှိုင်းမြစ်သွား ကမ်းနားလမ်းပေါ်မှာတည်ရှိပါတယ်။ထောင်ဝင်းတစ်ခုလုံး စုစုပေါင်းအကျယ်အဝန်းမြေဧရိယာဟာ ၁၆၅.၇၆၈ဧကရှိပါတယ်။ အဲ့ဒီအကျယ်အဝန်းမှာ တွဲဘက်ဧရိယာအကျယ်အဝန်းဟာ ၁၄.၇၂၉ဧကရှိပြီး အမှု့ထမ်းနေအိမ်တွေ၊စိုက်ပျိုးခင်းမြေဧရိယာ ၄၆.၂၉၃ စတဲ့ ဒါတွေအားလုံးကိုနုတ်လိုက်ပါက အင်းစိန်ထောင်ရဲ့မြေဧရိယာထောင်သီးသန့်အကျယ်ဟာ ၁၀၄.၇၄၆ဧက ရှိပါတယ်။အင်းစိန်ထောင်တည်ရှိပုံဟာ အင်းစိန်လှိုင်မြစ်ကမ်း နားလမ်းကိုမျက်နှာပြု တည်ဆောက်ထားပြီး လမ်းဘေးကထောင်ခြံစည်းရိုးက ကပ်လျက်ရှိပြီးလမ်းမကနေ အတွင်းထောင်ဘူး၀ မျက်နှာစာအထိ ပေပေါင်း၁၁၆၀ပေကွာဝေးပါတယ်။

ဗြိတိသျှအစိုးရဟာ အင်းစိန်ထောင်တည်ဆောက်တဲ့အချိန်မှာ မြန်မာပြည်တစ်ပြည်လုံးရဲ့အခြားသောမြို့တွေမှာပါအကျဉ်းထောင်အချို့ကိုတည်ဆောက်ထားပြီးဖြစ်နေတာကြောင့် အင်းစိန်ထောင်ကိုသူတို့စိတ်တိုင်းကျ စနစ်တကျပုံစံရေးဆွဲပြီး တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ အင်းစိန်ထောင်ကိုအပေါ်ကနေ စီးပြီးကြည့်ရင်ရှေးဟောင်းတိုင်ကပ်နာရီပုံသဏ္ဍာန် ရှိတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။အုတ်ရိုး၂ထပ်ရှိပြီးအပြင်အုတ်ရိုးက ၁၈ပေမြင့်တယ်။

အတွင်းအုတ်ရိုးက၇ပေမြင့်တယ်။အတွင်းအုတ်ရိုးနဲ့အပြင်အုတ်ရိုးကြား ပေ၁၉၀ကွာထားတယ်။နာရီအထိုင်အကွက်ထဲမှာ ထောင့်၁၆ထောင့်ရှိပါတယ်။နာရီဒိုင်ကွက်ပုံစံထဲမှာ အကျဉ်းသားအိပ်ဆောင် အဆောက်အဦးတွေကို အကွက်ချပြီး ၂ထပ်ပုံစံစနစ်တကျ တည်ဆောက်ထားတယ်။အိပ်ဆောင်တွေရဲ့အလယ် ကွက်လပ် ဗဟိုမှာ ၆၃ပေမြင့်တဲ့ ဗဟိုမျှော်စဉ်တစ်ခုရှိပြီး အဲ့ဒီမျှော်စဉ်ကိုပတ်ပြီး စားဖိုဆောင်ကြီးကို ဆောက်လုပ်ထားတယ်။

အဲဒီမျှော်စဉ်ကို ဗဟိုပြု ပြီး၂ထပ်အိပ်ဆောင်များကို နာရီလက်တံ သဖွယ် ပတ်ဝိုင်းပြီးဆောက်လုပ်ထားတယ်။ရည်ရွယ်ချက်က အကျဉ်းသား၊အချုပ်သားတွေထမင်းစားသောက်ချိန်မှာ အိပ်ဆောင်တွေကနေ တစ်ဆောင်ချင်းတန်းစီထွက်ပြီး ဖိုဝိုင်းကြီးမှာ ထမင်းပုံစံတွေကို အလွယ်တကူယူနိုင်ကြစေဖို့ အတွက်ပဲဖြစ်ပါတယ်။နောက်ရည်ရွယ်ချက်က အိပ်ဆောင်တွေပေါ်မှာ ရန်ဖြစ်ခြင်း၊အုတ်ရိုးကျော်၍ထွက်ပြေးခြင်း စတဲ့လုံခြုံ ရေးဆိုင်ရာကိစ္စတွေကိုလည်းမျှော်စဉ်ပေါ်က တာဝန်ကျအစောင့်က အားလုံးကိုမြင်နိုင်စေဖို့ဖြစ်ပါတယ်။

ထောင်အရှေ့ဘူးဝတံခါးကြီးကနေ ဖိုကြီးဗဟိုမျှော်စဉ်အထိတစ်ဖြောင့်တည်းလမ်းဖောက်ထားပြီးအဲ့ဒီမျှော်စဉ်ကြီးကိုပတ်ပြီးထောင်အနောက်ဘက်တံခါးအထိ လမ်းကို တောင်မြောက်တစ်တန်းတည်းဖောက်ထားတယ်။လမ်းမကြီးရဲ့တစ်ဖက်တစ်ချက်မှာလည်း၉ပေမြင့်တဲ့အုတ်တံတိုင်းကာရံထားပြီးအုတ်တံတိုင်းအရှေ့ဘက်တစ်လျှောက်မှာ အဆောက်အဦး၄ခုရှိပြီးတစ်ခုနဲ့တစ်ခုကြား ၇ပေအုတ်နံရံတွေကန့်ပြီးကာရံထားတယ်။ အင်းစိန်ထောင်တည်ဆောက်ချိန်မှာ အစိုးရဟာ သူတို့သိမ်းပိုက်ထားတဲ့ မြန်မာပြည်အောက်ပိုင်းနဲ့ အလယ်ပိုင်းဆိပ်ကမ်းမြို့တွေဖြစ်တဲ့ စစ်တွေ၊မော်လမြိုင် ၊မြိတ်၊ပုသိမ်နဲ့ရန်ကုန်စတဲ့ မြို့တွေမှာထောင်တွေကိုတည်ဆောက်ခဲ့ပြီး ဖြစ်ရာ ရန်ကုန်မြို့နဲ့ ၁၂မိုင်ကွာဝေးတဲ့အင်းစိန်မြို့မှာ ထောင်ကြီးတစ်ခုဖွင့်လှစ်ပြီး အကျင့်စာရိတ္တပြု ပြင်ရေး Reformation အတွက်ပါတည်ဆောက်ခဲ့တယ်လို့ ယူဆရတယ်။

ဒါကြောင့်အင်းစိန်ထောင်ကြီးကို ၁၈၉၂ခုနှစ် ဇူလိုင်လမှာ စတင်ဖွင့်လှစ်အသုံးပြု ခဲ့ပါတယ်။ ရာဇဝတ်မှု့တစ်ကြိမ်တစ်ခါသာကျူ းလွန်တဲ့ အကျဉ်းသား(Causal Prisoner) ၊ရာဇဝတ်မှု့ကိုတစ်ကြိမ်ထက်ပိုပြီးကျူ းလွန်တဲ့အကျဉ်းသား(Habitual Prisoner) နဲ့ တရားမအကျဉ်းသား(Civial prisoner) တို့ကိုထားရှိစေခဲ့တယ်။ အင်းစိန်ထောင်စတင်ဖွင့်လှစ်ချိန်မှာ အကျဉ်းဌာနမင်းကြီးအဖြစ် ပထမဆုံးဆောင်ရွက်ခဲ့သူဟာ Surgeon. Licut Colonel Davicisno ဖြစ်ပါတယ်။၁၉၄၂အင်္ဂလိပ်တပ်တွေမြန်မာပြည်ကဆုတ်ခွာပြီးဂျပန်တွေအုတ်ချုပ်တဲ့ခေတ်မှာ အင်းစိန်အကျဉ်းထောင်အပါဝင်မြန်မာနိုင်ငံက အကျဉ်းထောင်တွေကို ဂျပန်တွေကလက်နက်တိုက်အဖြစ်အသုံးပြု ခဲ့တယ်။

ဂျပန်တွေထွက်ပြီးအင်္ဂလိပ်ပြန်အဝင် ၁၉၄၆ခုနှစ်မှာတော့ အင်းစိန်ဗဟိုအကျဉ်းထောင်ကိုပြန်လည်ဖွင့်လှစ်အသုံးပြု ပြန်တယ်။ ၁၉၄၈မြန်မာပြည်လွတ်လပ်ရေးရပြီး ပါလီမာန်ဒီမိုကရေစီ အုပ်ချုပ်ရေးခေတ်ဦးမှာ ကေအင်ဒီအိုတွေ အင်းစိန်ဗဟိုအကျဉ်းထောင်ကို အင်းစိန်တိုက်ပွဲမှာ သိမ်းပိုက်ပြီ းအကျဉ်းသားအားလုံးကို လွှတ်ပေးလိုက်ကာ အင်းစိန်ထောင်ကိုခံတပ်သဖွယ်အသုံးပြု ခဲ့ပြန်တယ်။ နောက်ပိုင်းရန်ကုန်ထောင်မှာအချုပ်သားနဲ့ပြစ်ဒဏ်၆လအောက် အကျဉ်းသားတွေကိုသာထားပြီး နှစ်ကြီးအကျဉ်းသားအားလုံးကို အင်းစိန်ထောင်သို့ပေးပို့ကာ ထိန်းသိမ်းစေခဲ့တယ်။

အင်းစိန်ထောင်ဟာ အကျဉ်းဦးစီးဌာနလက်အောက်မှာရှိတဲ့ အကျဉ်းထောင်တွေထဲက မြန်မာနိုင်ငံမှာ အကြီးဆုံးဗဟိုအကျဉ်းထောင်ဖြစ်ပါတယ်။ အင်္ဂလိပ်ဖွဲ့စည်းပုံနဲ့ အင်္ဂလိပ်ထောင်လက်စွဲစာအုပ်အရ အကျဉ်းသားအင်အား အယောက် ၅၀၀၀ကိုသာ လက်ခံထိန်းသိမ်းဖို့သတ်မှတ်ထားသော်လည်း မဆလခေတ်နဲ့ စစ်တပ်မင်းဆက်ခေတ်တွေမှာ အဖမ်းအဆီးရက်စက်ခဲ့တဲ့အတွက် လက်ရှိအခြေနေအရ အကျဉ်းသား၁သောင်းခွဲနီးပါး ထိန်းသိမ်းထားတဲ့အကျဉ်းထောင်ဖြစ်ပါတယ်။

၁၉၆၂ ဦးနေဝင်းအာဏာသိမ်းပြီးတဲ့နောက် အရေးခင်းဆန္ဒပြမှု့တွေမှာပါဝင်တဲ့ကျောင်းသားကျောင်းသူတွေနဲ့ နိုင်ငံရေးသမားတွေရဲ့စံမြန်းရာ အင်းစိန်တောရဖြစ်လာခဲ့ပါတော့တယ်။ ဘာပြစ်မှု့မှာမကျူ းလွန်တဲ့အပြင် ကျောင်းသားကျောင်းသူတွေဟာ အင်းစိန်တောရ (ကျောင်းသားများပေးထားသောအမည်)မှာ အင်္ဂလိပ်အရှင်သခင် ၊မြန်မာတွေပြောပြောနေတဲ့ မဟာဂုတ်သွေးစုပ်သူ၊ သွေးခွဲသမား၊ပြည်ပရန် စတဲ့ဝေါဟာရတွေရဲ့ပိုင်ရှင် အင်္ဂလိပ်တွေကတောင် မလုပ်ခဲ့တဲ့ အင်မတန်ရက်စက်တဲ့ နှစ်ရှည်ထောင်ဒဏ် နှစ်၃၀၊ နှစ်၅၀ဆိုတာတွေ၊ အင်မတန်ကြမ်းတမ်းပြီးတိရိစ္ဆာန်တောင်မစားတဲ့အစားစာတွေကိုကျွေးပြီး နိုင်ငံရေးသမား ကျောင်းသူကျောင်းသားတွေကို နှိပ်စက်ခဲ့တယ်။

အင်္ဂလိပ်ခေတ်မှာ မကြားဖူးသမျှသော အကြောင်းအရာနဲ့ရက်စက်မှု့အပေါင်းသရဖူဆောင်းစေခဲ့တဲ့အဖြစ်ပျက်အားလုံးဟာ အမျိုးသားဖက်ဆစ်တွေရဲ့လက်ထက်မှာသာဖြစ်ခဲ့ရတာပဲဖြစ်ပါတော့တယ်။

မြန်မာနိုင်ငံအကျဉ်းထောင်သမိုင်းစာအုပ်မှ ကောက်နုတ်ဖော်ပြသည်။

credit : thutazone

Likes:
0 0
Views:
523
Article Categories:
History

Leave a Reply

Your email address will not be published. Required fields are marked *